ဒီနေ့ … Messenger မှာပို့ထားတဲ့စာတွေဖတ်လိုက်ရတယ်။ စာတွေက များတော့ တစ်ဦးစီလိုက်ပြီး စာမပြန်ချင်တော့ဘူး။ ဒီတော့ တူညီရာခေါင်းစဉ်လေးတွေစုစည်းပြီး … သူတို့လည်း အဆင်ပြေအောင်၊ အားလုံးလည်း ဗဟုသုတရအောင် ဒီနေရာကနေပဲ ပြန်ကြားလိုက်ပါတယ်။ အဆင်ပြေမယ်လို့ မျှော်လင့်မိ ပါတယ်။ မရှင်းတာရှိရင်တော့ စာချန်ထားပေါ့ခင်ဗျာ … အဆင်သင့်သလို ပြန်လည်ဖြေကြားပေးပါမယ်။ ဒီနေ့ အမေးအများဆုံးမေးခွန်းတစ်ခုကတော့ … အချစ်ရေးမှာ ကံမကောင်းကြတဲ့ မေးခွန်းမျိုးတွေပါ။ အထူးသဖြင့် … မိမိချစ်သူက မိမိအပေါ်အမြင်မကြည်လို့ စိတ်ဆင်းရဲရတာမျိုး၊ တစ်ယောက်နဲ့တစ် ယောက်နားလည်မှုမပေးနိုင်ကြပဲ အမြဲတကျက်ကျက်ရန်ဖြစ်နေရတာမျိုး၊ မိမိဘက်က မေတ္တာထားပါ လျှက် မိမိချစ်သူကတော့ မသိဟန်ပြုရင်း အခြားမိန်းကလေးတစ်ယောက်အပေါ်မှာ သာယာနေတာမျိုး၊ မိမိချစ်ခဲ့ဖူးသမျှ ချစ်သူတိုင်းဟာ အမြဲတမ်းမိမိအပေါ်မှာ သစ္စာစောင့်သိခြင်းမရှိပဲ အမြဲလိုလို ဖောက်လွဲ ဖောက်ပြန်လုပ်နေတာမျိုး စသဖြင့်မေးခွန်းတွေဖြစ်ပါတယ်။ ဒီမေးခွန်းတွေကို တစ်ချက်ခြင်းစီဖြေရမယ် ဆိုရင် ပြောရမယ့် စကားတွေအများကြီးဖြစ်လာနိုင်ပါတယ်။ ဒီမှာတော့ အကျဉ်းလောက်ပဲ ဆွေးနွေးပေး ပါမယ်။ စာပိုရှည်သွားမှာ စိုးလို့ပါ။

ဘာလို့အချစ်ကံမကောင်းရသလဲ … ?

အချစ်ကံမကောင်းဘူးဆိုတာ ကိန်းကံတွေကြောင့်လို့ ခြုံငုံပြောလို့ရပေမယ့် … သိပ္ပံနည်းကျ အရင် ရှင်းပြရရင် …

