ဗေဒင်ပညာကို ကျနော် ၁၀ နှစ်သားလောက်ကတည်းက စပြီး စိတ်ဝင်စားသလို စနစ်တကျလည်း ဆရာကောင်းတွေဆီမှာ တပည့်ခံသင်ကြားခဲ့တယ်။
အဲဒါဘာလို့လဲဆိုတော့ ကျနော်က ဗေဒင်ပညာကို အရမ်းချစ်တယ်။ လေးလည်း လေးစားတယ်။ ခင်ဗျားက ဗေဒင်ပညာကို အရမ်းချစ်တယ်လို့ ပြောချင်ပြောလိမ့်မယ်။
ဒါပေမယ့် သေချာတာတစ်ခုက ခင်ဗျားထက် ကျနော်က ပိုပြီး ချစ်တယ်ဆိုတာပါပဲ။ ဒါကို ဘာနဲ့ သက်သေပြနိုင်မလဲ။ အထူးပြောနေစရာမလိုပါဘူး။ လုပ်ရပ်က သက်သေခံနိုင်ပါတယ်။
လူတော်တော်များများဟာလည်း ဗေဒင်ပညာကို ချစ်ချင်ချစ်ကြပါလိမ့်မယ်။ ဒါပေမယ့် အောက်ပါအခြေအနေအတိုင်း ကွဲပြားခြားနားနိုင်ပါတယ်။
✅ ကိုယ်ချစ်တဲ့ ပညာရပ်မျိုးလောက်သာ ကွက်၍ ချစ်တတ်ခြင်း ( ဥပမာ ... နက္ခတ်ဗေဒင်တစ်ခုထဲကိုသော်လည်းကောင်း၊ မဟာဘုတ်ပညာတစ်ခုထဲကိုသော်လည်းကောင်း စသဖြင့် ... )
✅ ချစ်ပေမယ့် လက်တွေ့ မလေ့လာဖြစ်ခြင်း ( ဥပမာ ... သင်ပေးမယ့် ဆရာမရှိ၍ မလေ့လာဖြစ်ခြင်း၊ အချိန်မပေးနိုင်၍ မလေ့လာဖြစ်ခြင်း ... )
✅ လက်တွေ့လေ့လာပေမယ့် လက်တွေ့ အသုံးမချနိုင်ခြင်း ( ဥပမာ ... ပညာတတ်မြောက်ထားသော်လည်း အသုံးပြုရန် အခွင့်မသာခြင်း၊ အသုံးမပြုတတ်ခြင်း၊ အသုံးပြုဖို့ အချိန်မရခြင်း ... )
✅ အစုံအလင်လေ့လာထားပေမယ့် တစ်ခုထဲအပေါ်မှာသာ အာရုံရောက်နေခြင်း ( ဥပမာ ... အကျွမ်းကျင်ဆုံးမှာ တဲရော့ဖြစ်နေခြင်း၊ ဂဏန်းဗေဒင်ဖြစ်နေခြင်း )
✅ ပညာကို လေ့လာထားသော်လည်း မိမိကိုယ်ကျိုးတစ်ခုအတွက်သာ လေ့လာဖြစ်ခြင်း ( ဥပမာ ... စီးပွားဖြစ်ဟောပြောရန်လောက်သာ လေ့လာထားခြင်း၊ ယာယီသဘောသာ လေ့လာဖြစ်ခြင်း ... )
✅ လေ့လာသော်လည်း လုံလောက်အောင် လေ့လာမှုမရှိခြင်း ( ဥပမာ ... တခြားအလုပ်များကြောင့် အချိန်သိပ်မပေးနိုင်ခြင်း၊ တပိုင်းတစ လောက်သာ လေ့လာထားခြင်း ... )
ဒီအထဲမှာ ... ကျနော်ကတော့ ဒီလို မဟုတ်ပါဘူး။ ဗေဒင်ပညာလို့ ဆိုလိုက်တာနဲ့ ... အဲဒီဗေဒင်ပညာဟာ ... သိပ္ပံနည်းကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ၊ လွယ်သည်ဖြစ်စေ၊ ခက်သည်ဖြစ်စေ ... တစိုက်မတ်မတ်နဲ့ အချိန်ကို မရမကယူပြီး ထမင်းမေ့ဟင်းမေ့၊ အထူးသဖြင့် အိပ်ချိန်ပါ မေ့လောက်အောင်
