• ဗေဒင်ပညာကို မှန်တယ်လို့ ယူဆတဲ့ အုပ်စုက တစ်စု
  • ဗေဒင်ပညာကို မှားတယ်လို့ ယူဆတဲ့ အုပ်စုက တစ်စု
  • ဗေဒင်ပညာဆိုတာ မှန်ချင်လည်းမှန်၊ မှားချင်လည်းမှားတယ်လို့ ယူဆတဲ့အုပ်စုက တစ်စု

အုပ်စု ၃ မျိုးကွဲပြားနေပါတယ်။ 

ဒီတော့ ....

ဗေဒင်ပညာက ဘယ်လိုလဲ … မှန်တယ်လို့ပြောရမှာလား ... ?

မမှန်ဘူးလို့ပြောရ မှာလား ... ?

မှန်ချင်လည်းမှန်မယ်၊ မှားချင်လည်းမှားမယ်လို့ ပြောရမှာလား ... ? … 

ဒီနေရာမှာ ပညာရှင်တချို့ရဲ့အယူအဆအရ ဗေဒင်မှန်ဖို့ဆိုတာ ဟောကြားသူဆရာရဲ့ပညာရပ်အပေါ်ကျွမ်းကျင်မှု၊ ဝါ၊ သမ္ဘာ၊ အတွေ့အကြုံ၊ သီလ၊ သမာဓိ စတဲ့ အပေါ်မှာ မူတည်နေပါတယ်လို့ ဆိုပါတယ်။ မဟုတ်ရင်တော့ မှားနိုင်ပါတယ်တဲ့ … 

ကောင်းပြီ။ ကျနော် မငြင်းတော့ ပါဘူး။ ကျနော့်ရဲ့အတွေးအခေါ်နဲ့ အယူအဆကိုပဲ ရှင်းပြပါမယ်။ ဒါဟာ ကျနော့်ကိုယ်ပိုင်အယူအဆသက်သက်မို့ လက်ခံသင့်၊ လက်မခံသင့်ဆိုတာကတော့ မိတ်ဆွေတို့ဘက်က အပိုင်းဖြစ်ပါတယ်။ ကျနော်ဒီလိုယူဆတယ်ဆိုတာကို ပဲ ပြောပြချင်တာပါ။ ကျနော့်အယူအဆကို လက်ခံပါလို့ ပြောတာမဟုတ်ပါဘူး။ ပြီးတော့ … ဒီအယူအဆကို ဝေဖန်တဲ့ နေရာမှာလည်း ကျနော်ကိုယ်တိုင်က ဗေဒင်ပညာရှင်တစ်ယောက်မို့ ဗေဒင်ပညာရှင်ဘက်က တဖက်သတ်ယူဆတဲ့ ဆုံးဖြတ်ချက်မျိုးကိုလည်း ပေးနေမှာမဟုတ်ပါဘူး။ သာမန် ကြားနေ အတွေးအခေါ်ရှိတဲ့ လူသားတစ်ယောက်အနေနဲ့ သာ အယူအဆပိုင်းကို ရှင်းပြပေးမှာဖြစ်ပါတယ်။

တကယ်တော့ လောကမှာ ဘုရားဟောတရားကလွဲရင် ဘယ်အရာမှ အတိအကျမမှန်နိုင်ပါဘူး။ ဘုရားဟောတရားက သာ အပြည့်စုံဆုံးသော အမှန်တရားဖြစ်ပါတယ်။ ဗေဒင်ပညာကတော့ အမှန်တရားရဲ့မျက်နှာစာတစ်ခုကိုသာ ပြောပြနိုင်ပါတယ်။ ဒါကြောင့် မပြည့်စုံသေးတဲ့ အမှန်တရားတစ်ခုလို့ ဆိုရပါမယ်။ ဒီနေရာမှာ မိတ်ဆွေတို့ နားလည်လွယ် အောင် အန်စာတုံးလေးတစ်ခုနဲ့ ဥပမာပေးပါရစေ … အန်စာတုံးတစ်တုံးဟာ မျက်နှာပြင်ခြောက်ဖက်ပါပြီး ၁ ကနေ ဂဏန်း ၆ အထိ ဂဏန်း ၆ လုံးပါဝင်နေတာကို လူတိုင်း သိပြီးဖြစ်လောက်မယ်ထင်ပါတယ်။ ဒီတော့ ….

