သောက ဆိုတဲ့စကားလုံးကို မိတ်ဆွေတို့ကြားဖူးကြမှာပါ။ ဒီစကားလုံးက ပါဠိကနေလာပါတယ်။ မြန်မာလိုတော့ "စိုးရိမ်ကြောင့်ကျခြင်း" လို့ အဓိပ္ပါယ်ရပါတယ်။ လူရယ်လို့ဖြစ်လာရင် သောကဆိုတဲ့အရာကလည်း အနည်းနဲ့အများဆိုသလို ကျနော်တို့ရဲ့အရိပ်လိုပဲ နောက်ကနေ တကောက်ကောက် လိုက်ပါလာလေ့ရှိပါတယ်။ ကျနော်ပြောတာ ဟုတ်မဟုတ် မိတ်ဆွေတို့ရဲ့ ပတ်ဝန်းကျင်ကိုပဲ တချက်လေ့လာကြည့်ပါ။ သောကကင်းကင်းနဲ့ နေထိုင်နိုင်သူ ဘယ်နှစ်ယောက်များရှိသလဲလို့...


ဒါပေမယ့် သောကအကြောင်းကိုတော့ ကျနော်တို့ နည်းနည်းဆက်ပြီး လေ့လာကြည့်ရအောင်...


ဘယ်လိုလူတွေက သောကအများဆုံးဖြစ်တတ်သလဲ? 

============================================

ကျနော့်ရဲ့ လေ့လာချက်အရ လူတိုင်းဟာ သောကမကင်းတတ်ကြဘူးဆိုပေမယ့် လူတစ်ယောက်နဲ့တစ်ယောက်ဟာ စိတ်ကိုထားတတ်ကြပုံခြင်းမတူညီတဲ့အတွက် သောကဖြစ်ပုံခြင်းနဲ့ သောကအနည်းအများကလည်း ကွာခြားတတ်ကြပါတယ်။ အထူးသဖြင့် အောက်ပါ အချက်တခုခုနဲ့ ညှိနေသူတွေမှာ သောကပိုများတတ်တာကိုလည်း လေ့လာတွေ့ရှိထားပါတယ်။


✅ အလုပ်ဖိစီးလွန်းတဲ့သူတွေ...

✅ အထီးကျန်လွန်းတဲ့သူတွေ...

✅ အတိတ်ကြောင့် စိတ်ဒဏ်ရာများနေတဲ့သူတွေ...

✅ အနာဂတ်ကို မျှော်တွေးလွန်းသူတွေ...

✅ အပေါင်းအသင်းနည်းလွန်းတဲ့သူတွေ...

✅ စိတ်ထိခိုက်လွယ်လွန်းသူတွေ...

✅ ဖြစ်ချင်လွန်းအားကြီးသူတွေ...

✅ ကျန်းမာရေးပြဿနာရှိသူတွေ...

✅ အနာဂတ်မရေမရာဖြစ်နေတဲ့သူတွေ...

✅ စိုးရိမ်စိတ်လွန်းကဲတဲ့စရိုက်ရှိသူတွေ...


ဒါတွေကို လေ့လာမိတော့ လူတိုင်းလိုလိုဟာ သောကနဲ့ မကင်းနိုင်ကြဘူးလို့ အလွယ်တကူ သိမြင်နိုင်ပါလိမ့်မယ်။ ဒီတော့ သောကဆိုတာ လူတိုင်းနဲ့မကင်းဘူးပေါ့ဗျာ... ငါတစ်ယောက်ထဲမှ သောကတွေ တလှေကြီးနဲ့... လို့ တွေးပြီး သိမ်ငယ်မနေစမ်းပါနဲ့။ သောကဆိုတာ လူတိုင်းနဲ့ မကင်းပေမယ့် စိတ်ကိုထားတတ်ရင် သောကအနည်းအများကတော့ ကွာသွားနိုင်ပါတယ်။ သောက လုံးလုံးကင်းဖို့ကတော့ နိဗ္ဗာန်ရောက်မှပဲဖြစ်နိုင်လိမ့်မယ်... ဒါပေမယ့် သောကတွေကို တတ်နိုင်သမျှ နည်းပါးသွားအောင်တော့ ကျနော်တို့ လျော့ချနိုင်ပါသေးတယ်။ ဒါကိုလည်း ဆက်ပြီး ဆွေးနွေးကြရအောင်...