မနားမနေနဲ့ မရပ်မနားကို လေ့လာတော့တာပါပဲ ... ဒီလိုလေ့လာတဲ့နေရာမှာလည်း အဲဒီပညာရဲ့ ဆုံးခန်းတိုင်လောက်မယ့် လျှို့ဝှက်ချက်၊ ဒါမှမဟုတ် အသိပညာတစ်ခုကို မရမခြင်း ကျနော် ရပ်နားလေ့မရှိပါဘူး။ အချိန်ပေးတယ်။ လေ့လာတယ်။ နားမလည်ရင် ရှာဖွေတယ်။ သင်ပေးနိုင်မယ့်ဆရာရှိရင်
ပညာခံယူတယ်။ တွေးတယ်။ ဆင့်ပွားပြီး ဉာဏ်ကစားတယ်။ ဒီပညာနဲ့ မဟောနိုင်သေးဘူးဆိုရင်လည်း အားမရဘူး။ မရမနေကို တိုးပြီး လေ့လာချင်တယ်။ ဒီလို လေ့လာရင်းနဲ့ ... ကျနော်ဟာ ထူးဆန်းတဲ့ ဂဏန်းဗေဒင်ပညာတစ်ခုကို ကိုယ်ပိုင်အဖြစ် ရရှိသွားပါတယ်။ ကျနော်ရရှိသွားတဲ့ ဂဏန်းဗေဒင်ပညာရဲ့ ထူးခြားချက်တွေကို
ပြောမပြခင်မှာ ကျနော် လတ်တလော စဉ်းစားထားတဲ့ Markov Chain ဆိုတဲ့ သင်္ချာပညာအကြောင်းကို အရင်ပြောပြပါမယ်။ Markov Chain ဆိုတာကို ခပ်လွယ်လွယ်ပဲ လူတိုင်းနားလည်အောင် ရှင်းပြရမယ်ဆိုရင် ... သူ့အယူအဆက နည်းနည်းထူးဆန်းပါတယ်။
သူ့အယူအဆက ...
အနာဂတ်အခြေအနေ (Future State) ဟာ လက်ရှိအခြေအနေ (Present State) အပေါ်မှာပဲ မူတည်ပြီး၊ အတိတ်ကဖြစ်ရပ်တွေအပေါ်မှာ မူတည်ခြင်းမရှိဘူး လို့ဆိုပါတယ်။
ဒီအယူအဆကို တချို့ကတော့ လက်ခံနိုင်မယ်မထင်ပါဘူး။ ကျနော်ကတော့ လက်ခံပါတယ်။ ကျနော်ဘာကို တွေးမိသွားသလဲဆိုတော့ ... ကျနော်တို့ မြန်မာတွေသိထားကြတဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဆိုတဲ့ စကားလုံးတွေဟာ ... တစ်ခုနဲ့ တစ်ခု နားလည်အောင် ခွဲခြမ်းစိတ်ဖြာထားကြတယ်ဆိုပေမယ့်လည်း
တကယ်တမ်းက သုံးခုမဟုတ်ပါဘူး။ တစ်ခုထဲအပေါ်မှာပဲ မူတည်နေပါတယ်။ အဲဒါကတော့ ပစ္စုပ္ပန်ဆိုတဲ့ အခြေအနေပါပဲ။ အတိတ်ဆိုတာဟာ ကျန်ခဲ့တဲ့ ပစ္စုပ္ပန်တစ်ခုသာဖြစ်ပြီး အနာဂတ်ဆိုတာကလည်း မလာသေးတဲ့ ပစ္စုပ္ပန်တစ်ခုသာဖြစ်ပါတယ်။ ပစ္စုပ္ပန်ဆိုတဲ့ အခြေအနေကို ကောင်းအောင် ထိန်းထားနိုင်မယ်ဆိုရင် ...
