Color Science & Esoteric Logic ဆိုတဲ့ သိပ္ပံဆိုင်ရာ တွက်ချက်မှုတချို့နဲ့ အရောင်ကာလပညာရဲ့ ဂမ္ဘီရဆိုင်ရာသဘောတွေကို ချိတ်ဆက်အသုံးပြုနိုင်စေဖို့ Tool လေးတစ်ခုကို ရေးသားဖြန့်ဝေလိုက်ပါတယ်။
ဒီစနစ်မှာ လောလောဆယ် Module 6 ခုထည့်ပေးထားပါတယ်။ အသေးစိတ်အသုံးချနည်းသင်ရိုးတွေကိုတော့ "ကာလာဂမ္ဘီရပညာသင်တန်း" မှာ ရှင်းပြသွားဖို့ရှိပါတယ်။ လောလောဆယ်ကတော့ လူတိုင်းအသုံးပြုနိုင်အောင်နဲ့ လူတိုင်း လက်တွေ့အသုံးချနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့
Module 6 ခုထဲက Sacred Numerology & Hermetic Correspondences အပိုင်းကို ဘယ်လိုလက်တွေ့အသုံးပြုရမလဲဆိုတာ ရှင်းပြပေးပါမယ်။ အရင်ဆုံး အောက်ပါပုံလေးကို ကြည့်ထားပါ။ ဒီပုံထဲကအတိုင်းတွက်ချက်နိုင်ဖို့က https://jhoro.com/Color-Science/ ဆိုတဲ့ Site ကို သွားရပါမယ်။
ပုံထဲမှာ မိတ်ဆွေရဲ့ မွေးသက္ကရာဇ်ကို ထည့်သွင်းပေးရမယ့်နေရာပါပါတယ်။ အဲဒီနေရာမှာ မိတ်ဆွေရဲ့ မွေးသက္ကရာဇ်ကို ထည့်ပေးပါ။ ကျန်တာက သူ့ဟာသူ အလိုအလျှောက်လက်တွေ့တွက်ချက်ပေးပါလိမ့်မယ်။ ဒီတော့ တွက်ချက်မှုရလဒ်အနေနဲ့ အောက်ပါ အချက် (၄) ခုကို ရရှိပါလိမ့်မယ်။
✅ Life Path Number
ဒါက ဂဏန်းဗေဒင်ပညာအရ “ဘ၀ဂဏန်း” ဒါမှမဟုတ် "ဘ၀လမ်းကြောင်းပြဂဏန်း" ကို တွက်ချက်ပေးတာဖြစ်ပါတယ်။ ဂဏန်းဗေဒင်လေ့လာဖူးရင် ဒီဟာကတော့ ထူးဆန်းမယ်လို့ မထင်ပါဘူး။
✅ Power Color
ဒီအပိုင်းကတော့ ဂဏန်းဗေဒင်ပညာရဲ့ အယူအဆသက်သက်မဟုတ်တော့ပဲ ... အရောင်ကာလာဂမ္ဘီရပညာနဲ့ ဆက်နွယ်နေတဲ့ အရောင်စိတ်ပညာသဘောတရားတွေ၊ သက်ဆိုင်ရာအရောင်တစ်ခုစီရဲ့ ပင်ကိုယ်စွမ်းရည်သဘောတရားတွေကို နောက်ကွယ်ကနေ သိပ္ပံနည်းကျကျ စဉ်းစားတွက်ချက်ပေးထားတာပါ။
အရောင်စိတ်ပညာသီအိုရီအရ ... အရောင်တွေဟာ လူတွေရဲ့ မသိစိတ် (Subconscious mind) ကို တိုက်ရိုက်လှုံ့ဆော်ပေးနိုင်တယ်လို့ဆိုထားပါတယ်။ ဥပမာ ... အနီရောင်ဆိုပါတော့ ... အနီဟာ သွေးနဲ့တိုက်ရိုက်သက်ဆိုင်နေပြီး သွေးကို အဓိကလည်ပတ်နိုင်စေတဲ့ နှလုံးနဲ့ ချိတ်ဆက်ထားလို့ နှလုံးခုန်နှုန်းကို မြန်စေတဲ့ လှုံ့ဆော်မှုကို ပေးပါတယ်။
