ဒီနည်းလမ်းဟာ TerraSanctum Vitalis လို့ခေါ်တဲ့ အနောက်တိုင်းမှော်ပညာဆိုင်ရာနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီအကြောင်းကို TANT Class မှာ ကျနော်သင်ပြဖူးပါတယ်။ ဒါပေမယ့် သင်တန်းသားဦးရေ နည်းပါးလွန်းတာကြောင့် သိသူအလွန်နည်းပါတယ်။ ပုံမှန်ဆိုရင် ကျနော့်အနေနဲ့ ပြင်ပမှာ ရေးပြဖို့အစီအစဥ်မရှိပေမယ့် လက်ရှိအချိန်ဟာ လူသားအားလုံးအတွက် ကျန်းမာဖို့နဲ့ ဘေးကင်းဖို့ဟာ နံပါတ်တစ်အဖြစ် အရေးကြီးလာတာကို တွေ့ရပါတယ်။ ဒီတော့ ဒီနည်းလမ်းဟာ မိတ်ဆွေတို့အတွက် ဧကန်မုချသင့်တော်မယ်လို့ ယူဆတဲ့အတွက် ရေးသားတင်ပြလိုက်ပါတယ်။ ရေးတယ်ဆိုတဲ့နေရာမှာ မမှားစေလိုခြင်း၊ လုပ်နည်းစနစ်ကျနစေလိုခြင်း၊ ထိထိရောက်ရောက်နဲ့ အကျိုးကျေးဇူးများလိုခြင်းဆိုတဲ့ စေတနာကို အရင်းခံပြီး သေသေချာချာရှင်းပြပေးပါမယ်။ ဒီတော့ ပထမဦးဆုံး မိတ်ဆွေတို့ကို အကြံပေးချင်တာက ....
✅ ယုံယုံ၊ မယုံယုံ... လိုက်လုပ်ပါ။ လုပ်ထားလို့ ဘာမှ မဆုံးရှုံးပါဘူး။
✅ မလုပ်ချင်လို့ မယုံပါဘူးဆိုရင်လည်း ပျက်ရယ်မပြုမိပါစေနဲ့။ လုပ်ချင်သူတွေလုပ်နိုင်အောင် ကျနော့်စေတနာကို လေးစားသောအားဖြင့် တဆင့်မျှဝေပေးလိုက်ပါ။
✅ ယုံလို့ လိုက်လုပ်မယ်ဆိုရင်လည်း သေသေချာချာလုပ်ပါ။ မုချအကျိုးရှိပါတယ်။ ဘာမှမလုပ်တတ်လို့ မလုပ်ပဲနေတာထက် လုပ်ထားလိုက်တာ မမှားပါဘူး။
ဘာကြောင့် ဒီအစီရင်ကို လုပ်သင့်သလဲ?
==================================
ခုချိန်ဟာ ဓာတ်ကြီးလေးပါးရဲ့ စနစ်အတိုင်း ကပ်ဘေးတွေက ရောက်ရောက်လာနေပါတယ်။ လူတိုင်း မလိုလားပေမယ့်လည်း ရှောင်လွှဲလို့မရတတ်ပါဘူး။ မီးကြောင့်ဖြစ်စေ၊ ရေကြောင့်ဖြစ်စေ၊ မြေကြောင့်ဖြစ်စေ၊ လေကြောင့်ဖြစ်စေ ရောက်လာတဲ့ အရာတွေရဲ့နောက်မှာ ကျန်းမာရေးကိုပါ ဒုက္ခပေးတတ်တဲ့အရာတွေ ပါလာတတ်ပါတယ်။ ဒါကြောင့် ဒီဓာတ်လေးပါးကို ညီညွှတ်မျှတစေပြီး သူ့နေရာမှာသူ ကောင်းစွာရပ်တည်နေအောင် အားပြောင်းပေးသင့်ပါတယ်။ ပြီးတော့ ကျနော်တို့အားလုံး ဘေးကင်းပြီးကျန်းမာနေဖို့လည်း လိုအပ်ပါတယ်။ ဒါတွေအားလုံးကို ဒီအစီရင်က ကောင်းစွာ ကိုင်တွယ်နိုင်တဲ့အတွက် လူတိုင်း ပြုလုပ်ထားသင့်ပါတယ်။
ဘာတွေကြိုတင် ရှာထားရမလဲ?
