2D/3D သမားတွေက ဂဏန်းတွေကို ပါဝါဂဏန်း၊ နက္ခတ်ဂဏန်းဆိုပြီး သင်္ချာဂဏန်းလေးတွေကို အစဥ်အဆက်မှတ်ထားပြီး အသုံးပြုနေကြတာတွေ့ရပါတယ်။ ဒါပေမယ့် ဒီဂဏန်းတွေရဲ့ ဖြစ်တည်လာပုံသဘာဝကိုတော့ သိကြသူနည်းမယ်လို့ထင်ပါတယ်။ 2D/3D ဆိုတာ လောင်းကစားနည်းတမျိုးဖြစ်နေလို့ ကျနော်နဲ့တော့ ဘာမှမသက်ဆိုင်ပါဘူး။ ဒါပေမယ့် ကိန်းဂဏန်းသဘောပါလာတဲ့အခါ ဗေဒင်ပညာရဲ့ရှုထောင့်ကနေ မူလဂဏန်းတွေရဲ့ ဖြစ်ပေါ်လာပုံ သမားစဥ်သဘောကို ရှင်းပြပေးပါမယ်။ 


ပါဝါဂဏန်း

ဒီဂဏန်းတွေဖြစ်ပေါ်လာပုံသရုပ်ကို ပုံ ( ၁ ) မှာလေ့လာကြည့်ပါ။ ဦးဆောင်တဲ့ ၁ ဂဏန်းကနေစပြီး ဂဏန်း ၁၀ လုံးကို စက်ဝိုင်းပုံနဲ့ ဖော်ပြပေးထားပါတယ်။ အထဲက မျှားတွေဟာ ဆန့်ကျင်ဘက်က ဂဏန်းတစ်ခုစီနဲ့ အပြန်အလှန်ချိတ်ဆက်နေတာကို မြင်တွေ့နိုင်ပါတယ်။ ဘယ်လိုချိတ်ဆက်ထားသလဲဆိုတော့...


1 နဲ့ 6

2 နဲ့ 7

3 နဲ့ 8

4 နဲ့ 9

5 နဲ့ 0


ဆိုတဲ့ ဂဏန်းကို အပြန်အလှန်ချိတ်ဆက်နေတာပါ။ ဆန့်ကျင်ဘက်ဂဏန်းတွေရဲ့ အပြန်အလှန်အားပြုနေပုံ သရုပ်ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ အန်စာတုံးပေါ်က ဆန့်ကျင်ဘက်ဂဏန်းနှစ်ခုရဲ့ အပြန်အလှန်ချိတ်ဆက်ပုံကနေ ဆင့်ပွားရယူထားတာပါ။ အန်စာတုံးရဲ့ 1 ရဲ့ ဆန့်ကျင်ဘက်မှာ 6 ရှိနေသလိုမျိုးပေါ့။ 


နက္ခတ်ဂဏန်း

အခေါ်အဝေါ်အရ ဗေဒင်ပညာရဲ့ နက္ခတ်ဆိုတဲ့ အသုံးအနှုန်းကို ယူသုံးထားပေမယ့်လည်း အယူအဆဟာ ဗေဒင်ပညာနဲ့မသက်ဆိုင်ပဲ... ရှေးမြန်မာအင်းပညာရပ်တွေမှာသုံးတဲ့ ဘယ်ညာလုံးကောက်ပညာနဲ့ မြင်းခုန်ကောက်ယူမှုကို အတုယူပြီး စီမံထားပါတယ်။ မြင်သာစေဖို့ ကျနော် ဒုတိယပုံနဲ့ရှင်းပြထားပါတယ်။ 


ပုံထဲက လေးထောင့်ဘောင်တစ်ခုဟာ ဦးဆောင် ၁ ဂဏန်းနဲ့ ပါဝါ​လို့ခေါ်တဲ့ ဆန့်ကျင် ၆ ဂဏန်းကို ဗဟိုမျဥ်းတစ်ခုအဖြစ်ထိန်းချုပ်လိုက်ပါတယ်။ 


ဒီတော့ ဘယ်နဲ့ညာဆိုပြီး ဂဏန်းအပိုင်းအခြားနှစ်ခုရလာပါတယ်။ ညာဘက်မှာရှိတဲ့ ဂဏန်းတွေကို လုံးကောက်ပညာအရ တစ်ခွင်ကျော်စနစ်နဲ့ ကောက်ယူပြီး အပြန်အလှန်ချိတ်ဆက်ပါတယ်။ မျှားအရောင်တွေကို သေသေချာချာလေ့လာပါ။ ဒီတော့ ညာဘက်ခြမ်းအရ ...