အန်စာတုံးကို ၁ ဂဏန်းပါတဲ့ အရာ လို့ပြောရင် … အန်စာတုံးရဲ့မျက်နှာစာတစ်ခုက ဂဏန်းပဲဖြစ်တာကြောင့် … မှန်တယ်လို့ဆိုရပါမယ်။ ဒါပေမယ့် မပြည့်စုံတဲ့အမှန်တရားတစ်ခုပါ။

အန်စာတုံးကို ၂ ဂဏန်းပါတဲ့ အရာ လို့ပြောရင် … အန်စာတုံးရဲ့မျက်နှာစာတစ်ခုက ဂဏန်းပဲဖြစ်တာကြောင့် … မှန်တယ်လို့ဆိုရပါမယ်။ ဒါပေမယ့် မပြည့်စုံတဲ့အမှန်တရားတစ်ခုပါ။

အန်စာတုံးကို ၃ ဂဏန်းပါတဲ့ အရာ လို့ပြောရင် … အန်စာတုံးရဲ့မျက်နှာစာတစ်ခုက ဂဏန်းပဲဖြစ်တာကြောင့် … မှန်တယ်လို့ဆိုရပါမယ်။ ဒါပေမယ့် မပြည့်စုံတဲ့အမှန်တရားတစ်ခုပါ။

အန်စာတုံးကို ၄ ဂဏန်းပါတဲ့ အရာ လို့ပြောရင် … အန်စာတုံးရဲ့မျက်နှာစာတစ်ခုက ဂဏန်းပဲဖြစ်တာကြောင့် … မှန်တယ်လို့ဆိုရပါမယ်။ ဒါပေမယ့် မပြည့်စုံတဲ့အမှန်တရားတစ်ခုပါ။

အန်စာတုံးကို ၅ ဂဏန်းပါတဲ့ အရာ လို့ပြောရင် … အန်စာတုံးရဲ့မျက်နှာစာတစ်ခုက ဂဏန်းပဲဖြစ်တာကြောင့် … မှန်တယ်လို့ဆိုရပါမယ်။ ဒါပေမယ့် မပြည့်စုံတဲ့အမှန်တရားတစ်ခုပါ။

အန်စာတုံးကို ၆ ဂဏန်းပါတဲ့ အရာ လို့ပြောရင် … အန်စာတုံးရဲ့မျက်နှာစာတစ်ခုက ဂဏန်းပဲဖြစ်တာကြောင့် … မှန်တယ်လို့ဆိုရပါမယ်။ ဒါပေမယ့် မပြည့်စုံတဲ့အမှန်တရားတစ်ခုပါ။

အန်စာတုံးကို ၇ ၈ ၉ ၁၀ ဂဏန်းတွေပါတဲ့အရာ လို့ပြောရင်တော့ … အန်စာတုံးပေါ်မှာ မပါတဲ့ ဂဏန်းဖြစ်လို့လုံး၀ မမှန်ပါဘူး။ ဒါမှ အမှားစစ်စစ်ဖြစ်ပါတယ်။

အန်စာတုံးကို ၁၂၃၄၅၆ ဂဏန်းတွေပါတဲ့အရာ လို့ပြောရင်တော့ … အန်စာတုံးပေါ်မှာပါဝင်တဲ့ ဂဏန်းအားလုံးကို ပြောနေတာဖြစ်လို့ အမှန်တရားအစစ်၊ အပြည့်စုံဆုံးသော အမှန်တရားလို့ ပြောနိုင်ပါတယ်။

ဒီလိုပါပဲ … ဗေဒင်ပညာနဲ့ လူတစ်ယောက်ရဲ့ဘ၀ကံအကြောင်း၊ ရှေ့ဖြစ်၊ နောက်ဖြစ်ဟောတဲ့နေရာမှာ သူ့ဘ၀ရဲ့မျက်နှာစာတစ်ခုကိုပဲ အတိအကျပြောပြနိုင်မှာဖြစ်ပါတယ်။ ( အန်စာရဲ့မျက်နှာစာတစ်ခုက ဂဏန်းကို ပြောတာနဲ့ အလားတူပါတယ်။ )