နှလုံးခုန်နှုန်းကို မြန်စေတဲ့အတွက် စိတ်ကို နှိုးဆွတာ၊ ဒေါသကိုဖြစ်စေတာ၊ စိတ်ကို လျင်မြန်စေတာ စတဲ့ အရေးကြီးတဲ့ ခံစားချက် (Urgency) တွေကိုပေးစွမ်းပါတယ်။ အသုံးချတတ်မယ်ဆိုရင် Marketing သဘောအရ လူတွေရဲ့ မျက်စိကို ဆွဲဆောင်နိုင်စေဖို့၊ ဆာလောင်မှုတွေကို ဖြစ်ပေါ်စေဖို့၊ စိတ်လှုပ်ရှားမှုတွေကို ဖြစ်ပေါ်လာစေဖို့တွေမှာ လိုအပ်သလို စနစ်တကျ အသုံးပြုနိုင်ပါတယ်။
အပြာရောင်ဆိုရင်လည်း ဒီသဘောတရားမျိုးပါပဲ။ ... အပြာဟာ စိတ်ကို တည်ငြိမ်စေပြီး ယုံကြည်စိတ်ချရမှုကို ဖြစ်ပေါ်စေတဲ့ (Trust & Security) ကိုပေးပါတယ်။ ဒါကြောင့်လည်း ဒီအရောင်ကို ဘဏ်တွေ၊ နည်းပညာကုမ္ပဏီတွေက ရည်ရွယ်ချက်အမျိုးမျိုးနဲ့ အသုံးပြုလေ့ရှိပါတယ်။ ဥပမာ ... Facebook, Intel, Samsung တို့လို ကုမ္ပဏီတွေပေါ့။
အစိမ်းရောင်ဆိုရင်လည်း သစ်ပင်တွေလိုမျိုး သဘာ၀တရားကို ဖော်ပြပေးနိုင်ပြီး ကြီးထွားမှု၊ ကျန်းမာရေးနဲ့ ငွေကြေးတွေကို ဖန်တီးပေးတတ်ပါတယ်။ ဒါကြောင့် Marketing ပိုင်းတွေမှာဆို အစိမ်းရောင်ကို သဘာ၀ထုတ်ကုန်တွေ၊ Eco-friendly Brand တွေ၊ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းတွေမှာ တွင်တွင်ကျယ်ကျယ်ထည့်သွင်းအသုံးပြုကြလေ့ရှိပါတယ်။
အခုကျနော်ရှင်းပြတာက လူသားတစ်ယောက်အနေနဲ့ဖတ်မှတ်လို့ရတဲ့ သာမန်အရောင်သဘောတွေကိုပြောပြတာပါ။ တကယ်တမ်းက အရောင်တွေမှာ မတူညီတဲ့ ကာလာကွဲပြားမှုတွေက အမျိုးမျိုးရှိပါတယ်။ လူသားမျက်စိနဲ့ သိပ်ပြီး ထူးခြားမသွားပေမယ့် အရောင်ကာလာဂမ္ဘီရပညာနဲ့ Computer ပညာမှာတော့ အရောင်တွေရဲ့စွမ်းအင်ဟာ သိသိသာသာကွဲပြားသွားစေပါတယ်။
မတူညီတဲ့အရောင်တွေကို စုစုပေါင်းဘယ်လောက်ရှိမလဲတွက်ချက်ကြည့်ရင် 16,777,216 ရှိပါတယ်။ ဆက်ရှင်းပြရရင် သင်တန်းသဘောမျိုးဖြစ်သွားနိုင်တာကြောင့် ဒီလောက်ပဲ ရှင်းပြပါရစေ ... သင်တန်းမှာတော့ အရောင်တွေရဲ့ လျှို့ဝှက်ချက်ကို အကျယ်တဝင့်ဆက်လက်သင်ပြပေးပါမယ်။ သင်တန်းတက်ချင်သူတွေကတော့ သင်တန်းခေါ်ယူတာကို စောင့်ပေးပါ။
လောလောဆယ် Power Color နေရာမှာပြထားတဲ့အရောင်တွေကတော့ မိတ်ဆွေရဲ့ဘ၀အတွက် အလွန်ကို စွမ်းအားကြီးပြီး အရေးပါတဲ့အရောင်ဖြစ်ပါတယ်။ အဲဒီအရောင်တွေနဲ့ ချမ်းသာအောင်၊ ငွေဝင်အောင်၊ ကျန်းမာအောင် စသဖြင့် နည်းလမ်းအမျိုးမျိုးမှာ အသုံးပြုနိုင်ပါတယ်။ အဲဒါကို ဒီနေ့သင်ပေးချင်တာပါ။
✅ Cosmic / Planetary Link
ဒါကတော့ ... ဂဏန်းဗေဒင်မူအရ ကျနော်လက်ခံသုံးစွဲထားတဲ့ ဂြိုဟ်နဲ့ စကြ၀ဠာဆိုင်ရာဆက်သွယ်မှုတွေကို တွက်ချက်ပေးထားပါ။ ဒီနေ့သင်ခန်းစာမှာ အဲဒီအရာကို လက်တွေ့သုံးနည်းတော့ မရှင်းပြတော့ပါဘူး။