( ၁ ) မိမိကိုယ်တိုင်က မိမိချစ်သူရဲ့စရိုက်ကို မစူးစမ်းမိလို့ …

( ၂ ) မိမိကိုယ်တိုင်က မိမိချစ်သူအပေါ်မှာ ယုံစားမိလွန်းလို့ …

( ၃ ) မိမိကိုယ်တိုင်က မိမိချစ်သူအပေါ်မှာ အလိုလိုက် အကြိုက်ဆောင်မိလွန်းလို့ …

( ၄ ) မိမိကိုယ်တိုင်က အချစ်ရေးကို ပေါ့ပေါ့တန်တန်သဘောထားနေလို့ …

( ၅ ) မိမိကိုယ်တိုင်က မိမိချစ်သူအပေါ်မှာ နားလည်မှုမပေးနိုင်လို့ …

စတဲ့အချက်တွေပေါ်မှာလည်း မူတည်နေတတ်တာကို တွေ့ရပါတယ်။ ဒါကြောင့် မိမိရဲ့အားနည်းချက်တွေ ကိုလည်း အရင်ဆုံးစစ်ဆေးကြည့်သင့်ပါတယ်။ ဥပမာအားဖြင့် … မိမိအနေနဲ့ ချစ်သူဆေးလိပ်သောက်ကို မကြိုက်လို့ ဖြတ်ခိုင်းတယ်ဆိုပါတော့ … ချစ်သူက ဖြတ်မယ်ပြောပြီး မိမိရှေ့မသောက်ပဲ ကွယ်ရာခိုး သောက်နေတာကို မိမိက ပြန်သိရတဲ့အခါ ဘယ်လိုဖြစ်နိုင်ပါသလဲ … ဒီအခြေအနေမျိုးမှာ ဖြစ်နိုင်စရာ အချက် ( ၂ ) ခု ရှိပါတယ်။

( က ) ချစ်သူက ဆေးလိပ်ဖြတ်ပါမယ်လို့ ကတိပေးပြီးမှ ကွယ်ရာမှာ ပြန်သောက်နေတဲ့အတွက် စိတ်အလိုမကျဖြစ်လာမယ်။ ဒေါသဖြစ်လာမယ်။ သက်သေထူပြီး ပြဿနာရှာမိမယ်။ ကတိမတည်တဲ့ ချစ်သူအဖြစ် သတ်မှတ်လိုက်မယ်။ မယုံတော့ဘူး၊ အမြဲရန်လိုတတ်လာမယ်။

( ခ ) ချစ်သူက ဆေးလိပ်ဖြတ်ပါမယ်လို့ ကတိပေးပြီး ရှေ့မှာ မသောက်ပဲ နောက်ကွယ်မှာသောက်တဲ့ အတွက် ပြောမရလည်း နေပါစေ၊ ငါ့ရှေ့လာသောက်တာမှမဟုတ်ပဲ … မသိအောင်သောက်နေတာကို ငါမသိဟန်ဆောင်ပေးလိုက်ပါမယ်။ ဆက်ပြောလည်း ရန်ဖြစ်ရမှာပဲ။ ငါပဲ စိတ်ပျက်ရမယ်။ ပြောမရတဲ့ လူကို ပြောနေတာထက် မသိဟန်ဆောင်လိုက်ရတာက ပိုကောင်းပါတယ်။ နောက်မှ ကြုံတော့လည်း ထပ်ပြောတာပေါ့ …

ဒီအခြေအနေနှစ်ခုမှာ ပထမတစ်ခုက ထိပ်တိုက်ရင်ဆိုင်ခြင်းလို့ခေါ်ပါတယ်။ ချက်ခြင်းတုန့်ပြန်လိုက်တာ မျိုးပါ။ ဒီနည်းက မဖြစ်သင့်ပါဘူး။ ဆေးလိပ်သောက်တဲ့အပြစ်ဟာ ကြီးမားတဲ့အပြစ်လည်း မဟုတ်ပါဘူး။ ဒါကို ကိုယ်က နားလည်မပေးပဲ … ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်နိုင်ပါ သည်ဆိုတဲ့ ဆောင်ပုဒ်အတိုင်း တိတိကျကျကြီးကို စည်းကမ်းထုတ်၊ မလိုက်နာရင် ပြဿနာရှာမယ်ဆိုရင် တော့ မိမိရဲ့ အတ္တဟာ အလွန်ကို ကြီးမားတဲ့ အတ္တတစ်ခုအဖြစ်ပြောင်းလဲသွားနိုင်ပါတယ်။ ဒီလိုထိပ်တိုက် ရင်ဆိုင်မှုတွေ များလာရင်တော့ အချစ်ရေးဖြစ်ဖြစ်၊ အိမ်ထောင်ရေးဖြစ်ဖြစ် ထိခိုက်မှုတွေ များလာတော့မှာ ဖြစ်ကြောင်း သတိပြုရပါမယ်။ ဒုတိယတစ်ခုကတော့ သွယ်၀ိုက်ရင်ဆိုင်ခြင်းလို့ ခေါ်ပါတယ်။ ပြောမရတဲ့ တဖက်လူကို နားလည်ပေးလိုက်တဲ့သဘောပါ။ တဖက်လူက မိမိရှေ့ဆေးလိပ်လာမသောက်ဘူးဆိုတာ ဟာ မိမိစကားကို နားထောင်လိုက်ခြင်းတမျိုးပါပဲ … ဒါပေမယ့် မိမိကွယ်ရာမှာ သောက်ဖြစ်တဲ့အခြေ အနေကတော့ မိမိကို စကားကို နားမထောင်ဘူး၊ မိမိကို ဂရုမစိုက်ဘူးဆိုတာထက် သူကိုယ်တိုင် မဖြတ်နိုင် သေးလို့ မစွန့်လွှတ်နိုင်သေးလို့ဖြစ်ပါတယ်။ ဒါကို မိမိက နားလည်ပေးလိုက်တာပါ။ ဒီအခြေအနေမျိုးဟာ နောက်ပိုင်းတွေမှာ ညှိနှိုင်းရင်းနဲ့ ပြေလည်ချင်လည်း ပြေလည်သွားနိုင်တဲ့အခြေအနေဖြစ်ပါတယ်။

