" ကျနော် အကူအညီတစ်ခုလောက်တောင်းချင်လို့ပါ... "

" ဗေဒင်မေးဖို့ဆိုရင်တော့ ကျနော့်ဘက်က အချိန်မပေးနိုင်သေးတော့ အားနာတယ်ဗျာ... တခြားအကူအညီဆိုရင်တော့ စာချန်ထားလိုက်ပါ၊ ကျနော်အချိန်ရတာနဲ့စာပြန်ပေးပါ့မယ်။ "
" ဟုတ်... ယတြာလေးတော့ ပေးပေးပါဆရာ... အရမ်းဒုက္ခရောက်နေလို့ပါ... "
" ဘာများလဲခင်ဗျ... ကျနော်တတ်နိုင်တာဆို ကူညီပါ့မယ် "
" Covid ကာလဆိုတော့ ကျနော်တို့မိသားစု အရမ်းကျပ်တည်းနေပါတယ်ဆရာ... ရှိသမျှ ပစ္စည်းတွေလည်း ထုခွဲရောင်းချရတာနဲ့ ဘာမှမကျန်တော့ပါဘူး... ဟိုကလှည့်ချေးလိုက်... ဒီကလှည့်ချေးလိုက်... လုပ်နေရတာလည်း ကြာတော့ ငွေချေးမယ့်သူတောင် မရှိတော့ပါဘူး... ကျနော့်မှာ တနေ့တနေ့ မနက်မိုးလင်းတာနဲ့ ထမင်းတလုတ်စားရဖို့တောင် မမျှော်လင့်ရဲလောက်အောင်ဖြစ်နေပါတယ်။ မိသားစုအားလုံးက ကျနော့်ကိုမှီခိုနေရတာပါ။ ကျနော်ကိုယ်တိုင်လည်း စိတ်ဓာတ်အရမ်းကျနေပါပြီ။ ဆရာ့ဆီက ယတြာကောင်းကောင်းလေးတစ်ခု လိုချင်ပါတယ်ဆရာ... ကျနော့်အခက်အခဲကို ကူညီပေးပါ။ ကျေးဇူးမမေ့ပါဘူးဆရာ... "
သူ့စာဖတ်အပြီး ကျနော် စိတ်ထဲမကောင်းဖြစ်သွားတယ်။ Covid ကြောင့် တကမ္ဘာလုံးနီးပါး ဒုက္ခရောက်ရတဲ့အထဲမှာ သာမန်လက်လုပ်လက်စားတွေရဲ့ဘဝဟာ ပိုပြီးခက်ခဲပင်ပန်းလှတာကြောင့် ကိုယ်ချင်းလည်းစာမိတယ်။ ကျနော် သူ့အတွက် အကောင်းဆုံးဖြစ်စေမယ့် နည်းလမ်းတစ်ခုကို ရှာဖွေပြီး အောက်ပါအတိုင်းစာပြန်ပေးခဲ့ပါတယ်။
" ဒီကာလဟာ လူတိုင်းနီးပါးအခက်အခဲတွေရှိနေကြတဲ့အတွက် စိတ်ဓာတ်မကျဖို့ အထူးလိုပါတယ်။ တခါတုန်းက အိန္ဒိယမှာ ခင်ဗျားလိုပဲ မိသားစုတစု ဆင်းရဲဒုက္ခရောက်ဖူးတယ်။ စားစရာတင်မရှိတာမဟုတ်ဘူး။ နေစရာပါမရှိတော့တာ။ လမ်းဘေးမှာ ဖြစ်သလို ရွက်ဖျင်တဲလေးထိုးပြီး မသေချာတဲ့ မနက်စာတစ်ခုကို မျှော်လင့်နေရတဲ့ဘဝပေါ့... သူတို့မိသားစုဟာ ဘယ်လောက်တောင်ကံဆိုးသလဲဆိုရင် ဖြစ်သလိုနေ ဖြစ်သလိုစားရတော့ ရောဂါဆိုးတွေပါဝင်ပြီး တောင်းစားဖို့တောင် မဖြစ်နိုင်လောက်အောင်ပဲ... သူတို့အနား ဘယ်သူမှမကပ်ချင်ကြတော့ဘူး... သူတို့ရှိတဲ့နေရာမှန်းသိရင် ဝေးဝေးကနေ ရှောင်ကွင်းသွားကြတယ်။ ကြာတော့ ဖခင်လုပ်သူက လူတွေဟာ သနားကြင်နာမှုတောင်မရှိကြတော့ပါလား... ငါတို့မိသားစုဘဝကို