အိပ်မက်နိမိတ် (Dream Interpretation) နဲ့ပတ်သက်ပြီး Dream Analysis ကျမ်း၊ ဒါမှမဟုတ် သင်တန်းတစ်ခုပြုလုပ်ပေးဖို့ အစီအစဥ်တော့ရှိပါတယ်။ ဒါပေမယ့် လောလောဆယ် မစီစဥ်ရသေးတော့ ဒီကနေပဲ ပညာဗဟုသုတတချို့ကိုမျှဝေပေးပါမယ်။ သင်ခန်းစာပုံစံမျိုးမဟုတ်ပဲ စာတိုပေစ ပုံစံမျိုးဖြစ်နိုင်တဲ့အတွက် "ပညာရ" သွားတာမျိုးမဟုတ်ပဲ "ဗဟုသုတ" ရတာလောက်ပဲ ရှိနိုင်ပါတယ်။ ဘာပဲရရ ဖတ်တဲ့သူအတွက် "အမြတ်ရ" အောင်တော့ ကျနော်ရှင်းပြပေးပါမယ်။ ပို့စ်မပျောက်စေချင်ရင်၊ ကိုယ့်အတွက် တန်ဖိုးရှိတယ်ထင်ရင် Share ပြီး သိမ်းထားကြပေါ့။


✅ အိပ်မက် ဘာလို့မက်ရတာလဲ?

ဒီမေးခွန်းကိုမေးတိုင်းမှာ ကျနော့်ရဲ့ဆရာကြီးဦးမြတ်ရင်က "အိပ်လို့ပေါ့ကွ" ဆိုပြီးနောက်ပြောင်လေ့ရှိပါတယ်။ ဒါပေမယ့် ဆရာကြီးရှင်းပြတာက... "အိပ်မက်ဟာ အိပ်လို့မက်တာလို့ ပုံသေပြောလို့မရပါဘူး။ တချို့ အိပ်ပြီး ဘာအိပ်မက်မှ မမက်ကြတဲ့သူတွေလည်းရှိသလို၊ မအိပ်ပဲ (ငိုက်မြည်းသလိုဖြစ်နေချိန်) မျိုးတွေမှာတောင် အိပ်မက်မက်ကြတာမျိုးတွေရှိတတ်ပါတယ်။"

တကယ်တော့ အိပ်မက်မက်ရတဲ့အကြောင်းကို ရှုထောင့် ၃ မျိုးကနေ လေ့လာနိုင်ပါတယ်။


✅ Neuroscience View

ဒီရှုထောင့်က သိပ္ပံနည်းကျလေ့လာထားတဲ့ ရှုထောင့်တစ်ခုဖြစ်ပါတယ်။ လူတိုင်းဟာ အိပ်စက်ခြင်းရဲ့ REM (Rapid Eye Movement) လို့ခေါ်တဲ့ အိပ်ပျော်လွန်ပြီး အိပ်မက်မက်လွယ်တဲ့ အဆင့်မှာ အဓိက အိပ်မက်မက်ကြပါတယ်။ အဲ့ဒီအိပ်မက်တွေဖြစ်လာရတဲ့ အကြောင်းက အဓိကအချက်နှစ်ချက်ကြောင့်ပါ။ ပထမတစ်ချက်က ... Memory Consolidation လုပ်ဆောင်တာမျိုးပါ။ ဆိုလိုတာက ... နေ့စဉ်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေ၊ အချက်အလက်တွေကို ဦးနှောက်က ရေရှည်မှတ်ဉာဏ်အဖြစ် ပြန်လည်စီစဉ်ပြီး မလိုတာတွေကို ဖျက်ထုတ်ရင်း ရုပ်ပုံတွေအဖြစ် ပေါ်လာတာဖြစ်ပါတယ်။ ဒုတိယတစ်ချက်က ... Emotional Processing လုပ်ဆောင်ချက်ဖြစ်ပါတယ်။ ပြောချင်တာကတော့ ... နေ့ဘက်မှာ ကြုံခဲ့ရတဲ့ သောက၊ အကြောက်တရား၊ ဝမ်းနည်းမှုနဲ့ စိတ်ဖိစီးမှုတွေကို ဦးနှောက်က အိပ်မက်ထဲမှာ ပုံရိပ်ယောင်တွေဖန်တီးပြီး ပြန်လည်ဖြေလျှော့ (Process) ပေးတာဖြစ်ပါတယ်။ ဒါက အိပ်မက်ဖြစ်ပေါ်လာပုံကို သိပ္ပံနည်းကျလေ့လာထားတဲ့ ရှုထောင့်တခုဖြစ်ပါတယ်။


