အသက် 17 နှစ်မပြည့်သေးတဲ့ ကလေးတိုင်းအတွက် ဒီနည်းလမ်းလေးကို မျှဝေလိုက်တာပါ။ အထူးသဖြင့် လသားကလေးတွေအတွက် အထူးရည်ရွယ်ပါတယ်။ ကလေးတစ်ယောက် အကြောင်းအမျိုးမျိုးနဲ့ ကျန်းမာရေးညံ့နေပြီဆိုရင် ဒီနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ ဒီနည်းလမ်းကို အသုံးပြုလို့ ဆေးထိုးဆေးသောက်လုပ်စရာမလိုတော့ဘူးလို့ ဆိုလိုခြင်းမဟုတ်ပါဘူး။ ရောဂါဖြစ်လာရင် ဆရာဝန်နဲ့တိုင်ပင်ရမှာဖြစ်ပါတယ်။ ကျနော်ဆိုလိုတာက မလိုအပ်ပဲချူချာမှုတွေများမနေအောင်၊ ဖြစ်လာတဲ့ကျန်းမာရေးအညံ့တွေကို ဆေးတိုးပြီးအမြန်ဆုံးသက်သာပျောက်ကင်းအောင်ရည်ရွယ်ပါတယ်။ တနည်းပြောရရင်... ကျန်းမာရေးအညံ့တစ်ခုဟာ ကံ၊ စိတ်၊ ဥတု၊ အာဟာရဆိုပြီး အကြောင်းတရားလေးမျိုးနဲ့တိုက်ဆိုင်ပြီးဖြစ်လေ့ရှိပါတယ်။ ဒီအထဲက... ကံကြောင့် နဲ့ စိတ်ကြောင့်ဖြစ်လာရတဲ့ ကျန်းမာရေးအညံ့မျိုးအတွက် ရည်ရွယ်ခြင်းဖြစ်ပါတယ်။
👉 မွေးနံသစ်ရွက်တစ်ရွက်
👉 ဖန်ခွက်အလွတ်တစ်လုံး
👉 ကြည့်မှန်အဝိုင်း အသေးတစ်ချပ်
👉 ကျောက်စရစ်ခဲတစ်လုံး
ကျန်းမာရေးညံ့နေတဲ့ ကလေးရဲ့ နာမည်၊ မွေးသက္ကရာဇ်၊ မွေးနံ၊ အသက် စသည်ကို ပြည့်စုံအောင် ကလေးရဲ့ မွေးနံသစ်ရွက်ပေါ်မှာရေးပါ။ မွေးနံသစ်ရွက်ဆိုတာ...
တနင်္ဂနွေသားသမီးကလေးငယ်များအတွက် အင်ရွက်။ အုန်းရွက်။
တနင်္လာသားသမီးကလေးငယ်များအတွက် ကံ့ကော်ရွက်။ ကြံရွက်။
အင်္ဂါသားသမီးကလေးငယ်များအတွက် ဇော်စိမ်းရွက်။
ဗုဒ္ဓဟူးသားသမီးကလေးငယ်များအတွက် ရွက်လှရွက်။
ကြာသပတေးသားသမီးကလေးငယ်များအတွက် ပေါက်ရွက်။ ပျဥ်းမရွက်။
သောကြာသားသမီးကလေးငယ်များအတွက် သီဟိုဠ်ရွက်။
စနေသားသမီးကလေးငယ်များအတွက် ထိန်ရွက်။ ထန်းရွက်။
စသည်အရွက်ပေါ်မှာရေးရမှာပါ။ ရေးပြီးရင် ဖန်ခွက်အလွတ်တစ်လုံးထဲထည့်ပြီး အပေါ်ကနေ အဖုံးဖုံးသလို ကြည့်မှန်အသေး ( အဝိုင်း ) တချပ်နဲ့ဖုံးဖိလိုက်ပါ။ ဖုံးတဲ့အခါ ကြည့်တဲ့ဘက်က ဖန်ခွက်ဘက်ဖြစ်ရပါမယ်။ ဆိုလိုတာက မှန်ရဲ့ကြည့်တဲ့ဘက်အခြမ်းနဲ့မှောက်ဖုံးထားရမှာပါ။ ပြီးရင် မှန်ပေါ်မှာ ကျောက်စရစ်ခဲတစ်လုံးဖိတင်ထားပါ။ အစီရင်က ဒါပါပဲ။ ဒီအစီရင်လေးကို ဘုရားစင်ပေါ်တင်ထားပြီး သမ္ဗုဒ္ဓေဂါထာဖြင့် နေ့စဥ် ၇ ခေါက်ရွတ်ဆိုပူဇော်ပေးရင်း ကလေးငယ်ရဲ့ကျန်းမာရေးအတွက် ဆုတောင်းပေးပါ။ အထဲက အရွက်ကလေး ခြောက်သွားတိုင်းအသစ်လဲပေးပါ။ ( လုံးဝအခြောက်မခံတာ ပိုကောင်းပါတယ်။ )