သောကတွေကို ဘယ်လိုလျော့ချနိုင်မလဲ?

====================================

သောကတွေကို တတ်နိုင်သမျှ နည်းပါးအောင် လျော့ချဖို့က နည်းလမ်းရှိပါတယ်။ ဒါပေမယ့် နည်းလမ်းတိုင်းဟာ ကိုယ်နဲ့တော့ သဟဇာတကျချင်မှကျပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်သောကနဲ့ ကိုက်ညီအောင် ညှိပြီးသုံးရမှာမို့လို့ပါ။ ဒီတော့ နည်းလမ်းတွေကို တစ်ခုစီ ပြောပြပေးပါမယ်။


✅ ကိုယ်တတ်နိုင်တဲ့ အရာတွေအပေါ်မှာ အာရုံစိုက်ပါ။

လူတော်တော်များများဟာ ကိုယ်မတတ်နိုင်တဲ့အရာတွေ၊ ကိုယ်လက်လှမ်းမမှီတဲ့အရာတွေအပေါ်မှာ အာရုံစိုက်တတ်ကြပါတယ်။ သင့်မသင့်၊ အပ်မအပ် ဆိုတာကို သဘာဝကျကျ တွေးတောလေ့မရှိပဲ ဖြစ်ချင်စိတ်၊ လိုချင်စိတ် စတဲ့ လောဘအာရုံကပ်ပြီး စဥ်းစားမိလေ့ရှိပါတယ်။ ဥပမာ... ခြေထောက်မသန်တဲ့သူဟာ သူများဘောလုံးကစားနေတာကို အားကျနေခြင်းမျိုးပေါ့... ခြေထောက်မသန်ပေမယ့် စိတ်က ဘောလုံးကို ခြေထောက်နဲ့ အားပါးတရ ကစားကြည့်ချင်တာဟာ သဘာဝကျပါတယ်။ ဒါပေမယ့် ဒီနေရာမှာ စိတ်ကိုမထားတတ်ပဲ... သူတို့က ခြေထောက်ကောင်းကြတော့ ကန်နိုင်လိုက်ကြတာ... ငါကတော့ ဆိုပြီး သောကရောက်နေရင်တော့ စမှားပါပြီ။ အဲ့ဒီသောကစိတ်ဟာ သိမ်ငယ်တဲ့အဆင့်ထိရောက်ပြီး လူကို အကြီးအကျယ် ဒုက္ခပေးနိုင်ပါတယ်။ တကယ်က သူတို့လို ကျနော်တို့ ပြေးဟယ်လွှားဟယ် မလုပ်နိုင်ပေမယ့် လုပ်နိုင်တဲ့အရာတစ်ခုခုတော့ ရှိမှာပါ။ အဲ့ဒါကို ရအောင်ရှာပြီး ကိုယ်တတ်နိုင်တဲ့နေရာကနေ စပြီးကြိုးစားရမှာပါ။ ခြေထောက်မသန်လို့ ခြေထောက်သန်တဲ့သူတွေကိုကြည့်ပြီး စိတ်သောကရောက်၊ အားငယ်နေမယ့်အစား... ကိုယ့်ရဲ့အတွေးအခေါ်တွေနဲ့ လူတွေကို ဘာကူညီနိုင်မလဲ? ကိုယ့်ရဲ့လက်တွေနဲ့ ဘယ်လိုအနုပညာတွေဖန်တီးနိုင်မလဲ? အဲ့ဒီအတွေးမျိုးကစပြီး ပြဿနာကိုဖြေရှင်းနိုင်ပါတယ်။ ဒီလို ကိုယ်တတ်နိုင်တဲ့အရာကနေ စတင်လိုက်ခြင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်တဲ့စိတ်ကိုလည်း ပိုမိုတိုးတက်စေပြီး ကိုယ့်အစွမ်းအစကိုလည်း ကိုယ်တိုင်ဖော်ထုတ်ရာကျပါတယ်။ ဒီတော့ ဒီနည်းလမ်းရဲ့ အနှစ်ချုပ်သဘောက...


