မိတ်ဆွေတို့ကတော့ နားလည်မှာမဟုတ်ဘူး။ ပြီးတော့ ယုံချင်မှလည်း ယုံလိမ့်မယ်။ ကျနော်တို့ရဲ့ နာမည် မှာ စွမ်းအားတွေရှိနေတတ်ပါတယ်။ တကယ်တမ်းက ကျနော်တို့ နာမည်တွေကို အသုံးပြုနေတယ်ဆို တာက လူသားအချင်းချင်း ကွဲပြားခြားနားဖို့အတွက် အဓိက ရည်ရွယ်ပြီး အသုံးပြုနေကြတာပါ။

ဥပမာ … လူနှစ်ယောက်လမ်းလျှောက်လာတဲ့အခါ … ဟေ့လူ လို့ လှမ်းခေါ်လိုက်ရင် အဲဒီနှစ်ယောက်လုံးက လှည့်ကြည့်မှာဖြစ်ပါတယ်။ ဘယ်သူ့ကို ခေါ်လို့ ခေါ်နေမှန်းလည်း သူတို့ မသိပါဘူး။ ဒီတော့ … လူနှစ်ယောက်ကို Mr.A, Mr.B လို့ နာမည်ပေးထားမယ်ဆိုရင် … ဟေ့ Mr.A လို့ ခေါ်လိုက်တာနဲ့ Mr.A ဆိုသူကသာ လှည့်ကြည့်မှာဖြစ်ပါတယ်။ ဒီလို လူချင်းတူနေတဲ့အခါ ကွဲကွဲပြားပြား သိစေဖို့အတွက် နာမည်တွေကို ခေါ်ဝေါ်သုံးစွဲနေကြတာဖြစ်ပါတယ်။ ဒါက သိပ္ပံနည်းကျရှင်းပြတာပါ။

ဗေဒင်ပညာမှာတော့ နာမည်တစ်ခုကို ကျကျနန ပေးရတာက တော်တော်လေး လက်ဝင်ပါတယ်။ ပါးစပ်ထဲတွေ့ကရာလျှောက်ပြောရင်တော့ ရတာပေါ့။ ဒါပေမယ့် နာမည်ကောင်းတစ်ခုရဖို့ ဗေဒင်နည်းလမ်းတကျ အသုံးပြုပါဆိုရင်တော့ စနစ်တကျတွက်တတ်တဲ့ဆရာတောင်မှ ခေါင်းဖြူအောင် စဉ်းစားရတတ်ပါတယ်။

နာမည်နဲ့ပတ်သက်ပြီး ဗေဒင်ဟောပြောတဲ့ အတတ်တွေရှိပါတယ်။ နာမည်တစ်ခုကို ကြားလိုက်တာနဲ့ အဲဒီလူရဲ့ ပုံသဏ္ဍာန်၊ ဆင်းရဲမှု၊ ချမ်းသာမှု၊ အောင်မြင်မှု၊ ကျရှုံးမှုတွေကိုတောင် တိတိကျကျ ပြောပြနိုင်တဲ့ ဆရာတွေလည်း ရှိခဲ့ဖူးတာကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ဖူးပါတယ်။ ဒီတော့ နာမည်တစ်ခုက ဘာတွေ ပြောသလဲဆရာရယ် ပြောပြပါလို့ ကျနော့်ကိုမေးရင်တော့ ကျနော်မဟောတော့ပါဘူး။ အမြဲတမ်း ရှောင်လေ့ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ … နာမည်တစ်ခုမှာ ကောင်းကွက်တွေလည်းရှိနိုင်သလို၊ ဆိုးကွက်တွေလည်း ရှိနေနိုင်ပါတယ်။ ကျနော်က ဗေဒင်ဟောတဲ့အခါ အကောင်းတွေချည်းရွေးထုတ်ပြီး မြှောက်ပင့်ဟောရမှာကိုလည်း ရှက်သလို၊ အဆိုးတွေချည်း နင်းကန်ပြောရမှာကိုလည်း ကြောက်ပါတယ်။ ဒီတော့ နာမည်အကြောင်းဟောရမယ်ဆိုရင် အကောင်းရော၊ အဆိုးရောကို မဖြစ်မနေ ပြောမှ ဖြစ်မှာပါ။ ဒီလို ပြောတာကိုလည်း လူတိုင်းက လက်ခံနိုင်မှဖြစ်ပါမယ်။ ဒါပေမယ့်လည်း လူတိုင်းဟာ အကောင်းကိုသာ ကြားလိုတတ်ပြီး အဆိုးဆိုရင် နားမထောင်ချင်တတ်တာကလည်း သဘာ၀လိုဖြစ်နေပါတယ်။ ဒါကြောင့်လည်း ကျနော့်ကို နာမည်နဲ့ပတ်သက်ပြီး ကောင်းလား၊ ဆိုးလား မေးရင်တော့ ကျနော်ဟာ ဝေးဝေးကနေပဲ ရှောင်နေလေ့ရှိပါတယ်။