ဘယ်သူကများ အညိုးနဲ့ခုလောက်ထိရက်စက်နေရသလဲ... ဘုရားကရော တကယ်မှရှိရဲ့လား... ငါတို့မိသားစုကို လူမပြောနဲ့ ဘုရားတောင်မှ မကယ်ချင်တော့ဘူးလားလို့... တွေးချင်ရာတွေးပြီး စိတ်ဓာတ်အကျကြီးကျလာတယ်။ တမိသားစုလုံး ကိုယ့်ကိုယ်သတ်သေဖို့အထိကြံလာတယ်။ ဒီအဖြစ်အပျက်ကို တချိန်လုံးကြည့်နေတဲ့ ဆာဒူးကြီးက... သတ်သေမယ့် မိသားစုဆီလျှောက်လာပြီး ပြုံးပြုံးကြီးကြည့်နေတယ်။ ဖခင်လုပ်သူက ဆာဒူးကြီးကိုမြင်တော့... " ဒီမယ်ဆာဒူး... ဘာမှ လှူစရာမရှိဘူး... ကျုပ်တို့လည်း စားစရာမရှိဘူး... ခု သတ်သေမလို့လုပ်နေတာ ခင်ဗျားက လာပြီးပြုံးကြည့်နေရလောက်အောင် ကျုပ်တို့အဖြစ်က ပြုံးစရာများဖြစ်နေလို့လား... " လို့ ပြောလိုက်တယ်။ ဆာဒူးကြီးက ဘာမှပြန်မပြောဘူး... ပြုံးနေတာပဲ... ဒီတော့ ဖခင်လုပ်သူက... " ခင်ဗျားလည်း အလကားပဲ... ဘုရားလည်း အလကားပဲ... လူတွေလည်း သနားကြင်နာစိတ်မရှိကြဘူး... မေတ္တာကြီးတယ်ဆိုတဲ့ ဘုရားလည်း မကယ်ဘူး... " လို့ ဒေါသတကြီးပြောလိုက်တယ်။ ဒီတော့မှ ဆာဒူးကြီးက... " သင် ထမင်းဘယ်လိုစားသလဲ " လို့မေးခွန်းထုတ်လိုက်တယ်... ဖခင်က... " ပါးစပ်နဲ့စားတာပေါ့ " လို့ အငေါ့တူးပြီးဖြေတယ်။ ဆာဒူးကြီးက " ပါးစပ်နဲ့စားတော့ ဘာဖြစ်သလဲ " လို့ထပ်မေးပြန်တယ်။ ဖခင်က " ပါးစပ်နဲ့စားတော့ ထမင်းဝတာပေါ့ဗျာ၊ မဆီမဆိုင်တာတွေမေးမနေစမ်းပါနဲ့၊ ဝေးဝေးသွားစမ်းပါဗျာ " လို့ နှင်ထုတ်လိုက်တယ်။ ဒီတော့မှ ဆာဒူးကြီးက... " ဒီမယ်လူကလေး... သင့်ထမင်းကို သင်ဟာ ပါးစပ်နဲ့စားတယ်။ ဘုရားက ကူစားပေးသလား... သင့်ဟာသင်စားလို့ ထမင်းဝတယ်။ ဘုရားက ထမင်းဝသလား... သင်ထမင်းမစားရတော့ ဘုရားကို အပြစ်တင်တယ်။ ဒါတရားသလား... သင်နေ့စဥ် ထမင်းစားရဖို့ ရှာဖွေနေတယ်။ ဘုရားရှိခိုးတာလည်း တခါမှမတွေ့ဘူး။ သင်ထမင်းရှာမရတော့ ဘုရားကိုစိတ်ဆိုးနေတယ်... ဘုရားက သင့်ကို ကူညီချင်မှာပဲ... ဒါပေမယ့် သင့်ရဲ့မနောကံတွေက ဘုရားကူညီဖို့အတွက် အတားအဆီးဖြစ်နေတယ်လူကလေး... နားလည်အောင် ပမာပြရရင်... သင်ထမ်းထားတဲ့ ကျောက်ခဲထုပ်ကြီး မချသရွေ့... ရွှေထုပ်ကြီးထမ်းခိုင်းဖို့ မဖြစ်နိုင်သလိုပဲ... လူကလေးကို နားလည်မှုမလွှဲစေချင်သလို... ပြစ်မှားစော်ကားမှုတွေဆက်မလုပ်စေချင်ဘူး... လူဖြစ်လာတယ်ဆိုရုံနဲ့ သင့်ဘဝက တန်ဖိုးရှိနေပါပြီ... ဆင်းရဲမှု၊ ချမ်းသာမှုက အတိတ်ကံတွေနဲ့ဆိုင်တယ်လူကလေး... အတိတ်ကံဝဋ်ကြွေးကြောင့် ခုလိုဘဝမျိုးရောက်လို့ စိတ်ပင်ပန်းပြီး ပြောချင်ရာပြော၊ လုပ်ချင်ရာလုပ်နေမယ့်အစား... ဘုရားကို ရှိခိုးပါလူကလေးရယ်... ဘုရားကို ရှိခိုးတဲ့အတွက် အပြစ်ဆိုးတွေကနေလွတ်မြောက်ပြီး ကောင်းတဲ့ကံတရားတွေက သူ့အလိုလိုရောက်လာပါလိမ့်မယ်။ သင်ဘုရားရှိခိုးတဲ့အခါ ကျေကျေနပ်နပ်နဲ့ဘုရားကို ရှိခိုးရမယ်။ မနက်မိုးလင်းလာတာနဲ့ သင့်ရှေ့ကမြေပြောင်ပြောင်မှာ ဒီလို မဏ္ဍလလေးကို တုတ်နဲ့ရေးခြစ်ပြီး ဘုရားကို ကျေကျေနပ်နပ်နဲ့ရှိခိုးပါလူကလေး... သင်သေချင်သပဆိုရင် နောက် ၅ ရက်ပြည့်မှ သေပါ။ ၅ ရက်လောက် ဘုရားကို ကျေကျေနပ်နပ်ကြီးရှိခိုးလိုက်ပါ။ သင်ကောင်းကျိုးချမ်းသာရပါလိမ့်မယ်။ " ဆိုပြီး တဆက်ထဲ မဏ္ဍလရေးဆွဲနည်းတစ်ခုသင်ပြပေးလိုက်တယ်။







ဒီမဏ္ဍလလေးရေးပြီး ဘုရားကို ရှိခိုးတဲ့ မိသားစုဟာ ရောဂါဝေဒနာတွေပျောက်ကင်းလာရုံမက ထမင်းနပ်မှန်ပြီး နောက်ဆုံးကြီးပွားချမ်းသာသွားပါတယ်။ ဒီတော့ ခင်ဗျားလည်း သူရေးပြတဲ့ မဏ္ဍလကို အသုံးချကြည့်ပေါ့ဗျာ... သူပြောသလိုတော့ မြေကြီးပေါ်ရေးနေစရာမလိုပါဘူး... ကြွေပန်းကန်ပြားကြီးကြီးတချပ်ပေါ်မှာ White Board ပေါ်မှာရေးတဲ့ ဆော့ပင် ( Marker Pen ) နဲ့ ရေး... အလယ်မှာ ဖယောင်းတိုင်တစ်တိုင်စိုက်.. ဘုရားစင်ပေါ်တင်ပြီး ဘုရားမီးပူဇော်ရင်း နေ့စဥ်ဘုရားရှိခိုးပေါ့ဗျာ... ဒီမဏ္ဍလဟာ ခင်ဗျားကို မုချထမင်းကျွေးပါလိမ့်မယ်။ ယုံယုံကြည်ကြည်နဲ့သာလုပ်စမ်းပါ။ ခင်ဗျားအဆင်ပြေပါလိမ့်မယ်။ ကူညီမယ့်လူတွေ။ ပေးကျွေးမယ့်လူတွေပေါ်လာရုံမက... အလုပ်အကိုင်အခွင့်အလမ်းတွေလည်းပေါ်လာပါလိမ့်မယ်။ ကျနော့်မှတ်စုစာအုပ်ထဲမှာတော့... ဒီမဏ္ဍလပညာကို " ထမင်းဝတဲ့ပညာ " လို့ ခေါင်းစဥ်တပ်ထားပါတယ်။ ဒါဟာ ခင်ဗျားကို ပေးချင်တဲ့ ကျနော့်ရဲ့ ယတြာပဲဆိုပါတော့... အဆင်ပြေပါစေဗျာ... "
မှတ်ချက်... မဏ္ဍလကို ဖုန်းပေါ်ကပဲ တိုက်ရိုက်ဆွဲပြလိုက်ရတာမို့ လှလှပပမရှိခြင်းအတွက် နားလည်ပေးပါခင်ဗျာ... လှစရာမလိုပေမယ့် ပုံစံကျဖို့တော့လိုအပ်ပါတယ်။ ရေးဆွဲနည်းကို သတိပြုလေ့လာပါရန်။ အဆင့်လိုက်ပြထားပါတယ်။