"ကိုယ်မတတ်နိုင်တဲ့အရာတစ်ခုအတွက် သောကတွေရောက်ပြီး စိတ်ပျက်အားငယ်နေမယ့်အစား ကိုယ်တတ်နိုင်တဲ့အရာကနေ စတင်လိုက်ပါ" 


လို့ ဥပဒေသထုတ်နိုင်ပါတယ်။


✅ ပစ္စုပ္ပန်မှာ အကောင်းဆုံးနေထိုင်ပါ။

လူတော်တော်များများဟာ မဖြစ်လာသေးတဲ့ အနာဂတ်အပေါ်မှာ အရမ်းကို ပူပန်စိုးရိမ်တတ်ကြပါတယ်။ ဒါ့အပြင် ဖြစ်ပြီးသား အတိတ်ဖြစ်ရပ်တွေကိုလည်း လွယ်လွယ်နဲ့ မမေ့နိုင်ကြပဲ ထပ်ပြန်တလဲလဲတွေးပြီး နောင်တသောကတွေဖြစ်တတ်​ကြပါတယ်။ လူတိုင်းမှာ အနည်းနဲ့အများ အတိတ်ဆိုးတွေရှိနိုင်ပါတယ်။ ဒါတွေက ဖြစ်ပြီးသားတွေပါ။ ကျနော်တို့အနေနဲ့ ဖြစ်ပြီးသားတွေကို ပြန်ပြန်တွေးပြီး စိတ်ထိခိုက်နေမယ့်အစား သင်ခန်းစာယူလိုက်တာမျိုးတို့၊ တတ်နိုင်သမျှ မေ့ဖျောက်နိုင်အောင် ကြိုးစားတာမျိုးတို့သာ လုပ်သင့်ပါတယ်။ ဒီလိုပဲ မဖြစ်သေးတဲ့ အနာဂတ်တွေကိုလည်း အရမ်းကြီးတွေးပူနေတာမျိုးကလည်း ကျနော်တို့အတွက် မကောင်းပါဘူး။ အကောင်းဆုံးနေထိုင်နည်းဟာ ပစ္စုပ္ပန်နေထိုင်နည်းဖြစ်ပါတယ်။ ဒီနေ့ဟာ ပစ္စုပ္ပန်ပါ... ဒီကနေ့ ကောင်းအောင်နေခဲ့ရင် နောက်တနေ့ဆိုတဲ့ အနာဂတ်ကလည်း ကောင်းလာနိုင်သလို၊ မနေ့ကဆိုတဲ့ အတိတ်နေ့ဟာလည်း ကောင်းတဲ့အတိတ်သာဖြစ်ပါလိမ့်မယ်။ ဥပမာ... မောင်ဖြူဟာ ဒီနေ့စာကျက်ပါတယ်။ ဒါဆို မနက်ဖြန်ဆိုတဲ့ အနာဂတ်မှာလာမယ့် စာမေးပွဲအတွက် စိုးရိမ်နေစရာမလိုတော့ပါဘူး။ စာမေးပွဲခန်းထဲရောက်တဲ့အခါမှာလည်း မနေ့ကဆိုတဲ့ အတိတ်က စာကျက်ခဲ့ဖူးတဲ့အတိတ်ကောင်းကြောင့် စိုးရိမ်စရာမရှိတော့ပါဘူး။ ဒါကြောင့် ပစ္စုပ္ပန်မှာပဲ အကောင်းဆုံးနေထိုင်ခြင်းဟာ အတိတ်ကောင်းတွေနဲ့ အနာဂတ်ကောင်းတွေကို ဖြစ်လာနိုင်မယ်လို့ နားလည်ထားသင့်ပါတယ်။


