အန်စာတုံးနဲ့ ဗေဒင်ဟောပြောနိုင်တဲ့နည်းလမ်းတွေအများကြီးရှိပါတယ်။ ကျနော်လေ့လာမိသလောက် ၇၅ နည်းရှိတာတွေ့ရတယ်။ ဒီထက်မကလည်း ရှိချင်ရှိနိုင်ပါတယ်။ အဲ့ဒီနည်းတွေထဲက အခုကျနော်ပြောပြမယ့်နည်းဟာ တမူထူးဆန်းပြီး ကျနော့်အတွက် လက်တွေ့လည်း အသုံးဝင်ခဲ့တဲ့နည်းမို့ ပညာပေးအစီအစဥ်အနေနဲ့ ကျနော်ဒီကနေသင်ပြပေးပါမယ်။ 

တကယ်တော့ ဒီနည်းလမ်းကို သင်တန်းကဏ္ဍတစ်ခုအနေနဲ့ ဖော်ပြမလို့ပါပဲ... ဒါပေမယ့် သင်တန်းတက်ဖြစ်တဲ့သူတွေသာ ရပြီး သင်တန်းမတက်ဖြစ်သူတွေဟာ ဒီလိုနည်းလမ်းရှိမှန်းကို မသိလိုက်မှာလည်းစိုးရပါတယ်။ ဒါကြောင့် လူသိနည်းပြီး လက်တွေ့အသုံးဝင်နိုင်တဲ့နည်းလမ်းတစ်ခုဖြစ်တာကြောင့် စိတ်ဝင်စားသူတွေ လက်တွေ့အသုံးပြုနိုင်ဖို့ ပြန်လည်မျှဝေလိုက်ပါတယ်။ သင်တန်းမှာ သင်ရိုးအဖြစ် သင်မယ်ဆိုရင်တော့ ဒီထက်အကျယ်ရှင်းပြရမှာပါ။ ဒီမှာတော့ အပိုင်းလိုက် စနစ်တကျတင်ပြနိုင်ဖို့ နေရာအခက်အခဲကြောင့် မကျဥ်းမကျယ်နဲ့ နည်းနာရလွယ်ရုံဖော်ပြပေးပါမယ်။ 

 ပထမဆုံး ကျနော်ဖန်တီးပေးထားတဲ့ အကျဥ်းချုပ်ဇယားလေးကို အရင်ဆုံး နားလည်အောင်ကြည့်ပါ။ ဇယားမှာ အပိုင်းနှစ်ခုပါဝင်ပါတယ်။ ကျနော် 1 နဲ့ 2 ဆိုပြီး ခွဲရေးပြထားသလို ဘောင်တွေပါခတ်ပြထားပါတယ်။ 

ပထမအပိုင်းမှာ ဒွိစုံအန်စာ ၁၈ ခုပါဝင်ပါတယ်။ အဲ့ဒါတွေကို Minor Dice လို့ခေါ်ပါတယ်။ သာမန်အန်စာ ၁၈ ခုလို့ အလွယ်မှတ်ထားပါ။ 

 ဒုတိယပိုင်းမှာ ဒွိစုံအန်စာ ၃ ခုပါဝင်ပါတယ်။ အဲ့ဒါတွေကို Major Dice လို့ခေါ်ပါတယ်။ အထူးအန်စာ ၃ ခုလို့ အလွယ်မှတ်ထားပါ။ 

 ဒွိစုံဆိုတာ အန်စာနှစ်တုံးကနေရလာတဲ့ တန်ဖိုးနှစ်ခုကို ဆိုလိုတာပါ။ ဒါကြောင့် ဒီနည်းလမ်းကို အသုံးချချင်ရင် မိတ်ဆွေတို့မှာ အန်စာနှစ်တုံးရှိသင့်ပါတယ်။ အန်စာက ဘယ်အရောင်ဖြစ်ဖြစ် အရေးတော့မကြီးပါဘူး။ ဒါပေမယ့် ပုံစံတူ၊ အရောင်တူနှစ်ခုဖြစ်ဖို့တော့လိုအပ်ပါတယ်။ ပြီးတော့ အန်စာတွေကို စနစ်တကျသိမ်းဆည်းနိုင်ဖို့ ကတ္တီပါနဲ့ပြုလုပ်ထားတဲ့ ရှုံ့အိတ်လေးရှိရင် ပိုကောင်းပါတယ်။ ဘာကြောင့် ရှုံ့အိတ်လေးထဲထည့်ပြီး သိမ်းသင့်သလဲဆိုတာမျိုးတော့ သင်တန်းမဟုတ်တဲ့အတွက် လျှို့ဝှက်ချက်ကို ထည့်မရှင်းပြတော့ပါဘူး။ အရေးကြီးတယ်လို့သာမှတ်ထားပြီး ကျနော်ပြောသလို တိတိကျကျလိုက်နာနိုင်အောင်လုပ်ပါ။ ဒါမှ လက်တွေ့အကျိုးခံစားရပါမယ်။ အသုံးပြုနည်းက အရမ်းလွယ်တယ်။ ဒါပေမယ့် စဥ်းစားပုံ၊ နိမိတ်ယူပုံက နည်းနည်းမျက်စိလည်နိုင်တယ်။ ဒါကြောင့် ကျနော်ကြုံခဲ့ဖူးတဲ့ လက်တွေ့ဥပမာတချို့နဲ့ ရှင်းပြပေးပါမယ်။ 

ဥပမာ... ( ၁ ) 
တနေ့ ကျနော် ဗေဒင်ဟောခန်းထဲကို မေးမယ့်သူတစ်ယောက်မှမလာလို့ အရမ်းအံ့သြနေပါတယ်။ ပုံမှန်ဆို အနည်းဆုံးတစ်ယောက်လောက်တော့ လာသင့်တာပေါ့။ ဒီလို မလာတာကလည်း တစ်ရက်၊ နှစ်ရက်လောက်ဆို ဖြေသာသေးတယ်။ ခုဟာက ၇ ရက်တိတိရှိနေပြီ။ ဒီတော့ ကျနော့်ကံက ဘာများဖြစ်နေတာလဲပေါ့။ ဒါကိုဖြေရှင်းနိုင်ဖို့ ကျနော့်မှာနည်းလမ်းပေါင်းစုံရှိပါတယ်။ ဒါပေမယ့် ကျနော့်အာရုံက ဗေဒင်စားပွဲပေါ်တင်ထားတဲ့ ရှုံ့အိတ်ကလေးဆီပဲ စိတ်ကရောက်နေတယ်။ ကျနော်ထင်တယ်။ ဒီအိတ်ထဲက အန်စာတုံးတွေက ကျနော့်ကို တခုခုများပြောချင်နေသလားပေါ့။ ဒါနဲ့ အိတ်ထဲက အန်စာနှစ်တုံးကိုထုတ်ယူပြီး လက်နှစ်ဖက်နဲ့ အသာခလောက်လိုက်တယ်။ စိတ်ထဲကနေ ... ငါဘာကြောင့် ကံမကောင်းသလိုဖြစ်နေရတာလဲ၊ ငါဘာတွေသိထားဖို့လိုမလဲလို့ အထပ်ထပ် ရွတ်နေမိတယ်။ ကျေနပ်လောက်အောင်ခလောက်ပြီးမှ ဗေဒင်စားပွဲပေါ်ကို ပစ်ချလိုက်တယ်။ ရလာတဲ့ ဂဏန်းတွေကို ကြည့်လိုက်တော့ ... ၃ နဲ့ ၅ ဖြစ်နေတယ်။ ဒီနေရာမှာ ၅ နဲ့ ၃ မဟုတ်ဘူးလားလို့ မေးလို့ရတယ်။ ဒါပေမယ့် ဒီပညာသဘောအရ အတူတူပါပဲ။ အနည်းနံပါတ်ကနေစပြီးပြောလိုက်တာက ကျနော်ပြထားတဲ့ ဇယားမှာ အလွယ်ရှာတွေ့နိုင်အောင်လို့ပါ။ ဒီတော့ ဇယားကိုကြည့်ပါ။ ၃ နဲ့ ၅ ဒွိစုံတန်ဖိုးကို စည်းကမ်း၊ တာဝန်၊ စိန်ခေါ်မှုများ လို့ အနက်ပြန်ထားပါတယ်။ အဲ့ဒါ သူပြောချင်တဲ့ စကားလုံးတွေပါပဲ။ ခက်တာက ကျနော်သိချင်တာနဲ့ သူပြောနေတာတွေကို ရုတ်တရက် ကျနော် ဆက်စပ်လို့မရဘူးဖြစ်နေတယ်။ စည်းကမ်းအရ ကျနော့်ကို စည်းကမ်းရှိစေချင်တာလား၊ ဒါမှမဟုတ် ကျနော့်ကို စည်းကမ်းမရှိဘူးပြောနေတာလား နားမလည်ဘူး ... ဒါပေမယ့် စိန်ခေါ်မှုများလို့ ပါနေတော့ ကျနော်တွေးလိုက်မိတာက ဒါဟာ ငါ့အတွက် စိန်ခေါ်မှုတစ်ခုပါလား၊ ငါ့ကို ကြံ့ကြံခံနိုင်ဖို့ သတိပေးနေတာလားလို့ စဥ်းစားမိတယ်။ တဆက်ထဲမှာပဲ ... တာဝန်ယူတတ်ဖို့၊ စည်းကမ်းတကျလုပ်တတ်ဖို့ လိုတယ်လို့လည်း စဥ်းစားမိတယ်။ ပြီးတော့ ကျနော့်ဇယားမှာ Minor အတွဲတွေကို သတိထားကြည့်ရင် အတွဲတစ်ခုစီဟာ တန်ဖိုးတူနေတာကို မြင်ရလိမ့်မယ်။ အတွဲ ၉ ခုဟာ ကိန်းဂဏန်း ၉ ခုဖြစ်ကြောင်းလည်း သတိပြုမိမယ်ထင်ပါတယ်။ ဒါကြောင့်... ကျလာတဲ့ ၃ နဲ့ ၅ ကို ဒွိစုံမထားပဲ ခွဲပြီး စဥ်းစားလိုက်တယ်။ ၃ ရဲ့ ဖွင့်ဆိုချက်က ကံကောင်းခြင်း၊ ကြီးပွားတိုးတက်ခြင်း၊ ပညာ လို့တွေ့ရတယ်။ ၅ ရဲ့ဖွင့်ဆိုချက်က ဆက်သွယ်ရေး၊ အသိဥာဏ်၊ လုပ်ငန်း လို့ပြထားတယ်။ ဒီတော့ ... ကျနော်စဥ်းစားမိတယ်။ ခုနေ ငါက ငါ့အလုပ်ကို ငါတာဝန်ယူပါတယ်လို့ သစ္စာဓိဋ္ဌာန်ပြုလိုက်မယ်ဆိုရင် ငါ့ရဲ့ပညာဆိုင်ရာလုပ်ငန်းဟာ ကံကောင်းခြင်းတွေဖြစ်လာနိုင်တယ်။ ဒီတော့ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ စမ်းကြည့်ဦးမှပဲဆိုပြီး ... ဟောပြောချက်အပေါ်မှာသော်လည်းကောင်း၊ ယတြာ၊ အစီရင်အပေါ်မှာသော်လည်းကောင်း တာဝန်ယူကာ ပြုလုပ်ပေးမည်ဖြစ်ကြောင်း သစ္စာပြုလိုက်ပါတယ်။ အဲ့ဒီနေ့က မှတ်မှတ်ရရ လူရှစ်ယောက် ဗေဒင်လာမေးခဲ့ပါတယ်။ ထူးခြားတာက လာမေးကြတဲ့သူတွေထဲမှာ တယ်လီဖုန်းအရောင်းဆိုင်ပိုင်ရှင် နှစ်ဦးပါလာခြင်းပါပဲ။ ဒါဟာ ဆက်သွယ်ရေးပဲပေါ့။ 

