လူဆိုတာ... အမြဲတမ်းစိတ်ချမ်းသာနေတယ်ရယ်လို့ လောကမှာမရှိနိုင်ပါဘူး။ ဆင်းရဲသားလည်း ဆင်းရဲတဲ့ဒုက္ခရှိသလို၊ ရှင်ဘုရင်လည်း ချမ်းသာတဲ့ဒုက္ခဆိုတာရှိနိုင်တာပဲ။ ဒါကြောင့်လည်း ဒုက္ခသုက္ခရယ်လို့ ဆိုကြတာပေါ့။ ဒုက္ခဆိုတာ ဆင်းရဲတာ။ မရှိတဲ့အတွက် လိုချင်တာမျိုး၊ ပူလောင်တာမျိုး။ သုခဆိုတာ ချမ်းသာတာ။ ရှိနေတဲ့အတွက် ပြည့်စုံနေတာမျိုး၊ အေးချမ်းနေတာမျိုး။ သုက္ခဆိုတာ ရှိပေမယ့်လည်း မပြည့်စုံတာ၊ ထပ်ပြီးလိုချင်နေတာမျိုးကိုပြောတာပါ။ ဥပမာနဲ့ရှင်းပြရရင်....

ဒုက္ခ = ကားမရှိတဲ့အတွက် စိတ်ဆင်းရဲနေတယ်။
သုခ = ကားရှိတဲ့အတွက် စိတ်ချမ်းသာနေတယ်။
သုက္ခ = ကားရှိပေမယ့်လည်း ဟောင်းနေလို့ အသစ်မဝယ်နိုင်လို့ စိတ်ပင်ပန်းနေတယ်။ သို့မဟုတ် သူများက ကားအကောင်းစားစီးနိုင်တာကြည့်ပြီး ကိုယ့်ရှိတဲ့ကားနဲ့ အားမရလို့ စိတ်ပင်ပန်းရတယ်... ဒီလိုပြောချင်တာပါ။

ဒီတော့... စိတ်ရှုပ်စရာတွေ၊ စိတ်ညစ်စရာတွေက လူတိုင်းမှာရှိပါတယ်။ အနည်းအများ ကွာချင်ကွာနိုင်ပါတယ်။ ဒါပေမယ့် စိတ်ညစ်စရာတွေကတော့ တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။ တချို့ စီးပွားရေးအဆင်မပြေလို့စိတ်ညစ်ရတယ်။ တချို့ စီးပွားအဆင်ပြေပေမယ့် အိမ်ထောင်ရေးမကောင်းလို့စိတ်ညစ်ရတယ်။ တချို့ ကျန်းမာရေးကြောင့်။ တချို့ စီးပွားရော၊ အိမ်ထောင်ရော၊ ကျန်းမာရေးရော အားလုံးကြောင့်စိတ်ညစ်နေကြရပါတယ်။
စိတ်ညစ်စရာတွေကြုံလာတဲ့အခါ... ငါကမှ လောကမှာ စိတ်ညစ်စရာအကောင်းဆုံး၊ ငါ့လောက်ဘယ်သူမှ စိတ်ညစ်ကြမှာမဟုတ်ဘူးလို့ မထင်လိုက်ပါနဲ့... လောကမှာ နှိုင်းယှဥ်ကြည့်တတ်ရင် ကိုယ့်ထက်စိတ်ညစ်ရသူတွေများစွာရှိနိုင်ပါတယ်။ ပမာပြုရရင်... မပဋာပဲကြည့်ပေါ့ ... ဒါပေမယ့်လည်း... လူသဘာဝအရ... ကိုယ့်လက်ပူမှ ပူမှန်းသိဆိုသလို... အခြားသူတွေရဲ့ဒုက္ခတွေဟာ ဒဏ္ဍာရီလိုလို၊ ပုံပြင်လိုလိုထင်တတ်ကြပြီး ကိုယ့်ဒုက္ခကမှသာ အမြင့်ဆုံးလို့ထင်တတ်ကြပါတယ်။