ဒါက ကျနော့်အယူအဆသက်သက်ဖြစ်ပါတယ်။ ဒါကို တချို့ပညာရှင်တွေက ဆရာလုပ်သူရဲ့ အတွေ့အကြုံ၊ ကျွမ်းကျင်မှု၊ သီလ၊ သမာဓိ စတာတွေနဲ့လည်း ဆိုင်ပါတယ်လို့ ဆိုပါတယ်။ ဒါကလည်း ရှုထောင့်တစ်ခု အမြင်နဲ့ကြည့်ရင် ဟုတ်ပါတယ်။ ဒါပေမယ့် ကျနော့်အယူအဆကတော့ ကျနော့်ရဲ့ ကိုယ်ပိုင်ရှုထောင့်ကနေ ကြည့်ထားတဲ့အမြင် ဖြစ်ပါတယ်။ ဆရာမင်းကျော်ဇောရဲ့ ဆန်းဗေဒင်စာအုပ်မှာဖတ်ဖူးတဲ့အယူအဆတစ်ခုရှိပါသေးတယ်။ အဲဒီအယူအဆက လည်း သဘာ၀ကျတဲ့အယူအဆတစ်ခုမို့ ကျနော်သဘောကျပါတယ်။ သူ့အယူအဆရ … ဗေဒင်ပညာဆိုတာ မုချမှန် ကန်တဲ့ အတတ်ပညာတစ်ခုလို့ဆိုပါတယ်။ ဒါပေမယ့် ဗေဒင်ပညာရဲ့မှန်ပုံမှန်နည်းကို အကြွင်းမဲ့ မသိရှိကြတဲ့အတွက် သာမန်လူမဆိုထားတဲ့ ဗေဒင်ပညာတတ်ကျွမ်းပါတယ်ဆိုတဲ့လူတချို့တောင်မှ ယောင်ဝါးဝါးဖြစ်နေကြတယ်လို့ ဆိုပါတယ်။ ဗေဒင်မှန်တယ်ဆိုတာ ဘယ်လိုမျိုးလဲ …

ကိန်းခန်းအရ မလွန်ဆန်နိုင်တဲ့အမှန်တွေဟာ အာမခံနိုင်တဲ့အမှန်တွေဖြစ်တယ်လို့ဆိုပါတယ်။

ကိန်းခန်းကို ပိုင်ဆိုင်တဲ့သူဟာ ဇာတာရှင်ဖြစ်ပြီးတော့ … သူ့အနေနဲ့ ကိန်းခန်းကို လိုက်လျောချင်လိုက်လျောနိုင် တယ်။ ဆန့်ကျင်လိုပါကလည်း ဆန့်ကျင်နိုင်တယ်။ ဒါဟာ ဇာတာရှင်ရဲ့သဘောသက်သက်သာဖြစ်ပါတယ်။

ဥပမာ … လှေသမားဟာ … ရေချိုရှိတဲ့နေရာရောက်တဲ့အခါ  ရေချိုသောက်ရင် အားရှိမယ်။ ကောင်းမယ်။

ရေငန်ရှိတဲ့နေရာရောက်တဲ့အခါ ငန်မယ်၊ ရှောင်ရမယ်၊ မကောင်းပါ။

ဒီတော့ … ဒီနေရာရေချိုရှိတယ်၊ သောက်ရင်ချိုမယ်၊ ဒီနေရာရေငန်ရှိတယ်။ သောက်ရင် ငန်မယ်လို့ တိတိကျကျသိနေတာမျိုးကို ဗေဒင်ပညာလို့ခေါ်ပါတယ်။ တနည်းအားဖြင့် ဗေဒင်ပညာအရ ကိန်းခန်းကို အမှန်သိခြင်း လို့ ခေါ်ပါတယ်။ ဒါပေမယ့် ဇာတာရှင်ဟာ ရေချိုနေရာရောက်ပေမယ့် ရေချိုကို မသောက်ပဲ နေချင်နေနိုင်ပါတယ်။ မသောက်ရင် ရေချိုရဲ့ကောင်းကျိုးကို မခံစားရပါဘူး။ ဒီလိုပဲ … ရေငန်ရေရာရောက်ပေမယ့် သောက်ချင်လည်း သောက်မှာပါပဲ … သောက်ရင်တော့ ငန်တဲ့အကျိုးခံစားရမှာသေချာပါတယ်။ ဒီအလုပ်တွေဟာ ဇာတာရှင်နဲ့သာ သက်ဆိုင်ပါတယ်။ ဗေဒင်ပညာနဲ့ မဆိုင်ပါဘူး။ ဇာတာရှင်ရဲ့ရွေးချယ်ပိုင်ခွင့်တစ်ခုသာဖြစ်ပါတယ်။