✅ ပြဿနာတွေကို မကြောက်ပါနဲ့။ ဖြေရှင်းပါ။

လူတော်တော်များများဟာ စိတ်ဖိစီးရမယ့်ကိစ္စတွေ၊ ရှုပ်ထွေးတဲ့ ပြဿနာတွေဆိုရင် ဖြေရှင်းချင်စိတ်မရှိတတ်ကြပါဘူး။ ကျောင်းသား ၁၀ ယောက်မှာ တစ်ယောက်လောက်ပဲ သင်္ချာပညာကို စိတ်ဝင်စားတတ်ပြီး ကျန်တဲ့ ၉ ယောက်ဟာ သင်ရင်းနဲ့ကို ချာတာပါကွာ ဆိုပြီး လက်ရှောင်နေတတ်ပါတယ်။ ဒါက ရိုးရှင်းတဲ့ ဥပမာပါ... လူ့လောကဟာ သင်္ချာပုဒ်စာထက် ခက်ခဲတဲ့ ပြဿနာပေါင်းစုံရှိပါတယ်။ ဒါတွေနဲ့ နဖူးတွေ့၊ ဒူးတွေ့ကြုံလာတဲ့အခါ... လူတော်တော်များများဟာ ပြဿနာကို ရင်မဆိုင်ရဲတာမျိုး၊ မဖြေရှင်းတတ်တာမျိုးတွေကြောင့် အားငယ်စိတ်ပျက်ပြီး သောကအဖုံဖုံကို ရင်ဆိုင်ရပါတော့တယ်။ တကယ်က ရင်ဆိုင်ရဲရမှာပါ။ ပြဿနာဆိုတာ ကိုယ့်ရဲ့အရည်အချင်းကို လေ့လာနိုင်တဲ့ အကောင်းဆုံး သင်ခန်းစာလည်းဖြစ်ပါတယ်။ ဒါပေမယ့် ပြဿနာဖြေရှင်းတဲ့အခါ ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ နည်းလမ်းတွေတော့ ကြိုတင်ရှာထားသင့်ပါတယ်။ ဒါကိုတော့ ဒီမှာ မပြောတော့ပါဘူး။ အကြမ်းအားဖြင့် ဘယ်လိုပြဿနာဖြစ်ပါစေ... ဘယ်လောက်ပဲ ကြီးပါစေ... ပြဿနာကို အစိတ်စိတ် ပိုင်းခြားလိုက်ပြီး တပိုင်းစီ ဖြေရှင်းပေးလိုက်ရင် ဘယ်ပြဿနာမဆို ပျောက်ကွယ်သွားပါလိမ့်မယ်။ ပြဿနာကို ရင်ဆိုင်ရဲပြီး လက်တွေ့ဖြေရှင်းနိုင်တဲ့သူတွေဟာ သောကလျော့နည်းသွားတတ်ပါတယ်။