ဒီလို ရှောင်နေရင်းနဲ့ ကျနော် စဉ်းစားမိတာတစ်ခုရှိလာပါတယ်။ လူတိုင်းဟာ နာမည်နဲ့ ကင်းကွာလို့ မရတတ်ကြပါဘူး။ လူရယ်လို့ဖြစ်လာရင် အနည်းဆုံး နာမည်တစ်ခုကိုတော့ ပိုင်ဆိုင်ထားတတ်ကြပါ တယ်။ မိဘတွေကလည်း မွေးလာတဲ့ သားသမီးအတွက် ကိုယ်တိုင်ရွေးလို့ဖြစ်စေ၊ ဗေဒင်ဆရာနဲ့ရွေးလို့ ဖြစ်စေ နာမည်တွေပေးတတ်ကြပါတယ်။ ဒါပေမယ့် အဲဒီရလာတဲ့ နာမည်ရဲ့ ကောင်းအား၊ ဆိုးအားကိုတော့ ဘယ်သူမှ မသိကြသလို၊ သိဖို့ကိုလည်း မကြိုးစားတတ်ကြပါဘူး။ သိပါတယ်ဆိုတဲ့ ဗေဒင်ပညာရှင်တွေကလည်း ကျနော့်လိုပဲ မပြောရက်တာမျိုး၊ ပြောမထွက်တာမျိုးတွေကြောင့် နာမည် ပိုင်ရှင်တွေမှာ မကောင်းလည်း ကံ၊ ကောင်းလည်းကံ ဆိုပြီးနေထိုင်နေကြရပါတယ်။

အမှန်တော့ … အရာရာကို ကံပေါ် ပုံချဖို့ မကြိုးစားသင့်ပါဘူး။

ရေနွေးကို လက်နဲ့ကိုင်ရင် ပူပါတယ်။ အဲဒါကို ကိုင်မိလို့ ပူတာကို မစဉ်းစားပဲ ပူတာလည်း ကံပဲ၊ ကိုင်မိတာလည်း ကံပဲလို့ ကံကို ပုံချလို့ မရပါဘူး။ ရေနွေးမှန်းသိအောင် ပြောပေးတဲ့သူရှိရမယ်။ အဲဒီ ပြောတဲ့လူရဲ့ စကားကိုလည်း နားထောင်ပြီးမှ အဲဒီရေနွေးကို မကိုင်မိခဲ့ဘူးဆိုရင် လက်ပူစရာအကြောင်း လည်းရှိလာမှာမဟုတ်ပါဘူး။

ဒီလိုပါပဲ … နာမည်တွေမှာ ကောင်းတာ၊ ဆိုးတာ ရှိနိုင်ပါတယ်။ နာမည်ကြောင့် ဖြစ်လာတဲ့ သက်ရောက်မှု မှန်သမျှကို ကံပဲလို့ပြောနေမယ့်အစား … အဲဒီနာမည်ကြောင့် ဆိုးအားတွေ ဖြစ်မလာအောင်၊ ဒါမှမဟုတ် သက်သာအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အတွေးမျိုးက ပိုပြီး သင့်တော်ပါ တယ်။