ဥပမာ ... ( ၂ ) 
ကျနော် ခရီးတခုသွားဖို့ရှိတယ်။ စိတ်ထဲ နည်းနည်းလေးသလိုဖြစ်နေတော့ သွားဖို့၊ သင့်မသင့်စဥ်းစားနေရတယ်။ သွားရမယ့် ရက်ကလည်း ၈ ဂဏန်းဖြစ်နေတော့ ပိုပြီး စိတ်လေးရတယ်။ ခက်တာက မသွားလို့ကလည်း မဖြစ်။ ဒါနဲ့ အန်စာတွေကို မေးကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။ ထုံးစံအတိုင်း အာရုံပြု၊ ခလောက်ပြီး ချကြည့်လိုက်တဲ့အခါ ၃ နဲ့ ၄ ရတယ်။ ပေါင်းလိုက်ရင် ၇ ဆိုတော့ Lucky Seven ပေါ့။ ကျနော်ကိုယ်တိုင်က ၇ ဂဏန်းသမားဆိုတော့ စိတ်ထဲပေါ့သွားတယ်။ ဒါနဲ့ စိတ်ချလက်ချ ကားမောင်းထွက်လာတယ်။ လိုရာပန်းတိုင်ကို ချောချောမွေ့မွေ့ပဲ ရောက်သွားတယ်။ ပြန်လာတော့လည်း အေးအေးဆေးဆေးပါပဲ။ ကိုယ့်လမ်းဘက် ချိုးကွေ့ဖို့အလုပ် ကျနော် လမ်းမှားနေတာသိလိုက်ရတော့ ချက်ချင်းအနောက်ပြန်အဆုတ်မှာ ကျနော့်ကားကို တခြားကားက ဖြတ်တိုက်တာခံလိုက်ရတယ်။ တကယ်က ကျနော်က နောက်ကို ဆုတ်ချိန် လွတ်ပါတယ်။ ဘက်မှန်နဲ့ ပြန်အကြည့် ကားရှင်းတယ်ထင်ပြီး ကွေ့အတက်မှာဖြစ်တာပါ။ တဖက်ကကားက ကျနော့်ကားရဲ့ ရှေ့ပိုင်းကို 80k အရှိန်နဲ့တိုက်ချလိုက်တာဖြစ်လို့ ကျနော့်ကားသေးသေးလေးဟာ ပတ်ချာလည်ပြီး လွင့်ထွက်သွားပါတယ်။ ကံကောင်းတာက ကျနော့်ရဲ့ Passenger ဘက်ခြမ်းကိုတိုက်ခံရတာပါ။ Driver ဘက်ခြမ်းမဟုတ်ပါဘူး။ ပိုပြီးကံကောင်းတာက အရှိန်ကြောင့် တဖက်လမ်းပေါ်သာ ပြန်ရောက်သွားရင် တခြားဘက်က 80k အရှိန်တွေနဲ့ပါ Driver ဘက်ခြမ်းကို တိုက်ခံရမှာဖြစ်ပါတယ်။ ခပ်တိုတိုပြောရရင် ကျနော်ကားရှေ့ပိုင်း ပြင်မရတော့လောက်အောင် စိစိညက်ညက်ကျေသွားပါတယ်။ ကျနော်ကတော့ ဘာတစ်ခုမှ အထိအခိုက်မရှိပါဘူး။ ဒီတော့မှ ကျနော့်ရဲ့ ညံ့ဖျင်းမှုကို အမှတ်ရလာပါတယ်။ အန်စာရဲ့ ၃ နဲ့ ၄ ဟာ Major ဒွိစုံထဲကတန်ဖိုးပါ။ ၃ နဲ့ ၄ ကို ထင်မှတ်မထားသော သတိပေးချက်လို့ ဖော်ပြထားပါတယ်။ Major တွေဟာ အရေးကြီးတာတွေကို ဖော်ပြလေ့ရှိပါတယ်။ ကျနော့်အတွက် ထင်မှတ်မထားတာတွေဖြစ်လာမယ်လို့ အသိပေးနေတာပါ။ ဒါ့အပြင် ပေါင်းခြင်း ၇ ဆိုတာကလည်း Minor ထဲမှာကြည့်လိုက်ရင် ဝိညာဥ်ရေးရာ၊ ကံတရား၊ ကံဟောင်းကံသစ်လို့ ပြထားတာတွေ့ရပါတယ်။ ကံကြွေးတစ်ခုခုကို ပေးဆပ်ရတာမျိုး၊ မမြင်ရတဲ့ ပရလောကအနှောင့်အယှက်ပုံစံမျိုးကို အသိပေးနေတာပါ။ ဒါကို သေချာဂရုမစိုက်မိပဲ ... ကျနော်က ၇ ကို Lucky Seven လို့ ယူဆမိလိုက်တာပါ။ 

ဥပမာ... ( ၃ ) 
ကျနော့်ပစ္စည်းတစ်ခုပျောက်တယ်။ သူခိုးခိုးခံရတာမျိုးမဟုတ်တာတော့ သေချာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က အဲ့ဒါကို တနေရာရာမှာ ထားလိုက်မိတာကို အတိအကျသိနေတယ်။ ဘယ်နားမှန်းကိုမသိတာ... အထားမှားပြီးပျောက်တာမျိုးပေါ့။ ဒီလိုအချိန်မှာ သူခိုးခိုးတာမဟုတ်လို့ သူခိုးမိစေတဲ့ အင်းဖယောင်းတိုင်ကလည်း ထွန်းလို့မရ။ သူခိုးဖော်တဲ့နည်းလမ်းလည်း သုံးလို့မရ။ ရတယ်ထားဦး... ကျနော်က အန်စာနည်းကို သုံးချင်နေတာ .. ခက်တာက ဒီနည်းက ဘယ်လောက်ထိ အသုံးကျမှန်းကျနော်ကိုယ်တိုင် ဝေခွဲမရသေးဘူး။ ဒါနဲ့ စမ်းတော့ကြည့်ဦးမှ ဆိုပြီးစမ်းလိုက်တော့ ... ၁ နဲ့ ၅ ရတယ်။ အဓိပ္ပါယ်က အချစ်ရေး၊ အနုပညာ၊ ငွေကြေး တဲ့။ ပစ္စည်းဘယ်မှာ ထားမိမှန်းမသိလို့မေးကာမှ သူကအဲ့လိုကျတော့ ကျနော်ဘာကို စဥ်းစားရမှန်း ရုတ်တရက်မသိဘူးဖြစ်နေတယ်။ အချစ်ရေးဆိုတော့ ချစ်သူ၊ ကြင်ဘက်ကိုဆိုလိုတာလားလို့ တွေးရင်း ကိုယ့်ကိုချစ်ခင်တဲ့သူ၊ မေတ္တာရှိတဲ့သူကို မေးကြည့်ရမှာမျိုးလား ... လို့ပါစဥ်းစားနေမိတယ်။ အနုပညာဆိုတာကို တွေးမိလိုက်မှ ကျနော်စိတ်ထဲ လင်းခနဲဖြစ်သွားတယ်။ အနုပညာပစ္စည်း၊ ဂီတပစ္စည်းတွေနားမှာ ရှာကြည့်ရမယ့်သဘောလားပေါ့ .. ခက်တာက ကျနော့်အိမ်မှာ အနုပညာ၊ ဂီတ၊ တူရိယာပစ္စည်း ဘာမှမရှိဘူး။ ဘာများရှိမလဲလို့ စဥ်းစားရင်းနဲ့ မျက်လုံးဝေ့အကြည့် TV ခုံအောက်မှာ ကျနော်ရှာနေတဲ့ပစ္စည်းကို ဘွားခနဲတွေ့လိုက်ရတယ်။ TV က အနုပညာပစ္စည်းလို့ မဆိုထိုက်ပေမယ့် သီချင်း၊ ရုပ်ရှင် စတဲ့ အနုပညာဆိုင်ရာတွေပြသနိုင်တာကိုး။ 