2 နဲ့ 4

3 နဲ့ 5 


ဆိုတဲ့ အပြန်အလှန်ချိတ်ဆက်နိုင်တဲ့ နက္ခတ်တွေရလာပါတယ်။


ဗဟိုမျဥ်းအပါအဝင် ဘယ်ဘက်က ဂဏန်းတွေကိုတော့ လုံးကောက်နဲ့ မြင်းခုန်ကိုပေါင်းစပ်ပြီး နှစ်ခွင်ကျော်စနစ်နဲ့ ကောက်ယူပြီး အပြန်အလှန်ချိတ်ဆက်ပါတယ်။ ဒီတော့ ...


1 နဲ့ 8

0 နဲ့ 7 

9 နဲ့ 6


ဆိုတဲ့ အပြန်အလှန်ချိတ်ဆက်နိုင်တဲ့ နက္ခတ်တွေရလာပါတယ်။


ဒီတော့ ဂဏန်းပညာဘက်ကနေပြောရရင် ပါဝါဂဏန်းနဲ့ နက္ခတ်ဂဏန်းတွေဟာ အင်အားမတူညီပါဘူး။ ဒါကြောင့် ကလင်ဒါကျ ဂဏန်းတွေကိုချိတ်ဆက်ပြီး ယူဆတဲ့အခါ စနစ်ကျတဲ့ ချိတ်ဆက်မှုရှိမှသာ အနာဂတ်ဂဏန်းတန်ဖိုးကို ခန့်မှန်းလို့ရစေမှာဖြစ်ပါတယ်။ ဆက်ပြီးရှင်းပြရရင် လောင်းကစားကို အားပေးသလိုဖြစ်နေမှာစိုးလို့ ဒီလောက်ပဲ ပြောပါရစေ။ ကျနော် အဓိကပြောပြချင်တာက ဒီဂဏန်းတွေရဲ့ အခြေအမြစ်ကိုပြောချင်တာပါ။ ပါဝါဂဏန်းက အထူးရှင်းပြစရာမလိုပေမယ့် နက္ခတ်ဆိုတဲ့အယူအဆကတော့ နည်းနည်းပိုရှင်းပြရမယ့် သဘောရှိပါတယ်။ ဘာလို့လဲဆိုတော့ သူက မြန်မာ့ဂဏန်းလုံးကောက်ပညာနဲ့ ဘယ်ညာအခွဲစနစ်တွေ၊ မြင်းခုန်ကောက်ယူနည်းတွေကို အဓိကသုံးထားလို့ပါ။ ကျနော်ရှင်းပြတာတွေကို အင်းပညာကောင်းကောင်းမတတ်ထားရင်တော့နားလည်မှာမဟုတ်ပါဘူး။ တကယ်လို့ နားမလည်ရင်လည်း ဗဟုသုတအဖြစ်သာမှတ်ထားပါ။ ပြန်ဆက်ရရင် ... ဘယ်ညာအခွဲစနစ်အရ ... အသုံးပြုရမယ့် ဂဏန်းတွေဟာ သူ့ဟာနဲ့သူ အကုန်သုံးလို့ရတယ်ဆိုပေမယ့် အားဗလသဘောအရ ညာဘက်ခြမ်းဟာ အားသာပါတယ်။ သဘောတရားက ...


2 ကို ရွေးရကောင်းနိုးနိုး

9 ကို ရွေးရကောင်းနိုးနိုးဖြစ်နေရင်...

ဘာမှရှည်ရှည်ဝေးဝေး စဥ်းစားမနေပါနဲ့... 2 ကိုသာရွေးလိုက်ပါ။ လိုအပ်လို့ ကာမိချင်ရင် ပတ်သီးရိုက်လိုက်လို့ရပါတယ်။ ဒါပေမယ့် ကလင်ဒါခန့်မှန်းချက်ကိုတော့ လက်လွှတ်လို့မရပါဘူး။ ဒီလောက်ဆို ကိန်းဂဏန်းရဲ့အခြေအမြစ်ကို ဗဟုသုတရလောက်ပြီထင်ပါတယ်။ မြန်မာပါဝါ၊ နက္ခတ်ရှိသလို ထိုင်းပါဝါ၊ နက္ခတ်ဆိုတဲ့ အယူအဆလည်းရှိပါသေးတယ်။ ခု ကျနော်ဦးစားပေးရှင်းပြလိုက်တာက မြန်မာတွေရဲ့ အယူအဆဖြစ်ပါတယ်။