ကျနော်တို့ ဗေဒင်ပညာရပ်တွေဟာ နိမိတ်ဦးစီးတဲ့ပညာရပ်တွေဖြစ်ပါတယ်။ တွက်ရိုးအရ သင်္ချာပိုင်းတွေ ပါဝင်ကောင်း ပါဝင်နိုင်ပေမယ့် လက်တွေ့မှာတော့ နိမိတ်ရှေ့ဆောင်ပြီးမှ ဝိဇ္ဇာဆန်ဆန်ယူဆဆုံးဖြတ်ရတာမျိုးပါ။ မိုးတွင်းအခါမှာ မိုးရွာတာက မထူးဆန်းပါဘူး၊ ဒါသဘာ၀ကိစ္စပါ။ ဒါပေမယ့် နေ့တိုင်းမိုးရွာမရွာဆိုတာကတော့ မသေချာပါဘူး။ မိုးတွင်းလည်းဖြစ်မယ်။ မိုးရွာမရွာလည်း သိချင်တယ်ဆိုရင် သိနိုင်မယ့်နိမိတ်က တိမ်တွေကို သတိထားကြည့်ရပါတယ်။ ကောင်းကင်တခွင် မှောင်မဲလာပြီး တိမ်ဆိုင်တိမ်လိပ်တွေတက်လာပြီဆိုရင် မကြာခင် မိုးရွာတော့မယ့်သဘောဖြစ်ပါတယ်။ ဒါဟာ နိမိတ်သဘောကို နားလည်အောင် ဥပမာပေးလိုက်တာပါ။ ဒီလိုပါပဲ ဗေဒင်ပညာရပ်မှာ သင်္ချာတွေဟာ အသေဖြစ်ပြီး နိမိတ်တွေကမှ အရှင်ဖြစ်ပါတယ်။ ဥပမာ … တိုင်ထိပ်မှာရောက်နေ တဲ့ ၁နွေဂြိုဟ်ကြောင့် … အလုပ်ကောင်းမယ်လို့ ဟောဆိုခွင့်ရှိပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့ဖြစ်ရပ်မှာ အလုပ်တကယ်ကောင်း၊ မကောင်းဆိုတာကတော့ မသေချာသေးပါဘူး။ ကောင်းချင်လည်း ကောင်းသွားနိုင်သလို၊ မကောင်းချင်လည်း မကောင်းနိုင်သေးပါဘူး။ သင်္ချာဟာ သင်္ချာပဲဖြစ်ပါတယ်။ ဗေဒင်အသိမဟုတ်သေးပါဘူး။ အတိအကျ ကောင်းမကောင်းသိနိုင်ဖို့ကတော့ နိမိတ်လိုအပ်ပါတယ်။ နိမိတ်က ရှေ့ဆောင်ပြီး အကောင်းပြခဲ့ရင် မုချ ကောင်းမှာသေချာပြီး။ နိမိတ်က ဆိုးသွမ်းခဲ့ရင် မုချဆိုးမှာသေချာစေပါတယ်။ ကျနော် ဒီနှစ်ထဲမှာ ကားဝင်ကိန်း ရှိပါသလား ဆိုတဲ့မေးခွန်းရဲ့အဖြေကို …

ဟာ … ဝင်တာပေါ့ … ဝင်မယ် … စိတ်ချ ဆိုတာမျိုး

မဝင်ဘူးဗျို့ … ခင်ဗျားမှာကားဝင်ကိန်းမရှိဘူး ဆိုတာမျိုးတွေဟာ စိတ်ကူးအရ ထင်ရာကို ဟောပြောနေခြင်းသာဖြစ် ပါတယ်။ အမှန်စင်စစ် …မေးသူမှာသာ ပိုက်ဆံအသင့်ရှိနေခဲ့ရင် … ဝယ်ရင်ဝင်ပါလိမ့်မယ်။ မဝယ်ရင် မဝင်ပါဘူး။ အလကားပေးရင်တောင်မှ သူယူမှသာ ဝင်ပါလိမ့်မယ်။ တကယ့်ဗေဒင်ပညာရဲ့မှန်ကန်ခြင်းအဟောက အဲဒီလိုမဟုတ်ပါဘူး။

