ဒီနေ့တော့ Panchagni Vidya လို့ခေါ်တဲ့ ဟိန္ဒူနည်းလမ်းလေးတစ်ခုကို မျှဝေပေးလိုက်ပါတယ်။ ဒါဟာ ဘာသာရေးတစ်ခုမဟုတ်ပါဘူး။ ဂမ္ဘီရပညာပါ။ ဒါကြောင့် ယုံကြည်ရင် ဘယ်လူမျိုးဖြစ်ဖြစ် လုပ်ဆောင်နိုင်ပါတယ်။ အထူးသဖြင့်...


✅ ကျန်းမာရေးညံ့လွန်းသူတွေ

✅ ဘေးအန္တရာယ်ကင်းလိုသူတွေ

✅ အညံ့အခိုက်ဓာတ်များလွန်းသူတွေ

✅ ပယောဂအတိုက် ကင်းပလိုသူတွေ

✅ အိမ်တွင်းမင်္ဂလာဓာတ်တိုးတက်လိုသူတွေ ပြုလုပ်ထားနိုင်ပါတယ်။


✅ Panchagni Vidya ဆိုတာဘာလဲ?

==============================

Pancha (ပဉ္စ) = ငါးခု၊ ငါးပါး

Agni (အဂ္ဂနိ) = မီး

Vidya (ဝိဇ္ဇာ) = သိခြင်း


ဒီတော့ Panchagni Vidya (ပဉ္စဂ္ဂနိ ဝိဇ္ဇာ) ဆိုတာ "ငါးပါးသောမီးကို သိခြင်း" လို့ ဘာသာပြန်နိုင်ပါတယ်။ ဒါကဟိန္ဒူကျမ်းစာတွေဖြစ်တဲ့ Chandogya Upanishad နဲ့ Brihadaranyaka Upanishad တွေမှာ ဖော်ပြထားတဲ့ ဝိညာဉ်ရဲ့ သံသရာလည်ပုံနဲ့ ပြန်လည်မွေးဖွားခြင်းဆိုင်ရာ သဘာဝတ္ထအသိ (Esoteric Knowledge) ဖြစ်ပါတယ်။ သံသရာထဲမှာ ဝိညာဉ်တစ်ဦး ပြန်လည်ဝင်စားဖို့ ဖြတ်သန်းရတဲ့ မီး/လောင်စာဓာတ် ၅ ဆင့်ကို တင်စားထားတာ ဖြစ်ပါတယ်။


မီးအဆင့် ငါးဆင့်ကို နမူနာပုံမှာလေ့လာပါ။ 

ပုံအရ နည်းနည်းထပ်ချဲ့ပြီးရှင်းပြရရင် ...


✅ Dyuloka 

ဒီတြိဂံကို "ကောင်းကင်ဘုံ"၊ ဒါမှမဟုတ် "စကြဝဠာ" လို့ အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါတယ်။ တချို့ကလည်း ဒေဝလောက၊ ဗြဟ္မာလောကလို့လည်း ဆိုကြပါသေးတယ်။ စိတ်ဝိညာဥ်ဟာ ကောင်းကင်ဘုံမှာသုခ ခံစားပြီးတဲ့နောက် ဒုတိယမီးအဆင့်ကို ဆင်းသက်နိုင်ဖို့ ပြင်ဆင်တဲ့ အဆင့်ဖြစ်ပါတယ်။


✅ Parjanya 

ဒီတြိဂံကို "မိုးတိမ်"၊ "မိုးရေစက်" လို့ အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါတယ်။ ဒုတိယမြောက်မီးပါ။ စိတ်ဝိညာဉ်ဟာ မိုးတိမ်တွေထဲရောက်ရှိပြီး မိုးရေစက်တွေအဖြစ် ကမ္ဘာမြေပေါ်ကို ကျဆင်းကျဆင်းလာတဲ့သဘောပါ။


ဒီအပေါ်ကို ဦးတည်နေတဲ့ တြိဂံနှစ်ခုဟာ မြင့်မြတ်တဲ့အဆင့်၊ စကြဝဠာနဲ့ သဘာဝတရားရဲ့ အလင်းစွမ်းအင်တွေကို ကိုယ်စားပြုပါတယ်။


✅ Prithvi

ဒီတြိဂံကို "ကမ္ဘာမြေကြီး"၊ ဒါမှမဟုတ် "မြေပြင်" လို့ အဓိပ္ပါယ်ဖွင့်နိုင်ပါတယ်။ တတိယမြောက်မီးပါ။ မိုးရေကို မြေကြီးက စုပ်ယူပြီး သီးနှံ၊ စပါးနဲ့ အစားအစာတွေအဖြစ် ပြောင်းလဲဖြစ်ထွန်းစေတာကို ဆိုလိုပါတယ်။