ဒါပေမယ့် လက်တွေ့တွေမှာ အချို့သောချစ်သူစုံတွဲတွေဟာ တစ်ယောက်နဲ့တစ်ယောက်လွှမ်းမိုးလိုစိတ် တွေ အားကြီးပြီး အတ္တတွေပြိုင်ဖြစ်တတ်ကြပါတယ်။ ငါပြောရင် သူလိုက်နာရမယ်။ ငါ့ကို ချစ်တယ်ဆိုရင် လိုက်နာပေးရမှာပေါ့ … ကတိတည်ပေးရမှာပေါ့ ဆိုတဲ့ အတ္တတွေများလာပြီး မိမိပြောတိုင်းမဖြစ်တဲ့အခါ ပြဿနာပေါင်းများစွာ ရင်ဆိုင်ရတော့တာပါပဲ … တချို့တချို့သော ဉာဉ်စရိုက်တွေဟာ ပြုပြင်ဖို့ အင်မတန် ခက်ပါတယ်။ သဘောတရားကို နားလည်ပြီး ပါးပါးနပ်နပ် ပြုပြင်ပေးတတ်မှသာ တခါတလေ အဆင်ပြေတတ်တာမျိုးပါ။ နေရာတကာ ကိုယ်ဖြစ်စေချင်တာတွေ သူမဖြစ်မနေ လုပ်ပေးရမယ်လို့ တရား သေမယူဆသင့်ပါဘူး။ အကြောင်းကြောင်းကြောင့် တဖက်လူက မိမိဖြစ်စေချင်တာကို မလုပ်ပေးနိုင်တဲ့ အခါ ပြဿနာဖြစ်စရာတွေ ကြုံတွေ့လာနိုင်ပါတယ်။ ဘုရားသော်မှ မချွတ်နိုင်တဲ့ လူသားတွေ ရှိခဲ့ဖူးသေး တာပဲ .. သာမန်လူတစ်ယောက်ဖြစ်တဲ့မိမိကရော … တဖက်လူကို အလုံးစုံပြုပြင်ပြောင်းလဲသွားအောင် ပြုလုပ်နိုင်မည်။ လွှမ်းမိုးနိုင်မည်ဟု ယူဆနေပါသလား … ဒီလိုယူဆနေရင်တော့ သေချာပါတယ်။ မိတ်ဆွေဟာ အချစ်ကံကောင်းဖို့ မဖြစ်နိုင်သေးပါဘူး။ ချစ်သူဘ၀မှာ မိမိနဲ့တဖက်မိမိချစ်သူဟာ နားလည် တတ်မှု၊ စာနာတတ်မှု၊ ခိုင်မြဲတဲ့သံယောဇဉ်ဆိုတာမျိုးတွေနဲ့ အချစ်ကိုတည်ဆောက်ရမယ့်အစား … အလိုလိုက်၊ အကြိုက်ဆောင်ခြင်း၊ Sex တစ်ခုနဲ့အချစ်ကိုတည်ဆောက်ခြင်း၊ ယုံစားလွယ်ခြင်း၊ အတ္တကြီးလွန်းခြင်း စတဲ့စရိုက်တွေနဲ့ အချစ်ကို တည်ဆောက်မိခဲ့မယ်ဆိုရင်တော့ အချစ်ကံကောင်းဖို့ဆို တာ မဖြစ်နိုင်တဲ့ အခြေအနေတစ်ခုဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် မိမိဘက်က အားနည်းချက်တွေကို အရင်ဆုံးစစ်ဆေးခိုင်းတာပါ။ ဒါပေမယ့်လည်း မိမိဘက်က အမှားအယွင်းမရှိခဲ့ဘူး။ အတ္တကြီးခဲ့တာလည်း မဟုတ်ဘူး။ တဖက်လူကိုက သစ္စာမထားနိုင်တာ … ဒါမှမဟုတ် … မိမိကံကိုက အချစ်ကံခေသလိုဖြစ်နေ တာမျိုးဆိုရင်တော့ ခု ကျနော်ပေးမယ့်နည်းလမ်းလေးကို အသုံးပြုကြည့်နိုင်ပါတယ်။