✅ မိတ်ဆွေကောင်းတွေနဲ့ ပေါင်းသင်းပါ။

အထီးကျန်ဆန်ခြင်းဟာ သောကအတွေးတွေရဲ့ မြစ်ဖျားခံရာ အရပ်တစ်ခုတစ်ပါတယ်။ ကျနော်တို့ဟာ လူသားတွေဖြစ်တဲ့အတွက် တစ်ယောက်ထဲ သင်းကွဲပုံစံနေထိုင်ခြင်းဟာ အခါခပ်သိမ်း မကောင်းပါဘူး။ မိတ်ဆွေကောင်းတွေ၊ မိသားစုကောင်းတွေ၊ လုပ်ဖော်ကိုင်ဖက်ကောင်းတွေတော့ အနားမှာရှိသင့်ပါတယ်။ ဒါမှ တိုင်ပင်ဖော်ရမယ်။ အကြံကောင်းတွေဆွေးနွေးနိုင်မယ်။ ရင်ဖွင့်နိုင်မယ်။ ဒါမှလည်း စိုးရိမ်သောကတွေဟာ ကိုယ့်အနားကနေ ခွာသွားမှာပါ။ ဒီနေရာမှာ မိတ်ဆွေကောင်းလို့ ပြောထားပါတယ်။ မိတ်ဆွေကောင်းမဟုတ်ပဲ... ခိုထက်ညည်းညူတတ်တဲ့ မိတ်ဆွေတွေ၊ ကိုယ့်ထက် စိတ်အားနည်းတဲ့မိတ်ဆွေတွေ၊ အားကိုးမရတဲ့ မိတ်ဆွေတွေဆိုရင်တော့ ခုပြောပြတဲ့ နည်းလမ်းဟာ အကျိုးမရှိတဲ့အပြင် ပိုတောင်မှ ဆိုးသွားနိုင်ပါတယ်။ စိတ်ညစ်လို့ မြစ်ကမ်းဘေးသွားထိုင်ကာမှ သပွတ်အူကြီး မျောလာတယ်ဆိုသလို မဖြစ်အောင်တော့ အပေါင်းအသင်းကောင်း ရွေးသင့်ပါတယ်။


✅ ကျန်းမာရေးကို ဂရုပြုပါ။

လူဟာ မကျန်းမာရင်လည်း အလိုလို စိတ်အားငယ်သွားတတ်ပါတယ်။ သောကကို မရမက ရှာဖွေမိတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ကျန်းမာရေးကိုလည်း အတန်အသင့် ဂရုစိုက်သင့်ပါတယ်။ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်တာတွေ၊ ယောဂလေ့ကျင့်တာတွေဟာ ကိုယ်ခန္ဓာကိုသာမက စိတ်ခန္ဓာကိုပါ ကျန်းမာသန်စွမ်းလာစေနိုင်ပြီး သောကတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ တနေ့တခြား ပိုပိုဆိုးလာတဲ့ ရုပ်ကြီးကြည့်ပြီး စိတ်သောကရောက်နေမယ့်အစား... စားသောက်နေထိုင်မှုပုံစံပြောင်းလိုက်လို့ တနေ့တခြား ကျက်သရေရှိလာတဲ့ မိမိကိုယ် မိမိမြင်နေရခြင်းကလည်း သောကအတွက် အားဆေးတခွက်ပါပဲ။