အတိတ်လည်း ကောင်းမှာဖြစ်သလို၊ အနာဂတ်လည်း ကောင်းလာမှာဖြစ်ပါတယ်။ ပမာပြုရရင် ... ဒီနေ့ ကျနော့်မှာ သိန်းတစ်ထောင်ရှိတယ်ဆိုရင် ... ဒီနေ့ပဲ အဲဒီ သိန်းတစ်ထောင်ကို ပွားများလာအောင် စီးပွားရေး အရင်းအနှီးတစ်ခုပြုလိုက်ပါမယ်။ အဲဒီလိုပြုလိုက်တဲ့အတွက် အနာဂတ်ဖြစ်တဲ့ နောက်တစ်နေ့ပေါင်းများစွာဟာ
ကျနော့်အတွက် စီးပွားရေးမှာ စိတ်ပူနေစရာလိုတော့မှာ မဟုတ်ပါဘူး။ ဒီလိုပဲ ... ကျန်နေခဲ့တဲ့ အတိတ်တွေဆိုတာကလည်း သိန်းတစ်ထောင်ကို ကောင်းစွာ ရင်းနှီးမြုပ်နှံခဲ့ပြီးသားဖြစ်နေလို့ အတိတ်ကောင်းတွေအဖြစ်သာ ကျန်နေခဲ့မှာပါ။ ကဲ ... တမျိုးလှည့်တွေးရအောင် ... ဒီနေ့ ကျနော့်လက်ထဲ တပြားမှ မရှိဘူး။ ဒါဆို ဘာမှ ကျနော် မလုပ်နိုင်ဘူး။
ဒီလို မလုပ်နိုင်တာကို မလုပ်နိုင်ဘူးဆိုပြီး စိတ်ပျက် အားလျော့လိုက်မယ်။ ဒီအတိုင်းပဲ ထားလိုက်မယ်ဆိုရင် ... ရှေ့လာမယ့် အနာဂတ်ဆိုတဲ့ မနက်ဖြန်ဆိုတာတွေကလည်း သိပ်ပြီး မရေရာတော့ပါဘူး။ ဒီလိုပဲ ကျန်ခဲ့မယ့် အတိတ်ဆိုတာတွေကလည်း ကျနော်ဘာမှ မလုပ်နိုင်လို့ မလုပ်ခဲ့ဘူးလို့ အားလျော့ခဲ့တဲ့အတွက် ... အတိတ်ကောင်းအဖြစ်နဲ့ ကျန်နေခဲ့မှာ မဟုတ်တော့ပါဘူး။
ဒါက သဘောတရားကို နည်းနည်းလေး ပြောပြတာပါ။ အခု ကျနော်ပြောချင်တဲ့ Markov Chain ဆိုတာဟာ ဖြစ်တန်စွမ်း (Probability) ကို တွက်ချက်တဲ့ သင်္ချာပညာတစ်ခုဖြစ်ပါတယ်။
မနက်ဖြန် ပီဇာစားမလား၊ ဟမ်ဘာဂါစားမလားဆိုတာမျိုးကို ဒီနေ့ အဲဒီလူ ဘာစားခဲ့သလဲဆိုတဲ့ အပေါ်မှာပဲ မူတည်ပြီး တွက်ချက်ပါတယ်။ ဗေဒင်ပညာသဘောတရားနဲ့ ဥပမာပေးရမယ်ဆိုရင် ... မနက်ဖြန်ကံကောင်းမလား၊ ကံဆိုးမလားဆိုတာကို အဲဒီလူဒီနေ့ ဘာလုပ်ခဲ့သလဲဆိုတဲ့ အပေါ်မှာသာ မူတည်ပြီး တွက်ချက်တဲ့ သဘောမျိုးပါ။