အဲဒီကားကို ဝယ်ရင် မုချ ဆုံးရှုံးမှုဖြစ်လာမယ်။ မဝယ်ရင်အကောင်းဆုံးပဲ … ဆိုတဲ့ဟောကွက်မျိုး

အဲဒီကားကို ဝယ်ရင် မုချ အကျိုးအမြတ်ရှိမယ်။ မြန်မြန်ဝယ်သင့်တယ် … ဆိုတဲ့ဟောကွက်မျိုးသာလျှင် ဗေဒင်အသိနဲ့ ဗေဒင်ကို မှန်မှန်ကန်ကန်ယူဆဟောပြောနိုင်တာဖြစ်ပါတယ်။ ဒါကို ကိန်းခန်းအမြင်အရ တိတိကျကျသိနေခြင်းလို့ ယူဆနိုင်ပါတယ်။ ကားဝယ်လို့ ဆုံးရှုံးမယ်လို့ ဟောထားပါလျှက် ဝယ်ယူကြည့်လို့ မဆုံးရှုံးဘူးဆိုရင်တော့ ဒါဟာ ဗေဒင်မမှန်သေးဘူးလို့ ဆိုနိုင်ပါတယ်။ ဒီလို ဟောချက်မှန်အောင် မထုတ်တတ်သူကိုလည်း ဗေဒင်အသိမရှိသေးသူ၊ ကိန်းခန်းအမြင်မရှိသေးဘူး၊ ဗေဒင်ပညာကို တကယ်မတတ်သေးသူလို့လည်း ခေါ်ဆိုနိုင်ပါတယ်။ ဒီတော့ … အနှစ်ချုပ် ပြန်ပြောရင် …

လောကမှာ ဘုရားဟောတရားကလွဲရင် ဘယ်အရာမှ အတိအကျမမှန်နိုင်ပါဘူး။

ဗေဒင်မှန်ခြင်းဟာ အမှန်တရားရဲ့မျက်နှာစာတစ်ခုကို ပြောပြနိုင်ခြင်းသာဖြစ်ပါတယ်။

ကိန်းခန်းအရ မလွန်ဆန်နိုင်တဲ့အမှန်တွေသာ အာမခံနိုင်တဲ့အမှန်တွေဖြစ်ပါတယ်။

ဗေဒင်ကိန်းတိုင်းမှာ နိမိတ်ဦးဆောင်ပြီး နိမိတ်မပါဝင်ပါက ဗေဒင်မှားယွင်းနိုင်ချေရှိပါတယ်။

ဒါကြောင့်လည်း … ကျနော့်လက်သုံးစကားအရ …

မှန်ကန်တိကျသော ဟောချက်များကို အလိုရှိလျှင် … ကျွန်ုပ်ဆီမလာပါနှင့် … ဘုရားသခင်ဆီသွားပါ။

မှန်ကန်တိကျသော ခန့်မှန်းချက်များကို အလိုရှိပါလျှင် … ကျွန်ုပ်ဆီကိုသာ ရောက်အောင်လာခဲ့ပါ။

လို့ ဆိုခဲ့တာပေါ့ … တချို့ ဘယ်ဗေဒင်ပညာရှင်ကြီးတောင်မှားတယ်။ ဘယ်သို့ဘယ်ပုံ စသဖြင့်ပြောတတ်ကြတာတွေ ရှိပါတယ်။ ဖခင်ဟာဖခင်၊ သားသမီးဟာ သားသမီးဖြစ်သလို သူတို့ဟာ သူတို့ … သုတဆန်းဟာ သုတဆန်းသာဖြစ်ပါ တယ်။ နာမည်မတူ၊ လူမတူ၊ အတွေးအခေါ်မတူ၊ အယူအဆမတူ၊ အရာရာမတူညီနိုင်တာကို လောကသဘောအရ သတိပြုသင့်ပါကြောင်း အကြံပြုရင်း … ဒီနေ့ ဗဟုသုတကဏ္ဍကို ဒီမှာပဲ ခဏရပ်နားလိုက်ပါရစေဗျာ … အားလုံးပဲ အဆင်ပြေကြပါစေ …