✅ Purusha

ဒီတြိဂံကို "အမျိုးသား"၊ "ဖန်တီးမှုစွမ်းအင်" လို့ အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါတယ်။ စတုတ္ထမြောက်မီးပါ။ အစားအစာကို လူသား (ဖခင်) က စားသုံးရာကနေ တစ်ဆင့် မျိုးစေ့ (သုက်ပိုး) စွမ်းအင်အဖြစ် ပြောင်းလဲသွားတာမျိုးပါ။


ဒီအောက်ကို ဦးတည်နေတဲ့ တြိဂံနှစ်ခုဟာ လူသားလောက၊ မြေပြင်နဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်တွေကို ကိုယ်စားပြုပါတယ်။


✅ Stri

ဒါကတော့ တြိဂံနှစ်ခုထပ်ပြီးမှ ရလာတဲ့ ခြောက်ထောင့်ကြယ်ပေါင်းစပ်မှုဖြစ်ပါတယ်။ Yoshit လို့လည်းခေါ်ပါတယ်။ "အမျိုးသမီး"၊ "သန္ဓေတည်မွေးဖွားခြင်း" လို့ အနက်ဖွင့်နိုင်ပါတယ်။ ပဉ္စမမြောက်မီးပါ။ မျိုးစေ့ဟာ မိခင်ရဲ့ ဝမ်းကြာတိုက် (သားအိမ်) ထဲကို ရောက်ရှိသွားပြီး သန္ဓေသားအဖြစ် စတင်အသက်ဝင်လာတဲ့သဘောပါ။ 


ဒီခြောက်ထောင့်ကြယ်က စကြာဝဠာစွမ်းအင် အားလုံး ဆုံစည်းရာ၊ အသက်ဇီဝ ဖြစ်တည်ရာနေရာ ဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။


အကျဥ်းအားဖြင့်ပြောရရင်တော့ ... ဒီမီးငါးပါးဟာ ...

လူသားတွေရဲ့ မွေးဖွားခြင်း၊ သေဆုံးခြင်းနဲ့ ကံတရား (Karma) ရဲ့ အဆက်မပြတ် သံသရာလည်နေပုံကို ပြန်လည်မွေးဖွားခြင်းဖြစ်စဉ် (Reincarnation Process) အနေနဲ့ ရှင်းပြထားတဲ့အယူအဆတစ်ခုဖြစ်ပါတယ်။


ကောင်းကင်ဘုံ (Dyuloka) ဟာ စကြဝဠာရဲ့ ပထမဆုံး မီးဖြစ်ပြီး စွမ်းအင်တွေ စတင်ဖြစ်ပေါ်ပါတယ်။ အဲ့ဒီစွမ်းအင်တွေဟာ ဒုတိယမီးဖြစ်တဲ့ မိုးတိမ် (Parjanya) အဆင့်ရောက်လာတဲ့အခါ မိုးရေ၊ မိုးစက်အဖြစ် ပြောင်းလဲကျဆင်းလာပါတယ်။ ဘယ်ကို ကျဆင်းလာသလဲဆိုတော့ တတိယမီးဖြစ်တဲ့ ကမ္ဘာမြေ (Prithvi) ဆီကိုပါ။ ဒီအခါ မိုးရေကြောင့် မြေပေါ်မှာ အစားအစာတွေ ဖြစ်ပေါ်လာပါတယ်။ ဒါကို စတုတ္ထမီးဖြစ်တဲ့ အမျိုးသား (Purusha) က စားသုံးပြီး လူသားရဲ့ သုတ်ပိုး (Semen) အဖြစ် ပြောင်းလဲသွားပါတယ်။ နောက်ဆုံးမှာ ပဉ္စမမီးဖြစ်တဲ့ အမျိုးသမီး (Yoshit) နဲ့ စွမ်းအင်တွေ ပေါင်းစပ်ပြီး သန္ဓေတည်ကာ ကလေး (ဘဝသစ်တခု) အဖြစ် မွေးဖွားလာစေပါတယ်။


ဒီမီးငါးပါးကို ကျင့်စဥ်တွေအဖြစ် ကျင့်ကြံတာမျိုးတွေလည်း ရှိတတ်ကြပေမယ့် အခုက အဲ့ဒါတွေရေးပြနေဖို့မဟုတ်ပါဘူး။ အဲ့ဒီ မီးငါးပါးကို အသုံးချပြီး ကိုယ့်အိမ်နေရာ သန့်ရှင်းသွားအောင်။ အညံ့ဓာတ်တွေ ကင်းစင်ပပျောက်သွားအောင် လွယ်လင့်တကူ ဘယ်လိုစီရင်နိုင်မလဲဆိုတဲ့ လက်တွေ့ အသုံးချနည်းကို လမ်းပြချင်တာပါ။ 


ဒီနည်းကို ဘယ်နေ့၊ ဘယ်အချိန်တွေစတင်ရမယ်ဆိုတဲ့ သီးခြား ဥပဒေသတော့ မရှိပါဘူး။ ဒါပေမယ့် ကိုယ်တကယ်အားတဲ့အချိန်၊ အချိန်ပေးနိုင်တဲ့အချိန်မှာပြုလုပ်နိုင်ပါတယ်။ လုပ်ဆောင်နည်းသဘာဝတွေကို မြန်မာမှုသိပ်မပြုတော့ပဲ မူရင်းနည်းလမ်းအတိုင်းသာ လမ်းညွှန်ပေးပါမယ်။ 