✅ အပျက်တွေကနေ စပြီးမတွေးပါနဲ့။

ငါနဲ့တော့ ဖြစ်မှာမဟုတ်ပါဘူး... ဆိုတဲ့ အတွေးမျိုးဟာ အရာရာကို လက်မြှောက်လိုက်တာနဲ့ အတူတူပါပဲ... ကျနော်တို့ဟာ အရာရာကိုတော့ လိုင်ပြီးဖြစ်အောင် လုပ်နိုင်ချင်မှ လုပ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့လုပ်နိုင်တဲ့ အရာတွေကလည်း များစွာရှိနိုင်ကြောင်း တွေးထားပါ။ အပျက်စိတ်ထက် အဖြစ်စိတ်ကို တွေးရမယ်။ ဥပမာ... လူတစ်ယောက် ခြောက်ပေအမြင့်ရောက်အောင် ခုန်နိုင်တယ်ဆိုပါစို့... ကျနော်တို့ အားကျတယ်။ ဒါဆို လိုက်ခုန်ကြည့်မလား... ချက်ချင်းတော့ သူ့လို ဘယ်ခုန်နိုင်ပါ့မလဲ... လေ့ကျင့်ထားရင်တော့ ကြာလာတာနဲ့ အမျှ ခုန်နိုင်မှာပါ။ သို့သော်... ကျနော်တို့က ဒူးကလည်းကောင်း၊ ခါးကလည်း ထိထားသေးတယ်ဆိုရင်ရော... သူလို လိုက်ခုန်နိုင်ပါ့မလား... ဒါဆို ကျနော်တို့ အတွေးက အပျက်ကနေ စလာနိုင်ပါတယ်။ သူကခုန်နိုင်မှာပေါ့... ငါ့ထက် အသက်ကလည်းငယ်။ ကိုယ်ကလည်း ကြံ့ခိုင်ဆိုတော့... ငါက ဝလည်းဝ၊ ခါးကလည်းမကောင်း၊ ဒူးကလည်းနာ ဆိုတော့ ဘယ်ခုန်နိုင်ပါ့မလဲ... ဆိုတဲ့ အတွေးမျိုးသာ သိမ်ငယ်စိတ်၊ အားငယ်စိတ်အပေါ်အခြေခံပြီးဖြစ်လာတာပါ။ အပျက်စိတ်ဖြစ်ပါတယ်။ အဖြစ်စိတ် ရှိရမယ်ဆိုလို့ တလွဲတွေးပြီး ဒူးနာနေတဲ့ကြားက ဖြစ်အောင်လုပ်မဟဲ့ တော့ သွားမလုပ်လေနဲ့ ဖြစ်မဖြစ်တော့ မသိဘူး... ပေးဆပ်လိုက်ရတာက ကိုယ်အရင်ဖြစ်သွားနိုင်သလို ပိုမိုကြီးမားတဲ့ သောကအသွင်လည်း ပြောင်းလဲသွားနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးက စိတ်ထားတတ်မှ အဆင်ပြေပါတယ်။ ဘယ်လိုစိတ်ထားရမလဲ... အဖြေက ရှင်းပါတယ်။ သူက ခုန်နိုင်ပေမယ့် ငါလည်း တမျိုးလုပ်နိုင်သေးတယ်ဆိုတာမျိုးကို ပြရမှာပေါ့... ကိုယ်ဘာတွေလုပ်နိုင်တယ်ဆိုတာ ကိုယ်တိုင် အဖြေရှာကြည့်တာဟာ အဖြစ်စိတ်ထားပါပဲ...