လုပ်တိုင်းမဖြစ် စိတ်မညစ်နဲ့၊ ကိုယ်လုပ်တိုင်းသာဖြစ်နေပါက၊ ဘယ်မှာအနတ္တရှိမည်နည်း... လို့ ဆုံးမစကားရှိသလိုပဲ... ဘာတွေပဲဒုက္ခကြုံကြုံ၊ ဘာကြောင့်ပဲစိတ်ညစ်၊ စိတ်ညစ်... ကိုယ့်စိတ်ကို တရားနည်းလမ်းတကျ ဖြေရှင်းပေးသင့်ပါတယ်။ ကိုယ့်ထက်နိမ့်ကျသူတွေနဲ့ နှိုင်းယှဥ်ကြည့်ပါ။ ကိုယ့်ထက်မြင့်သူတွေနဲ့ လိုက်ပြီးနှိုင်းယှဥ်မနေပါနဲ့။ ပိုပြီးစိတ်ပင်ပန်းသွားနိုင်ပါတယ်။... လူတစ်ယောက် အမြင့်ခုန်နိုင်တာကြည့်ပြီး ... ငါလည်း သူ့လိုလူသားတစ်ယောက်ပဲ ငါ့ကျမှ ဘာလို့မခုန်နိုင်ရသလဲလို့ စိတ်ပင်ပန်းနေမယ့်အစား သူအချိန်ဘယ်လောက်ပေးပြီးလေ့ကျင့်ခဲ့ရသလဲ၊ ဘယ်လိုစနစ်တွေနဲ့လေ့ကျင့်နေလဲ၊ ငါကရော ဘယ်နှစ်လကျင့်ပြီးပြီလဲ။ ဘာစနစ်တွေသုံးနေသလဲဆိုတာမျိုး တွေးသင့်ပါတယ်။
စိတ်ညစ်စရာတွေကို ဖြေရှင်းမှုမရှိပဲ အကြောင်းမဲ့သက်သက် စိတ်ညစ်နေမယ့်အစား ဖြေရှင်းမှုတွေ၊ စိတ်ဖြေလျော့မှုတွေ များစွာလုပ်ထားသင့်ပါတယ်။ လူတချို့... ရင်ဖွင့်လိုက်ရင် စိတ်ညစ်စရာတချို့ သက်သာသွားတယ်လို့ဆိုကြပါတယ်။ မှန်သင့်သလောက်မှန်ပါတယ်။ ဒါပေမယ့် ခဏတာလောက်ပဲ အသုံးဝင်ပါတယ်။ ဒီကြားထဲ ကိုယ်ရင်ဖွင့်လိုက်မိသူက လူကောင်းဖြစ်နေရင်အကြောင်းမဟုတ်၊ လူဆိုးဖြစ်နေရင် ကိုယ့်အားနည်းချက်ကို ဖွင့်ပြရာကျတာမို့ နောက်ဆက်တွဲပြဿနာက ရှိပါသေးတယ်။ ဒါကြောင့် ရင်ဖွင့်တိုင်ပင်ဖော်ကလည်း ရွေးချယ်တတ်ဦးမှပါ။ ကိုယ့်ကို အားပေးကူညီတတ်သူမဟုတ်ရင်တောင် ကိုယ့်အတွက် ယုံကြည်စိတ်ချစွာ နားထောင်ပေးနိုင်မယ့်သူမျိုးကိုရွေးချယ်သင့်ပါတယ်။ ကိုယ့်ကို အားပေးကူညီရုံမက အကြံကောင်းပါပေးနိုင်ပြီး ယုံကြည်စိတ်ချရမယ့် လူတစ်ယောက်ဆိုရင်တော့ အကောင်းဆုံးပေါ့ဗျာ...