✅ ​Psychological View

ဒါကတော့ စိတ်ပညာရှုထောင့်လို့ဆိုရမှာပါ။ စိတ်ပညာဖခင်ကြီး Sigmund Freud နဲ့ Carl Jung တို့က အိပ်မက်ကို စိတ်ရဲ့ ရောင်ပြန်ဟပ်မှုအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ဖရွိုက် (Sigmund Freud) ရဲ့ အယူအဆအရ အိပ်မက်ဆိုတာ လူတစ်ယောက်ရဲ့ အနက်ရှိုင်းဆုံး မသိစိတ် (Unconscious mind) ထဲမှာ ပုန်းကွယ်နေတဲ့ လိုအင်ဆန္ဒ၊ စိတ္တဇအတွေးနဲ့ အကြောက်တရားတွေဟာ လွတ်မြောက်ခွင့်ရသွားတဲ့ သဘောလို့ ဆိုပါတယ်။ ကာလ်ဂျန်း (Carl Jung) ကတော့ အိပ်မက်ဆိုတာ လူသားတွေရဲ့ ဘုံမသိစိတ် (Collective Unconscious) ထဲက သင်္ကေတ (Symbols) တွေနဲ့ မိမိကိုယ်ကို ပြန်လည်လမ်းညွှန် ထိန်းညှိပေးတဲ့ စနစ်တစ်ခုလို့ ယူဆပါတယ်။


✅ Esoteric View

ဒါကတော့ ဂမ္ဘီရရှုထောင့်လို့ ဆိုရမှာပါ။ ဂမ္ဘီရ ပညာရပ်နဲ့ အရှေ့တိုင်း အယူအဆတွေမှာတော့ အိပ်မက်မက်ရခြင်းကို စွမ်းအင်ဆိုင်ရာ အချိတ်အဆက် တစ်ခုအဖြစ် ရှုမြင်ကြပါတယ်။ အိပ်ပျော်နေချိန်မှာ ရုပ်ခန္ဓာ (Physical Body) က အနားယူနေပေမယ့် နာမ်ခန္ဓာ၊ စိတ်ခန္ဓာ (Subtle/Astral Body) က လွတ်လပ်စွာ လှုပ်ရှားနိုင်တဲ့အတွက် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ရောင်ပြန်ဟပ်မှုတွေကို မြင်မက်ရခြင်းဖြစ်ပါတယ်။ ဒါ့အပြင် စိတ်အာရုံ စူးစိုက်မှု အားကောင်းချိန်၊ ဒါမှမဟုတ် စကြဝဠာ စွမ်းအင်စီးဆင်းမှုနဲ့ တိုက်ဆိုင်သွားချိန်မှာ နီးစပ်ရာ ဖြစ်ရပ်ဆန်းတွေကို ကြိုတင်အတိတ်နိမိတ် (Intuitive Signals) အဖြစ် မြင်မက်ရတာမျိုးဖြစ်ပါတယ်။