===========================
ဒီအစီရင်ကိုလုပ်ဖို့ ပထမဆုံးလိုအပ်တာတွေက ဓာတ်နဲ့ဆိုင်တဲ့ အထိမ်းအမှတ်တွေ (Elemental Tokens) ဖြစ်တဲ့....
✅ မြေကို ကိုယ်စားပြုဖို့ မြေကြီး၊ သဲ၊ ကျောက်စရစ်ခဲ အနည်းငယ်။
✅ ရေကို ကိုယ်စားပြုဖို့ စမ်းရေ၊ မြစ်ရေ၊ ရိုးရိုးရေ တစ်ခွက်။
✅ လေကို ကိုယ်စားပြုဖို့ ငှက်မွှေး၊ စက္ကူပန်ကာ၊ ဝီစီ (Whistle) တစ်ခု။
✅ မီးကို ကိုယ်စားပြုဖို့ ဖယောင်းတိုင် တစ်တိုင်။
✅ ကျန်းမာပြီးဘေးကင်းစေတဲ့ ကျောက်မျက်တစ်ခု... ဥပမာ... အစိမ်းရောင် မြကျောက်၊ အဖြူရောင် ပုလဲ၊ ဒါမှမဟုတ် တခြား အစိမ်းရောင် ကျောက်မျက်တခုခု...
✅ မီးထွန်းဖို့ မီးခြစ်တစ်လုံး
ဆိုတာတွေကို အရင်ကြိုရှာထားပါ။ ပြထားတဲ့စာရင်းအရ အကုန်ရှာစရာမလိုပါဘူး။ တစ်ခုခုဆိုရင် ရပါတယ်။ ဥပမာအဖြစ် ကျနော်က...
ကျောက်စရစ်ခဲတစ်လုံး၊ ရေသန့်တစ်ခွက်၊ ငှက်မွှေးတစ်ချောင်း၊ ဖယောင်းတိုင်တစ်တိုင်၊ ပုလဲတစ်လုံးနဲ့ အသုံးပြုပြီး ရှင်းပြပေးပါမယ်။ ငှက်မွှေးဆိုလို့ တွေ့ကရာ ငှက်ကို အမွှေးလိုက်နှုတ်နေဖို့မဟုတ်ဘူးနော်။ သူ့အလိုလို ကျွတ်ကျတာတွေကိုပဲ လမ်းတွေပေါ်မှာရှာ... မရရင် တခြားပစ္စည်းသုံး။ အကုသိုလ်တော့ မဖြစ်စေနဲ့။
ဘယ်နေ့၊ ဘယ်အချိန်မှာ စတင်လုပ်ဆောင်မလဲ?
========================================
ဘယ်လဖြစ်ဖြစ် အင်္ဂလိပ်ရက်စွဲအရ 1 ကနေ 7 ရက်အတွင်းမှာရှိတဲ့ တစ်ရက်ရက်မှာ ပြုလုပ်နိုင်ပါတယ်။ ပြုလုပ်ရမယ့်အချိန်ဟာ မနက်ပိုင်း မိမိအဆင်ပြေရာအချိန်ဖြစ်ပါတယ်။
ဘယ်လို စီရင်မလဲ?
==================
စားပွဲခုံတစ်ခုပေါ်မှာ ပြထားတဲ့ နမူနာ ပုံကြမ်းအတိုင်း ပစ္စည်းတွေကို နေရာချပါ။ သူ့နေရာနဲ့ သူချထားဖို့ အရေးကြီးပါတယ်။ နေရာချပြီးတဲ့အခါ...
✅ ပထမဆုံး ဖယောင်းတိုင်ကို မီးထွန်းလိုက်ပါ။ မီးထွန်းချိန်မှာ...
"မီးဓာတ်ကို ငါဖိတ်ခေါ်ပါ၏" လို့ ရေရွတ်လိုက်ပါ။ အကြိမ်ကြိမ်ရွတ်နေဖို့မဟုတ်ပါဘူး။ တစ်ကြိမ်ပြောရုံနဲ့ ပြည့်စုံပါတယ်။
✅ ပြီးရင် ရေဖန်ခွက်ထဲက ရေကို လက်ညိုးနဲ့ ထိလိုက်ပြီး...