ဒီနေရာမှာ ပြဿနာက …

  • လူတိုင်း နာမည်အကြောင်း နားမလည်ပါဘူး။
  • နားလည်တဲ့ ဆရာတိုင်းကလည်း အလုံးစုံ မပြောပြကြပါဘူး။

ဒီတော့ ကျနော် အဲဒီပြဿနာကို ခပ်လွယ်လွယ်ပဲ ဖြေရှင်းပေးထားပါတယ်။ ကျနော် နာမည်တွေအကြောင်း မဟောပါဘူး။ မိတ်ဆွေတို့ဘာသာ တိတ်တိတ်လေး လေ့လာပါ။ ကောင်းရင်လည်း တိတ်တိတ်လေး သဘောပေါက်လိုက်ပါ။ ဆိုးရင်လည်း တိတ်တိတ်လေး သဘောပေါက်လိုက်ပါ။ တကယ်ပဲ ကောင်းလား၊ ဆိုးလား မေးစရာမလိုပါဘူး။ နာမည်ပေါင်းများစွာကို လက်တွေ့ လေ့လာနိုင်ပါတယ်။

ကျနော်ကိုယ်တိုင် ခုမှ မွေးလာတဲ့ ကလေးငယ်လေးရဲ့နာမည်ကို မကောင်းဘူးဗျာ … အိမ်ထောင် ၃ ဆက်ဗျ … တော်တော် မျက်နှာများတဲ့ကလေးပဲ … လို့များဟောမိရင် … မှန်တာ၊ မမှန်တာ နောက်ထား … မိတ်ဆွေဟာ ကျနော့်ကို အကြီးအကျယ် စိတ်ဆိုးမှာ သေချာပါတယ်။ ပေါက်ကရတွေလျှောက်ပြော တယ်။ လိမ်ညာပြောတယ်။ ဖြီးနေတယ်။ နိမိတ်မရှိတာတွေပြောတယ်ဆိုပြီး အမျိုးမျိုးလည်း စောဒက တက်လာနိုင်ပါတယ်။

အောက်ပါ Program ကို သုံးလိုက်ပါ။ ကလေးရဲ့နာမည်ကို ကျနော်မသိပါဘူး။ ဒါပေမယ့် ကျနော့် Program ကတော့ မိတ်ဆွေရဲ့ ကလေးနာမည်မှာရှိတဲ့ ကောင်းအား၊ ဆိုးအားတွေကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာပြီး ပြောပြနေပါလိမ့်မယ်။ ကျနော်ဟောတာမဟုတ်ဘူးနော်။ စိတ်မဆိုးနဲ့။ ကျနော်က ကလေးရဲ့နာမည်ကိုတောင် သိတာမဟုတ်ပါဘူး။ ဒါပေမယ့် ကျနော့် Program ကတော့ သိနေတယ်ဗျာ။ ကောင်းခြင်း၊ ဆိုးခြင်းဟာ Program ရဲ့ အလုပ်ဖြစ်နေတာကြောင့် စိတ်ဆိုးရင် သူ့ကို ဆိုးပေါ့။

  • Program က ပြောတာတွေက မှန်ပါ့မလား?
  • အားကိုးလို့ရပါ့မလား?
  • ဖြစ်နိုင်ပါ့မလား?

အဲဒါတွေမမေးပါနဲ့။ မိတ်ဆွေသိတဲ့ နာမည်တွေ အကုန်လေ့လာကြည့်ပါ။ လက်တွေ့စောင့်ကြည့်ပါ။ အနာဂတ်က သက်သေခံပါလိမ့်မယ်ဗျာ ….


Program ကို အသုံးပြုချင်ရင် အောက်ပါ ခလုတ်ကို နှိပ်ပါ။


Program အသုံးပြုရန်


ဘယ်လိုအသုံးပြုရသလဲ နမူနာကြည့်ချင်ရင် အောက်ပါ Video မှာကြည့်ပါ။