စိတ်ညစ်စရာကြုံလာရင် ... ဘာကြောင့်ပဲစိတ်ညစ်ညစ်... ဘာသာတရားများများလုပ်ပါ။ သီချင်းများများနားထောင်ပါ။ ကိုယ်လက်လေ့ကျင့်ခန်းတွေလုပ်ပါ။ စသဖြင့် စိတ်ပညာရှင်တချို့က အကြံပေးကြပါတယ်။ ကျနော်ကလည်း လောကီပညာရှင်ဆိုတော့ လောကီပညာလေးတစ်ခုနဲ့ မိတ်ဆွေရဲ့ စိတ်ညစ်စရာတွေနဲ့ စိတ်ဓာတ်ကျနေတာတွေကို ကူညီပေးပါမယ်။ ကျနော်ပြောသလို ယုံယုံကြည်ကြည်နဲ့လိုက်လုပ်ပေးပါ။ မိတ်ဆွေအတွက် အကျိုးမယုတ်စေရဘူးလို့ အာမခံပါတယ်။ ပိုက်ဆံမပေးရဘူးဆိုပြီး ပေါ့ပေါ့တန်တန်တော့မလုပ်ကြနဲ့ပေါ့ဗျာ... ဂါထာပေး တေးဖြစ် ဆိုသလို... တန်ဖိုးထားရမယ့် ပညာတစ်ရပ်ကို တန်ဖိုးမထားပဲ ပေါ့ပေါ့တန်တန်ထားမှာလည်းစိုးရပါတယ်။ ပုံမှန်ဆိုရင် ကျနော်တင်ပြမှာမဟုတ်ပါဘူး။ Covid ကာလမှာ လူတိုင်းနီးပါး သောကတွေကြုံနေရတဲ့အတွက် ကျနော်တတ်နိုင်တဲ့ဘက်က လုပ်ပေးရတဲ့သဘောပါ။
ဒီနည်းကို အိပ်ခါနီးမှာလုပ်ရပါမယ်။ တနည်းအားဖြင့် ဗာဟီရကိစ္စတွေပြီးလို့ အိပ်တော့မယ်ဆိုပြီး ပက်လက်လှန်ချလိုက်တဲ့အချိန်ဟာ ဒီနည်းစတင်ရမယ့်အချိန်ပါပဲ။ အောက်မှာ ကျနော်တံဆိပ်တစ်ခုဆွဲပေးထားတယ်။ အဲဒါကို အရင်ဆုံး Print ထုတ်ယူပြီး ပလတ်စတစ်ကဒ်လောင်းထားဖို့လိုပါတယ်။
ပြီးရင် မိမိအိပ်မယ့်ခေါင်းအုံးအောက်မှာထည့်ထားပါ။ ဒါပေမယ့် ပြီးပြီးရောထည့်ထားတယ်လို့ မမြင်စေချင်ပါဘူး။ မိမိစိတ်ထဲမှာ အလင်းလုံးကြီးတစ်ခုကိုခေါင်းအုံးအောက်ထဲထည့်လိုက်တဲ့အတွက် အဲ့ဒီအလင်းလုံးကနေဖြာထွက်လာတဲ့အလင်းတွေဟာ ခေါင်းအုံးတစ်ခုလုံးကို လင်းထိန်သွားလိုက်တာ ခေါင်းအုံးတစ်ခုလုံး နေရာလပ်မကျန်အောင် လင်းထိန်သွားတယ်လို့မြင်ယောင်ထားရမှာပါ။ ဒီအလင်းတွေဟာ နယ်နယ်ရရမဟုတ်ဘူး။ ကိုယ့်ရဲ့စိတ်ဒုက္ခတွေကို လောင်မြိုက်ဖျက်စီးပေးမယ့်အလင်းမျိုး။ မိမိစိတ်ဓာတ်ခွန်အားကို အားအဖြစ်ဖြည့်သွင်းပေးမယ့် အလင်းမျိုးလို့ လေးလေးနက်နက် ယုံကြည်ထားရပါမယ်။ စိတ်အလုပ်တွေပါဝင်လာတဲ့အတွက် မိမိစိတ်က အလေးအနက်ထားပြီးယုံကြည်နေဖို့လိုပါတယ်။ ပြီးရင် အဲဒီအလင်းခေါင်းအုံးပေါ်မှာ ကိုယ်က အိပ်ချလိုက်တယ်။ အလင်းဓာတ်ဟာ မိမိဦးခေါင်းနောက်ကနေတဆင့် ချိတ်ဆက်မိပြီး ခန္ဓာကိုယ်တစ်ခုလုံးလင်းထိန်သွားတယ်လို့အာရုံပြုပါ။ ဒီအဆင့်ပြီးရင် မိမိခန္ဓာကိုယ်တစ်ခုလုံးကို ဖြေလျော့ချပေးလိုက်ဖို့လိုပါတယ်။ ဥပမာပေးရရင် စောင်တထည်ကို လက်နဲ့မယူပြီးမှ လွှတ်ချလိုက်တဲ့အခါ စောင်ဟာ ပုံကျသွားသလို မိမိခန္ဓာကိုယ်ကိုလည်း ပုံချလိုက်သလို အကြောတွေလျော့ချပစ်ရပါမယ်။ စာနဲ့ရေးပြရတာရှည်လျားပေမယ့် တကယ်လုပ်ကြည့်ရင် ဘာမှမခက်ခဲပါဘူး။ ဖြေလျော့ပြီးတဲ့အခါ လူဟာ အေးချမ်းသလို၊ သက်သောင့်သက်သာအခြေအနေရှိလာပါလိမ့်မယ်။ ဒီအချိန်မှာ အောက်ပါအတိုင်း ( သို့မဟုတ် ) မိမိနှစ်သက်သလို ရွတ်ဆိုပေးရပါမယ်။ ဂါထာရွတ်သလို အထပ်ထပ်ရွတ်ပေးပါ။ အိပ်ချင်လာတဲ့အထိရွတ်ပါ။ ရွတ်ရင်းနဲ့လည်း အိပ်ပျော်ချင်ပျော်သွားပါမယ်။ အိပ်မပျော်လည်း အိပ်ချင်လာပါလိမ့်မယ်။ အိပ်ချလိုက်ပါ။ နေ့စဥ်လုပ်ပေးပါ။ စိတ်အလုပ်ဟာ စိတ်ရှည်ရပါမယ်။ တခါနှစ်ခါလောက်လုပ်ပြီး ပစ်ထားရင်တော့ မိမိတာဝန်သာဖြစ်ပါတယ်။ နေ့စဥ်လုပ်ပေးရင်တော့ မိတ်ဆွေလုပ်သလောက် မုချအကျိုးခံစားရမှာပါ။ ထားပါတော့ ဘာပြောရမလဲဆိုရင် ...