✅ လိုအပ်တဲ့ပစ္စည်း

==================

♦ ဂျုံမှုန့်၊ ဆန်မှုန့်၊ သဲမှုန့် စတဲ့ အရာတစ်ခုခု

♦ ကြေးနီ (သို့) ကြေးဝါခွက် ခပ်ကြီးကြီးငါးခု

♦ ဆီမီးထွန်းဖို့ မြေခွက် ငါးခွက်

♦ မီးစာအတွက် ချည်ကြိုး (သို့) ဖယောင်းကြိုး

♦ ဆီအတွက် နှမ်းဆီ၊ မုန်ညှင်းဆီ၊ စာအုန်းဆီ ကြိုက်ရာသုံး


✅ စီရင်နည်း

=============

စီရင်လိုသောနေရာ၊ တနည်းအားဖြင့် စွမ်းအင်ရရှိစေချင်တဲ့နေရာမျိုးမှာ ပုံမှာပြထားတဲ့အတိုင်း ကြမ်းပြင်ပေါ်မှာ တြိဂံတွေ၊ ကြယ်ပုံတွေဖြစ်လာအောင် ဂျုံမှုန့်နဲ့ ဖန်တီးပါ။ အကြီးအသေးအနေနဲ့ ကြေးခွက်ရဲ့ အဝန်းအဝိုင်း ဝင်ဆံ့နိုင်ရပါမယ်။


ရေးဆွဲပြီးပြီဆိုရင် အဲ့ဒီသင်္ကေတတိုင်းရဲ့ အလယ်မှာ ကြေးခွက်တွေကို နေရာချပါ။ အထဲမှာရေထည့်ပါ။ ပြီးရင် မြေခွက် (ဆီမီးခွက်) ကိုလည်း ကြေးခွက်တိုင်းမှာလိုက်ထည့်ပါ။ ဒီနေရာမှာ ကြေးခွက်ထဲက ရေထဲမှာ ဆီမီးခွက်တွေထည့်ရမှာဆိုတော့ ရေရဲ့အမြင့်ဟာ ဆီးမီးခွက်အဝကို ကျော်မသွားစေဖို့ သတိပြုရပါမယ်။ ဆီမီးခွက်ထည့်ပြီးရင်တော့ ဆီဖြည့်၊ မီးစာထည့်ပြီး ခွက် ငါးခုလုံးကို မီးထွန်းနိုင်ပါပြီ။ 


မီးစတင်ထွန်းရမယ့်နေရာ၊ သင်္ကေတစတင်ရေးဆွဲရမယ့်နေရာတွေက အတိအကျသတ်မှတ်ပေးထားတာမျိုးမရှိပေမယ့် ကျနော့်အယူအဆအရ ပထမမီးနေရာကနေ ပဉ္စမမီးနေရာအထိ အစဥ်လိုက်သွားရတာက ပိုကောင်းမယ်ထင်ပါတယ်။ ကျနော်လုပ်ရင် အဲ့ဒီလို အစဥ်လိုက်ပဲ သွားပါတယ်။


မီးတခါထွန်းရင် 6 နာရီကနေ 8 နာရီလောက်ထိ ကြာအောင် ထွန်းပေးရမယ်လို့ ဆိုထားပါတယ်။ ဒီတော့ အိမ်မှာ လူစောင့်မရှိပဲတော့ မထွန်းကြနဲ့ပေါ့ဗျာ။ မီးဘေးကင်းစေဖို့အတွက် ဒီအစီရင်က ကြေးခွက်တွေရော၊ ရေတွေရောသုံးထားပေမယ့် လူရှိနေချိန်ထွန်းတာက အကောင်းဆုံးဖြစ်ပါတယ်။ သတ်မှတ်ချိန်ပြည့်ရင် အကုန်ဖယ်ပြီး သိမ်းလို့ရတာသိမ်း၊ ရီင်းသင့်တာ ရှင်းပေါ့။ တခါလုပ်ထားရင် အနည်းဆုံး ၆ လအထိ အစွမ်းရှိပါတယ်။ အစီရင်ကတော့ ဒါပါပဲ... ကိုယ်တိုင်ဒုက္ခကြုံတဲ့အခါ၊ အရေးကြုံတဲ့အခါ လက်တွေ့စမ်းကြည့်ပေါ့။ တကယ်လို့ ကိုယ်မလိုအပ်သေးရင်လည်း ကိုယ့်မိတ်ဆွေတွေကို တဆင့် Share ပြီး မျှဝေထားလိုက်ပါ။ တကယ်လိုအပ်နေနဲ့သူတွေအတွက် အကျိုးရှိမှာပါ။