✅ Associated Alchemical Metal
ဒါကတော့ Alchemical Metal လို့ခေါ်တဲ့ ဓာတ်သတ္တုဆိုင်ရာ ဆက်နွယ်မှုကို တွက်ချက်ပေးထားတာပါ။ ဒါကိုလည်း ဒီနေ့ သင်ခန်းစာမှာ ဘယ်လိုသုံးရမယ်ဆိုတာ မရှင်းပြသေးပါဘူး။ မရှင်းပြဘူးဆိုတာက လောလောဆယ်ကို ပြောတာပါ။ နောက်ပိုင်းတော့ အချိန်ရရင်ရသလို ရှင်းပြပေးပါမယ်။
ပြန်ဆက်ရရင် ... Power Color အပိုင်းမှာ အရောင်တွေတွက်ချက်ပေးထားပါတယ်။ အရောင်ကို မြင်သာအောင်လို့လည်း ဖော်ပြထားသလို ... အသုံးပြုတဲ့အခါ မလွဲချော်စေဖို့ HEX Color Code တွေကိုလည်း ဘေးမှာဖော်ပြပေးထားပါတယ်။ HEX Color Code ဆိုတာ Hexadecimal Color Code ကို ပြောတာပါ။
အဲဒီကုဒ်အရ ... မိမိလိုအပ်သလို အသုံးပြုနိုင်ပါတယ်။ လောလောဆယ်တော့ ကိုယ့်ရဲ့ Power Color ကို သိပြီဆိုရင် ငွေဝင်အောင် ဒီအရောင်နဲ့ ဘယ်လိုဖန်တီးနိုင်မလဲဆိုတာ သင်ပေးပါတယ်။ လက်တွေ့ အသုံးပြုကြည့်ပါ။ ပညာရပ်ဆိုင်ရာရဲ့ သဘောတရားကိုတော့ အသေးစိတ်မရှင်းပြတော့ပါဘူး။ ကျနော့်ရည်ရွယ်ချက်ကိုက လက်တွေ့အသုံးချစေချင်တာပါ။
အရောင်တွက်ချက်မှုကို အရောင်တစ်ရောင်၊ ဒါမှမဟုတ် နှစ်ရောင်အဖြစ်တွက်ချက်ပေးပါလိမ့်မယ်။ ကိုယ်တကယ်သုံးတာကတော့ ကြိုက်တဲ့အရောင်တစ်ခုကိုပဲ သုံးရင်ရပါပြီ။
ငွေဝင်စေမယ့် နာမည်ကို အရင်ဆုံးတည်ဆောက်ပါ။
✅ ပထမဆုံး ... မိမိနာမည်ကို အင်္ဂလိပ်လိုရေးပါ။ ဥပမာ ... သုတဆန်းဆိုရင် Thuta Sann လို့ ရေးပါမယ်။ ဒီနေရာမှာ "ဆန်း" ဆိုတာကို တချို့က "San, Hsan" စသဖြင့် အမျိုးမျိုးပေါင်းတတ်ကြပါတယ်။ အဲဒါကအရေးမကြီးပါဘူး။ ကိုယ်ခံယူထားတဲ့အတိုင်း စာလုံးပေါင်းဖို့လိုပါတယ်။
✅ မြန်မာနာမည်တွေကို အုပ်စုဖွဲ့ရင် နာမည်ပေးထားပုံအလိုက် တစ်လုံးကနေ ပျမ်းမျှ ၆ လုံးလောက်အထိရှိနိုင်ပါတယ်။ ဥပမာ ... ကျနော်နာမည်ဆိုရင် အုပ်စုနှစ်ခုပဲရှိပါတယ်။ Thuta နဲ့ Sann ဖြစ်ပါတယ်။ ဒီနေရာမှာ မေးစရာရှိတာက Thu, Ta, Sann ဆိုပြီး သုံးအုပ်စုရော မဖြစ်နိုင်ဘူးလားလို့ပေါ့။
ဒါကတော့ ရှင်းပါတယ်။ တချို့စကားလုံးတွေဟာ မြန်မာစကားအရ ခွဲခြားခွင့်မရှိပါဘူး။ သု နဲ့ တ လို့ ခွဲခြားလိုက်ရင် ဘာအဓိပ္ပါယ်မှမရှိနိုင်တော့ပါဘူး။ ဒီလိုပဲ ... ခတ္တာ ဆိုရင်လည်း ခတ်နဲ့ တာ လို့ ခွဲလို့မရပါဘူး။ ဒီလိုခွဲမရတဲ့အတွက် အုပ်စုတစ်ခုအဖြစ်သာ ယူဆရပါတယ်။ သဘောပေါက်မယ်ထင်ပါတယ်။