အခု ကျနော်တင်ပြမယ့် အိပ်မက်နိမိတ်ကောက်ယူမှုတွေဟာ Esoteric View နဲ့ ပိုပြီးသက်ဆိုင်တာကြောင့် ဒီလို ထီပေါက်မယ့်အိပ်မက်၊ ဒါမှမဟုတ် ရုတ်တရက် လာဘ်ကြီးဝင်မယ့် အိပ်မက်တွေကို မက်ခွင့်ရတဲ့အခါ ဘယ်သူ့ကိုမှ ပြန်မပြောတဲ့ ကိုယ့်ဟာကိုယ် တိတ်တဆိတ် ထီပြေးထိုးတာမျိုး၊ အလုပ်အကိုင်မှာစွန့်စားတာမျိုး စသဖြင့် တခုခုပြုလုပ်သင့်ပါတယ်။ နိမိတ်ကောင်းတဲ့ အိပ်မက်တွေဟာ တခြားသူတွေကို ဖွင့်ပြောမိရင် စွမ်းအင်လျော့ပါးသွားတယ်လို့ ယုံကြည်ယူဆကြလေ့ရှိပါတယ်။ နောက်တချက်က အိပ်မက်မက်ပြီးတိုင်းမှာ လန့်ပြီးနိုးလာပါလိမ့်မယ်။ နိုးနိုးခြင်း ဘာအိပ်မက်ကို မက်ခဲ့တယ်ဆိုတာနဲ့ ဘယ်အချိန်မက်ခဲ့တယ်ဆိုတာမျိုးကို စာချရေးထားတဲ့ အကျင့်လုပ်ထားပါ။ မဟုတ်လို့ ပြန်အိပ်မိတဲ့အခါ အိပ်မက်အများစုဟာ မိုးလင်းတာနဲ့ မေ့သွားတတ်ပါတယ်။ ဒီလိုမှတ်သားခိုင်းရတာကလည်း နောက်ထပ် အကြောင်းတစ်ခုရှိပါသေးတယ်။ လိုရင်းပဲပြောရရင်တော့ ...

✅ အိပ်မက်နိမိတ် ဘယ်လောက်ကောင်းပါစေ ... မနက် 3 နာရီကနေ 5 နာရီအတွင်းမက်တဲ့ အိပ်မက်မဟုတ်ရင် အကျိုးမထူးတတ်ပါဘူး။

အိပ်မက်နိမိတ်တစ်ခုမှာ တခြားတဲ့ နိမိတ်ဟောချက်အမျိုးမျိုးပါဝင်နိုင်ပေမယ့် ဒီမှာတော့ ထီပေါက်၊ လာဘ်ရစေတတ်တာတွေကိုပဲ ကောက်နုတ်ရွေးချယ်ပြီးပြောပြပါမယ်။ 

✅ ငါးအမြောက်အများကို ဖမ်းမိခြင်း၊ ပိုင်ဆိုင်ရရှိခြင်း။

✅ မစင်များကို စားသောက်ရခြင်း၊ လိမ်းကျံရခြင်း။

✅ မြွေကိုက်ခံရခြင်း၊ မြွေပတ်ခံရခြင်း။ (မြွေကိုရိုက်သတ်လိုက်ရင်တော့ လာဘ်လွဲပါမယ်။)

✅ ရွှေတုံးများရရှိခြင်း၊ ရတနာသေတ္တာရရှိခြင်း။

✅ သွေးသံရဲရဲကိုမြင်မက်ခြင်း။ (သွေးကို အနီရောင်အဖြစ်မြင်ရမှ နိမိတ်မှန်ပါတယ်။)

✅ မီးတောင်ပေါက်ကွဲခြင်း၊ မီးလျှံများကိုမြင်ရခြင်း။

ဒါတွေက အဖြစ်နိုင်ဆုံး အိပ်မက်တွေကို ပြောပြထားတာပါ။ တခြားအိပ်မက်တွေရှိသေးပေမယ့် ဒီမှာမပြောသေးပါဘူး။ ဒါပေမယ့် လာဘ်ဝင်မယ့် အိပ်မက်ရှိသလို လာဘ်ထွက်မယ့် အိပ်မက်တွေကိုလည်း တလက်စထဲ ပြောပြခဲ့ပါမယ်။