✅ ကျွမ်းကျင်သူတွေရဲ့ အကူအညီကို ယူပါ။

တချို့သောကတွေဟာ ဖြေရှင်းရခက်တတ်ပါတယ်။ ဥပမာ ကိုယ့်ရဲ့အတွင်း မသိစိတ်ကနေ ဘာမှန်းမသိ ရောက်ရောက်လာတတ်တဲ့ သောကတွေဟာ ကိုယ်တိုင်ဖြေရှင်းဖို့ ခက်တတ်ပါတယ်။ ဒီလိုအခါမျိုးမှာ စိတ်ပညာရှင်တွေ၊ အတွေးအခေါ်ပညာရှင်တွေ စတဲ့ ပညာရပ်ဆိုင်ရာ ပညာရှင်မျိုးတွေရဲ့ အကူအညီကို ရယူဖို့လိုပါတယ်။ မြန်မာတွေကတော့ သောကဖြစ်လာပြီ။ ဒုက္ခဖြစ်လာပြီဆိုရင် ဗေဒင်ဆရာ၊ နတ်ကတော်၊ အကြားအမြင် စတဲ့သူတွေဆီပြေးပြီး အကြံဥာဏ်တောင်းတာ ဆွေးနွေးတာတွေ... လုပ်တတ်ကြပါတယ်။ ဒါလည်း အထိုက်အလျောက်တော့ကောင်းပါတယ်။ ဟုတ်တာ မဟုတ်တာ အပထား... ဘာမှပူမနေနဲ့... ညီဘွားကို အမြဲစောင့်ရှောက်နေသကွဲ့... ညီဘွားရဲ့ပြဿနာတွေ ကိုယ်တော်ကြီးကောင်းကောင်း ဖြေရှင်းပေးမဟေ့... လို့ အာဘောင်အာရင်း သန်သန်နဲ့ ပြောခံလိုက်ရရုံနဲ့ကို ကိုယ့်သောကက တဝက်လောက်ပျောက်ကရောပေါ့... ဒါပေမယ့် ဒီနေရာမှာ ကျနော်ပြောချင်တာက အမှန်တကယ်ပညာတတ်ကျွမ်းတဲ့ ပညာရှင်တွေကို ပြောတာပါ။ ဒါမှလည်း ကိုယ့်ရဲ့ ပြဿနာကို သူတို့က သေသေချာချာဆွေးနွေး ကူညီနိုင်ပါလိမ့်မယ်။ ဗေဒင်ဆရာဆိုရင်လည်း ပညာရပ်တစ်ခုကို ခြေခြေမြစ်မြစ်နားလည်ပြီး ပြဿနာကို ခွဲခြမ်းစိတ်ဖြာဖြေရှင်းနိုင်တဲ့ ပညာရှင်မျိုးပေါ့။ မဟုတ်ရင် ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုး ဆိုသလိုဖြစ်သွားနိုင်ပါတယ်။


ခုကျနော်ရှင်းပြခဲ့တဲ့ သောက ကို လျော့ချနိုင်တဲ့နည်းတွေဟာ သိပ္ပံနည်းကျနည်းတွေဖြစ်ပြီး ကိုယ့်ပြဿနာ၊ သောကအမျိုးအစားအလိုက် တစ်ခုသောနည်းကိုဖြစ်စေ၊ စုပေါင်းလို့ဖြစ်စေ... အဆင်ပြေသလို ဖြေရှင်းနိုင်ပါတယ်။ နောက်ဆုံးအနေနဲ့ ဂမ္ဘီရပညာဆိုင်ရာ နည်းလမ်းတစ်ခုကိုလည်း လက်ဆောင်ပေးခဲ့ပါဦးမယ်။ သောကအားလုံးကို ဖြေဖျောက်ပေးနိုင်တဲ့နည်းလို့ အာမမခံနိုင်ပေမယ့် လတ်တလောကြုံနေရတဲ့ သောကတွေကိုတော့ သူကဖြေရှင်းပေးနိုင်ပါတယ်။ ဥပမာ... ထမင်းငတ်လို့ သောကရောက်နေတယ်ပဲထားပါတော့... ဒါကိုလုပ်ထားလိုက်တာနဲ့ ထမင်းကျွေးမယ့်သူရောက်လာပါလိမ့်မယ်။ ဒါပေမယ့် တသက်လုံးကျွေးနေအောင်တော့ ဒီအစီရင်က မတတ်နိုင်ပါဘူး။


✅ သောကကို ဖြေရှင်းနိုင်တဲ့ ဂမ္ဘီရနည်း ✅

=====================================

သင့်တော်တဲ့ နေရာလည်းဖြစ်။ လေဝင်လေထွက်လည်းကောင်းပြီး အလင်းအမှောင် ညီမျှတဲ့ နေရာလေးတစ်ခုမှာ တင်ပလ္လင်ခွေထိုင်လိုက်ပါ။ မထိုင်တတ်ရင်လည်း အဆင်ပြေသလို ထိုင်နိုင်ပါတယ်။