✅ အဲဒီအုပ်စုတစ်ခုစီရဲ့နောက်မှာ OEY ဆိုတဲ့ စာလုံးကို ပေါင်းထည့်ပေးရပါမယ်။ ဥပမာ ... ကျနော့်နာမည်အရ ပေါင်းထည့်လိုက်မယ်ဆိုရင် ဒီလိုမျိုးဖြစ်လာပါမယ်။ Thutaoey Sannoey ဆိုတဲ့ ပုံစံမျိုးပါ။
အရောင်တည်ဆောက်ပါ။
အဲဒီလို နာမည်ရလာပြီဆိုရင် အလွယ်ဆုံးကတော့ မိမိရဲ့ အရောင်ပါတဲ့ စာရွက်လွတ်တစ်ခုပေါ်မှာ အဲဒီနာမည်ကို ချရေးလိုက်တာမျိုးပါ။ အရောင်က အမျိုးမျိုးရှိနိုင်တဲ့အတွက် အရောင်ပေါ်စာရေးတဲ့အခါ မထင်ရှားတာမျိုးတွေဘာတွေရှိနိုင်ပါတယ်။ ဒါကို ကျနော့် Tool ထဲက WCAG Accessibility Contrast Checker နဲ့ တွက်ချက်ဖို့ လိုနိုင်ပေမယ့် အရမ်းရှုပ်ထွေးနေမှာစိုးလို့ မပြောသေးပါဘူး။
လောလောဆယ် အလွယ်မှတ်ထားရမှာက ... ထင်ထင်၊ မထင်ထင် စာလုံးတွေကို ချရေးလိုက်ဖို့ပါပဲ။ တကယ်လို့ မိတ်ဆွေရဲ့ အရောင်က ဘောပဲန်အရောင်အနေနဲ့ အလွယ်ရနိုင်တဲ့အရောင်မျိုးဆိုရင်တော့ သာမန်စာရွက်ဖြူပေါ်မှာ အဲဒီအရောင်နဲ့ ချရေးလိုက်မယ်ဆိုရင်လည်း အကျိုးသွားကတော့ အတူတူပါပဲ။ ဥပမာ ... အနီဆိုရင် ဘောပဲန်အတွက် ရှာရလွယ်နိုင်ပါတယ်။ ဒါကတော့ မိတ်ဆွေကိုယ်တိုင် ဉာဏ်ကစားပါ။
အဓိက လိုရင်းကတော့ တည်ဆောက်ထားတဲ့ နာမည်စာလုံးတွေကို သက်ဆိုင်ရာ Power Color နဲ့ တွဲစပ်ပေးရမယ်ဆိုတာပါပဲ။
ဒီတော့ စာရွက်လေးတစ်ရွက်ရလာပြီပေါ့ဗျာ ... အဲဒီစာရွက်နဲ့ ငွေစက္ကူအတန်ကြီးတစ်ရွက်ကို ထုပ်ပတ်ပေးရပါမယ်။ ပြန်မပြေအောင် အပ်ချည်တွေဘာတွေနဲ့ ချည်ထားလို့ရပါတယ်။ အပ်ချည်အရောင်ကိုလည်း မိမိရဲ့ Power Color သုံးပေးရင်ပိုကောင်းပါတယ်။ ဒီလိုချည်ပြီးရင်တော့ ပိုက်ဆံအိတ်ထဲ၊ ဒါမှမဟုတ် ငွေသိမ်းအံဆွဲလိုအရာထဲမှာ ထည့်ထားပေးလိုက်ပါ။ ထည့်ထားသင့်တဲ့ အချိန်တွေ၊ သဘောတရားတွေကို ကျနော့် Tool ထဲက Blackbody Radiator & Circadian Biology နည်းလမ်းအရ ဆက်တွက်ဖို့ ရှိပေမယ့် ဒီမှာတော့
အင်္ဂဝိဇ္ဇာအချိန်ကိုပဲ အစားထိုးအသုံးပြုလိုက်ပါတယ်။ အဲဒီအချိန်ကတော့ ဘယ်သူပဲဖြစ်ဖြစ် ကြာသပတေးနေ့ရဲ့ မနက် ၇ နာရီတိတိမှာ လုပ်ဆောင်ဖို့ပါပဲ ...
ကဲ .... အဆင်ပြေမယ်လို့ထင်ပါတယ်။ နောင်အလျဉ်းသင့်ရင်တော့ တခြား Tool တွေနဲ့ လက်တွေ့ အသုံးချနည်းတွေကို ရှင်းပြပေးပါဦးမယ်။ အားလုံးပဲ ငွေဝင်၊ ပျော်ရွှင်နိုင်ကြပါစေဗျာ ...

0 Comments
Post a Comment