မိမိနဲ့မိမိချစ်သူရဲ့ဓာတ်ပုံနှစ်ခုကို လိုင်စင်ဓာတ်ပုံအရွယ်ရအောင် ပြုလုပ်ထားပါ။ လိုင်စင်ဓာတ်ပုံရိုက်ထား တာမျိုးဆိုရင်လည်း သုံးလို့ရပါတယ်။ ပြီးတော့ အဲဒီဓာတ်ပုံအရွယ်အစားအတိုင်း စက္ကူအဖြူအလွတ်တစ် ခုကို ဖြတ်ယူထားပါ။ ပြီးရင် … စွယ်တော်ရွက်တစ်ရွက်ရှာထားပါ။ စာရွက်အဖြူပေါ်မှာ မိမိနာမည်+ ချစ်သူနာမည်ကို ရေးပါ။ ရေးပုံနမူနာဖော်ပြထားပါတယ်။ အဲဒီအတိုင်းရေးပေးရမှာပါ။ ရေးတာကတော့ ခဲတံနဲ့ရေးရေး၊ ဆော့ပင်နဲ့ရေးရေးရပါတယ်။ ခဲတံကတော့ ပိုကောင်းပါတယ်။ ကြိုက်တာနဲ့ရေးပါ။ ပြီးရင် အဲဒီစာရွက်ကို ဓာတ်ပုံနှစ်ပုံကြားမှာ ညှပ်လိုက်ပါ။ ဓာတ်ပုံတွေက မျက်နှာချင်းဆိုင်အနေအထားဖြစ်နေ ရပါမယ်။ ပြီးရင် အဲဒီဓာတ်ပုံတွေကို လိပ်လိုက်ပါ။ အပေါ်ကနေ စွယ်တော်ရွက်နဲ့ထပ်အုပ်ပြီး လိပ်ပေးပါ။ ဒါဆိုရင် အထဲမှာ ဓာတ်ပုံတွေရှိနေတဲ့ စွယ်တော်ရွက်လိပ်ကလေးတစ်ခု ရရှိပါလိမ့်မယ်။ ပြန်မပြေအောင် ကတော့ အနီရောင်အပ်ချည်ကြိုးသုံးပြီးချည်ထားလိုက်ပေါ့။ ပြီးရင် အဲဒီအလိပ်ကလေးကို လက်ဝါးပေါ် တင် … “ ဥုံ ပီယဝါယေ ပီယေသွားဟုံ ” ဆိုတဲ့ဂါထာနဲ့ ၃၇ ခေါက်ရအောင်ရွတ်ဖတ်ပေးပါ။ ပြီးရင် အဲဒီအလိပ်လေးကို မိမိအိပ်တဲ့ ခေါင်းအုံးအောက်မှာ ထားအိပ်ပါ။ ညစဉ်ညတိုင်း အဲဒီအလိပ်လေးကို ကိုင်ပြီး မိမိဖြစ်စေချင်တာကို ဆုတောင်းပြီးမှ အိပ်ပါ။ ထူးလာပါလိမ့်မယ်။ အစီရင်ကတော့ ဒါပါပဲ … နားလည်မယ်လို့ ထင်ပါတယ်။ အဆင်ပြေကြပါစေဗျာ …