✅ သွားကျိုး၊ သွားနုတ်ရရင် မိသားစုဝင်တစ်ယောက်ရဲ့ ကျန်းမာရေးကြောင့် ငွေကုန်ကြေးကျများတတ်ပါတယ်။

✅ ညစ်ပတ်တဲ့ရေ၊ ရွံ့ရေထဲ ကူးမိတာမျိုး၊ သောက်သုံးမိတာမျိုးဟာ လာဘ်ကိုပိတ်စေပြီး စီးပွားရေးမှာ အမှားအယွင်းဖြစ်စေတတ်ပါတယ်။ အကြွေးလည်းတင်တတ်ပါတယ်။

✅ ဆံပင်ဖြတ်ခြင်း၊ ဂတုံးတုံးခြင်း၊ ဆံပင်အလိုလိုကျွတ်ကျခြင်းတွေဟာ ဥစ္စာဓနလျော့ပါးစေတတ်ပါတယ်။

✅ အဝတ်အစားဟောင်းဝတ်ရတာမျိုး၊ ဒါမှမဟုတ် ဝတ်လစ်စတစ်ဖြစ်နေတာမျိုးတွေဟာ လာဘ်ပိတ်မှုနဲ့ ငွေကြပ်တည်းမှုကို သတိပေးတာမျိုးဖြစ်ပါတယ်။ 

✅ သူတပါးကို ပစ္စည်းတခုခုပေးလိုက်ရတာမျိုး၊ အခိုးခံ၊ ခါးပိုက်နှိုက်ခံရတာမျိုးတွေဟာ ရရှိထားပြီးတဲ့လာဘ်တွေ ပြန်ထွက်သွားမယ့် နိမိတ်ပါ။

✅ အိမ်ပြိုကျတာ၊ အိမ်တံခါးပျက်နေတာမျိုးတွေဟာ မိသားစုရဲ့ စီးပွားရေးယိုပေါက်ကို သတိပေးတာဖြစ်ပြီး ငွေထွက်ပေါက်များတတ်ပါတယ်။

ဆက်ပြောရရင်တော့ အများကြီးပေါ့။ ဒါ့အပြင် ဒီအိပ်မက်တစ်ခုစီတိုင်းမှာ နိမိတ်ဟောချက်တွေများစွာရှိပါသေးတယ်။ ဒါပေမယ့် ကျနော်က မှတ်ရဖတ်ရရှင်းအောင် အနှစ်ချုပ်ပေးခဲ့တာပါ။ မိတ်ဆွေရဲ့ အိပ်မက်တစ်ခုဟာ ...

♦ ထပ်တလဲလဲမက်နေတယ်။ 

♦ ထူးထူးခြားခြားလည်းဖြစ်နေတယ်။

♦ အဲ့ဒီအိပ်မက်ထဲကနေရာတစ်ခုဟာ အပြင်မှာလည်း တိုက်တိုက်ဆိုင်ဆိုင်ရှိနေတယ်လို့များ မက်ခဲ့ရင် ကျနော့်ဆီမှာ Dream Analysis အတွက် ရက်ချိန်းရယူပြီး မေးမြန်းဖို့လိုအပ်နိုင်ပါတယ်။ တွေ့ကရာနေရာတွေကနေ ထင်သလိုတော့ ကြုံရာကျပန်းမမေးပါနဲ့။ လုံးဝ ပြန်ဖြေမှာမဟုတ်ပါဘူး။

✅ လွတ်လပ်စွာ Like, Share လုပ်နိုင်ပါတယ်။

✅ Copy ကူးယူတင်ပြခြင်း ခွင့်မပြုပါ။