"ရေဓာတ်ကို ငါဖိတ်ခေါ်ပါ၏" လို့ ရေရွတ်လိုက်ပါ။
✅ ပြီးရင် ကျောက်စရစ်ခဲကို ထုံးစံအတိုင်း လက်ညိုးနဲ့ထိပြီး...
"မြေဓာတ်ကို ငါဖိတ်ခေါ်ပါ၏" လို့ ရေရွတ်လိုက်ပါ။
✅ ပြီးရင် ငှက်မွှေးကိုလည်း လက်ညိုးနဲ့ထိပြီး...
"လေဓာတ်ကို ငါဖိတ်ခေါ်ပါ၏" လို့ ရေရွတ်လိုက်ပါ။
✅ အားလုံးပြီးရင် ပုလဲလေးကို လက်နဲ့ဆုပ်ကိုင်ထားပါ။ အောက်ပါမန္တန်ကို တစ်ခေါက်ရွတ်ပါ။
"မြေမီးလေရေ ဓာတ်မျိုးထွေ
သဘာဝကို ကာကွယ်လေ...
ငါတို့ကိုလည်း ကျန်းမာစေ..."
ရွတ်ပြီးတာနဲ့ ပုလဲဆုပ်ကိုင်ထားတဲ့လက်နဲ့ပဲ ကျောက်စရစ်ခဲလေးကို ကောက်ယူပြီး ရေဖန်ခွက်ထဲ ထည့်လိုက်ပါ။ ပြီးတာနဲ့ စောစောက မန္တန်ကို ထပ်ရွတ်ပါ။ ရွတ်ပြီးတာနဲ့... ငှက်မွှေးလေးကို ရေဖန်ခွက်ထဲ ထပ်ထည့်ပါ။ ထည့်ပြီးရင် မန္တန်ထပ်ရွတ်ပါ။ ရွတ်ပြီးပြီးခြင်း ထွန်းထားတဲ့ ဖယောင်းတိုင်ကို ယူပြီး မီးနဲ့ ရေဖန်ခွက်ထဲကရေကိုထိပြီး မီးငြိမ်းအောင်ပြုလုပ်ပါ။ ဖယောင်းတိုင်ကိုလည်း ရေခွက်ထဲမှာကျန်နေအောင် ထားခဲ့ပါ။ နောက်ဆုံးတစ်ခေါက် မန္တန်ကိုရွတ်ပြီးတာနဲ့ လက်ထဲက ပုလဲကိုပါ ရေခွက်ထဲထည့်လိုက်ပါ။ အဲ့ဒီအတိုင်း နာရီဝက်ကြာအောင် ထားလိုက်ပါ။
အစီရင်က ဒီအထိဆိုရင် ပထမပိုင်းပြီးပါပြီ။ ဒုတိယပိုင်းအနေနဲ့ ဓာတ်တွေအားလုံးကို သူ့နေရာသူ ပြန်ရောက်ပြီး ပေါင်းစည်းသွားစေဖို့ ဖန်တီးရမှာပါ။ ဒါကလည်း မခက်ပါဘူး။ နာရီဝက်ကြာအောင် စောင့်ပြီးပြီဆိုရင် ပစ္စည်းတစ်ခုစီကို ပြန်ယူလိုက်ပါ။
✅ ဖယောင်းတိုင်ကို နေပူထဲမှာ စွန့်ပစ်လိုက်ပါ။
✅ ငှက်မွှေးကို သစ်ပင်တစ်ပင်ရဲ့ ခွကြားမှာတင်ထားလိုက်ပါ။
✅ ရေတွေကို စမ်းချောင်း၊ မြစ်၊ မြောင်းရေထဲ သွန်ချလိုက်ပါ။
✅ ကျောက်စရစ်ခဲကို မြေပြင်ရဲ့ ဘယ်နေရာမှာမဆို စွန့်ပစ်ပါ။
✅ ပုလဲကိုတော့ ကိုယ်နဲ့မကွာ ဆောင်ထားလိုက်ပါ။
အားလုံးပြီးပါပြီ။ ထပ်ခါထပ်ခါ ပြုလုပ်ဖို့ မလိုအပ်ပါဘူး။ အားလုံး ကျန်းမာပြီး ဘေးအပေါင်းမှ ကင်းဝေးကြပါစေဗျာ...
0 Comments
Post a Comment