ရှေ့မှာ... ရေတဖန်ခွက် ချထားပါ။ 

မျက်စိကို သာသာယာယာမှိတ်ပါ။ 

မှိတ်ခိုင်းတာနော်... အတင်းပိတ်ခိုင်းနေတာမဟုတ်ဘူး။

ပြီးရင် တကိုယ်လုံးကို ပတ်ဝန်းကျင်က လေတွေ လာထိနေတာကို သတိကပ်ပြီး စောင့်ကြည့်ပါ။ လေငြိမ်နေရင်လည်း ရံခါတော့ အရေပြားကို လေလာတိုးနိုင်ပါတယ်။ အဲ့ဒါကို စောင့်ပါ။ လေတိုးဝှေ့လာတာကို ခံစားရတဲ့အခါ.... စိတ်ထဲကနေ...


"လေတွေဟာ ငါ့ပတ်ပတ်လည်မှာ အသင့်ရှိနေပါတကား... ငါ့ရဲ့သောကတွေ၊ ပြဿနာတွေကို သယ်ဆောင်သွားဖို့အတွက် စောင့်နေကြပါတကား" လို့ တွေးလိုက်ရမယ်။ ပြီးတာနဲ့... မျက်လုံးမဖွင့်ပဲ လက်တဖက်ကနေ ရေဖန်ခွက်ကို စမ်းပြီး ကိုင်မယ်။ တခြားတဖက်ကနေ ဖန်ခွက်ထဲကရေကို လက်ညှိုးနဲ့ တို့ယူလိုက်မယ်။ အဲ့ဒီ လက်ညိုးနဲ့ တို့ထားတဲ့ရေကို မိမိရဲ့ မျက်ခုံးနှစ်ခုကြား နှာယောင်နေရာ ( တတိယမျက်လုံးနေရာကို ဆိုလိုပါတယ်။ ) ကို တို့ပေးရမယ်။ အဲ့ဒီနေရာ အေးခနဲဖြစ်သွားတဲ့ အသိကို လက်ခံရပြီဆိုတာနဲ့... စိတ်ထဲကနေ...


"ငါ့သောကရဲ့ ပြဿနာအရပ်ရပ်ကို ဒီနေရာကနေ အလင်းဓာတ်အဖြစ်နဲ့ ကူညီနိုင်ပါစေ... " လို့ပြောရမယ်။ အေးတဲ့အသိဟာ တခဏနဲ့ ပျောက်သွားလိမ့်မယ်။ တနည်းပြောရရင် ရေခြောက်သွားတာမျိုးပေါ့။ ဒီအခါ ထပ်တို့ပေးရမယ်။ ဒီလိုပဲ စိတ်ကူးရမယ်။ အဲ့ဒီလို ၇ ကြိမ်တို့ပြီးရင်တော့ လုပ်ဆောင်မှုကိုရပ်နားပါ။ ဖန်ခွက်ထဲကရေကို အနီးဆုံးသစ်ပင်မှာ ကုန်အောင် လောင်းချပါ။ အဲ့ဒါမျိုးနေ့စဥ်လုပ်ပါ။ ပြဿနာကြီးငယ်မဟူ ဖြေရှင်းပြီးသား ဖြစ်သွားပါလိမ့်မယ်။ တချို့ပြဿနာအတွက် အနည်းငယ် ကြာကောင်း ကြာနိုင်ပါတယ်။ စိတ်ရှည်လက်ရှည်လုပ်ပါ။ ပါရမီထူးရင် တတိယမျက်လုံးပါပွင့်သွားပါလိမ့်မယ်။ တတိယမျက်လုံးပွင့်ရင် ဘာဖြစ်မှာလဲတော့ မမေးနဲ့ပေါ့... ဒီသင်ခန်းစာနဲ့ မဆိုင်လို့ ကျနော်မပြောပြနိုင်ပါဘူး။


ကဲ... ဘာလုပ်မလဲ... ကြိုက်တာသာ လုပ်ကြဗျာ...

ကျနော့်တာဝန်က ကျနော်ရေးနိုင်တာ ရေးပြဖို့ပါပဲ...