" ငါအရမ်းစိတ်ညစ်နေတယ်။ ငါ့မှာစိတ်ညစ်စရာတွေအများကြီးရှိတယ်။ ဒီစိတ်ညစ်စရာတွေကို ဖြေရှင်းပေးမယ့် နည်းလမ်းတစ်ခုကို ငါစတင်လုပ်ဆောင်နေပြီ။ ဒီနည်းလမ်းဟာ ငါ့မှာရှိတဲ့စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာတွေကို စနစ်တကျ တိုက်ဖျက်ပြီး ဖြေရှင်းပေးလိမ့်မယ်လို့ ငါရိုးသားစွာယုံကြည်တယ်။ ငါ့ယုံကြည်ချက်တွေဟာ ဖြစ်လာလိမ့်မယ်။ ဖြစ်ကိုဖြစ်လာရမယ်။ အခုကိုပဲ ငါအေးချမ်းနေပြီ။ မနက်ရောက်တာနဲ့ ငါ့ရဲ့စိတ်ညစ်စရာတွေဟာ ပြေပျောက်သွားပြီ။ ငါ အေးချမ်းပြီ။ ငါ... အေး... ချမ်း...ပြီ..."
အသက်ကို ပုံမှန်ရှုရင်း စကားကို လေးလေးနက်နက်နဲ့ အထပ်ထပ်ပြောပေးရမှာပါ။ အိပ်စရာရှိရင် အိပ်ချလိုက်ပါ။ အစီရင်လေးကတော့ ဒါပါပဲ... မိတ်ဆွေအတွက် ဘာမှအခက်အခဲမရှိလောက်ဘူးလို့ ယုံကြည်ပါတယ်။ ဒီလိုလုပ်ရုံလေးနဲ့ စိတ်ညစ်စရာတွေက ပြေလည်သွားမှာလားလို့ သံသယမဖြစ်ပါနဲ့မိတ်ဆွေ... သေသေချာချာလေးဖတ်ပြီးသာ လေးလေးနက်နက်လုပ်ပေးပါ။ ဒီနည်းလမ်းအတွက်... ကျနော် တာဝန်ယူပါတယ်။ ဒီနည်းလမ်းနဲ့ ကျနော့်ဘဝကို တည်ဆောက်ခဲ့ဖူးပေါင်းများပါပြီ။ စိတ်ညစ်စရာရှိတိုင်း လုပ်ပေးလို့ရသလို အမြဲတမ်းလည်း လုပ်ပေးနိုင်ပါတယ်။ တစ်ခုပဲသတိပေးပါရစေ ... အိပ်ခါနီး ဗာဟီရကိစ္စတွေမရှိတော့မှ စတင်လုပ်ပါ။ လုပ်ပြီးတာနဲ့အိပ်ရမှာပါ။ တခြားဘာမှထလုပ်ခွင့်မရှိပါဘူး။ ဥပမာ... ကိုယ်က မအိပ်ခင် fb သုံးချင်သေးတယ်ဆိုလည်း သုံးပါ။ သုံးပြီးရင်တော့ လုပ်ပါ။ လုပ်ပြီးမှ fb မှာ ပို့စ်ထတင်ဦးမယ်တော့လုပ်မရပါဘူး။ ဒါပါပဲမိတ်ဆွေ... စိတ်ညစ်စရာက လူတိုင်းမှာရှိပါတယ်။ စိတ်ညစ်ရတိုင်း ဒီနည်းကမိတ်ဆွေကို အမြဲကူညီနေမှာပါ။ အေးချမ်းပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။