ဒီတော့ ဥပမာတချို့ ဖတ်ပြီးတဲ့အခါ ဒီနည်းစနစ်နဲ့ အာရုံဘယ်လိုဝင်စားသွားသလဲဆိုတာ အနည်းငယ်တော့ ရိပ်မိပြီထင်ပါတယ်။ ဒီနည်းလမ်းဟာ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကို ပုံသေကျက်မှတ်ပြီး အသုံးပြုရတဲ့နည်းမဟုတ်ပါဘူး။ အဓိပ္ပါယ်တွေကို အာရုံဖြန့်ကျက်ပြီးမှ အဓိပ္ပါယ်ဖော်ယူရတဲ့ နည်းလမ်းမျိုးဖြစ်ပါတယ်။ သူ့အဓိပ္ပါယ်ထဲမှာ... ငွေကြေးလို့ပါနေပေမယ့် ကိုယ်သိချင်တာက ကျန်းမာရေးဆိုရင် ငွေဝင်မယ်လို့ ဆုံးဖြတ်ရတာမျိုးမဟုတ်ပါဘူး။ နေမကောင်းလို့ ငွေကုန်ကြေးကျများတာမျိုး၊ ငွေဝင်ပြီးမှ ကျန်းမာရေးညံ့တာမျိုးကို ယူဆရမှာပါ။ တခါ... ကိုယ်သိချင်တာက လူမှုရေးဆိုပြန်ရင်လည်း လူတစ်ယောက်ယောက်က ငွေပေးလာတာမျိုး၊ ငွေလာချေးတာမျိုး စသဖြင့် အဓိပ္ပါယ်ပြောင်းနိုင်ပါတယ်။ တခါ... ငွေကြေးလို့ ကျနော်တို့မှတ်သားထားချိန်မှာ အကြွေး၊ ကုန်ပစ္စည်းဖလှယ်မှု၊ မတည်မငြိမ်ဖြစ်မှုလို့လည်း အဓိပ္ပါယ်ပြောင်းသွားနိုင်ပါတယ်။ ဒါက ငွေကြေးလို့ ပြနေတဲ့ အဓိပ္ပါယ်တစ်ခုထဲကိုသာပြောနေတာပါ။ ကျန်တာတွေလဲ အတူတူပါပဲ။ အထူးမှတ်ဖို့ကတော့ Major လို့ခေါ်တဲ့ ဒွိစုံတန်ဖိုးတွေရလာရင်တော့ မပေါ့ပါနဲ့။ ကြီးကြီးမားမားမဟုတ်ရင်တောင် ထူးထူးခြားခြားတွေဖြစ်လာတတ်ပါတယ်။ အဲ့ဒါက ကောင်းမှာလား၊ ဆိုးမှာလားဆိုတာကို ဆက်လက် အာရုံဝင်စားရမှာဖြစ်ပါတယ်။ ကဲ... ကျန်တာတွေကတော့ ကိုယ်တိုင်ဆက်လုပ်ကြည့်ပါ။ နောက်အလျဥ်းသင့်ရင် အဲ့ဒါကို အသုံးပြုပြီးစီရင်နိုင်တဲ့ Magick နည်းတွေ တင်ပေးပါဦးမယ်။ 

 သင်တန်း Website 
 =============== 
 https://course.jhoro.com/