သင်္ချာပညာဆိုပေမယ့် သဘာ၀ကျတယ်လို့ ကျနော်ကတော့ မြင်ပါတယ်။ စောစောက ကျနော်ဥပမာတွေနဲ့ ပြောခဲ့သလိုပေါ့ ... ဒီနေ့ ကောင်းကောင်းမလုပ်ခဲ့ရင် ... အနာဂတ်မှာ ကောင်းကောင်းဖြစ်လာဖို့ဆိုတာ သိပ်ပြီး မသေချာလှပါဘူး။ တချို့ ငယ်စဉ်မှာ ပညာရှာလို့ ပြောပေမယ့် ပညာကို ကောင်းကောင်းမရှာပဲ ဟေးလားဝါးလားလုပ်နေကြပါတယ်။
နောက် အသက်ကြီးလာတဲ့အခါ အတိတ်က ပညာရှာရမယ့်အချိန် မရှာခဲ့မိလို့ ... ဒုက္ခစတွေ့ပါလေရော ... ဒါဟာ ဒီသင်္ချာပညာရဲ့ သဘောတရားနဲ့ ဆင်တူနေပါတယ်။ ဒီ Markov Chain နည်းလမ်းကို ဗေဒင်ပညာနဲ့ ပေါင်းစပ်ပြီး လူတစ်ယောက်ရဲ့ ကံကောင်းခြင်း၊ ကံဆိုးခြင်းဆိုတဲ့ သဘောတရားတွေကို ကောင်းကောင်းလေ့လာနိုင်ပါတယ်။
ဒါဟာ ဗေဒင်ပညာဆိုပေမယ့် သိပ္ပံနည်း နည်းနည်းဆန်သွားပါလိမ့်မယ်။
ကဲ ... ကျနော်ရှာတွေ့ထားတဲ့ ဂဏန်းဗေဒင်အကြောင်း ဆက်ပြောကြတာပေါ့ ... ဂဏန်းဗေဒင်ပညာအမျိုးမျိုးရှိတယ်။ အားလုံးကို ကျနော်လေ့လာပြီးသွားပြီ။ အဲဒီအမျိုးမျိုးထဲက သုံးမျိုးလောက်ကိုပဲ အရင် ဥပမာ ပြောပြမယ်။
✅ Chaldean Numerology
ဒါကို ကျနော်တို့ မြန်မာနိုင်ငံမှာ ကိုင်ရိုဂဏန်းဗေဒင်ဆိုပြီး လူသိများနေပါတယ်။ သူ့ရဲ့ အက္ခရာသတ်မှတ်ပုံတွေက ရုတ်တရက်ကြည့်ရင် အစီအစဉ်မကျပါဘူး။ ပြီးတော့ သူက အက္ခရာတွေကို ဂဏန်း ၈ ခုအထိပဲ သတ်မှတ်ပါတယ်။ ၉ ဂဏန်းကို အက္ခရာထဲမှာ ထည့်မထားပါဘူး။
အထူးသဖြင့် သူ့ရဲ့ အက္ခရာယူဆပုံတွေဟာ အသံတုန်ခါမှု (Vibration) ကို အဓိက အားပြုထားပါတယ်။
✅ Pythagorean Numerology
ဒါကတော့ အနောက်တိုင်းမှာ တော်တော်လေးကို တွင်တွင်ကျယ်ကျယ်သုံးနေကြတဲ့ ဂဏန်းဗေဒင်နည်းလမ်းတစ်ခုပါ။ ခေတ်သစ်ဂဏန်းဗေဒင်လို့တောင် ဆိုတတ်ကြပါတယ်။ အက္ခရာသတ်မှတ်ပုံဟာ ၁ ကနေ ၉ အထိကို A, B, C အစဉ်လိုက်သွားပါတယ်။ သူက အက္ခရာအစီအစဉ် (Sequence) ကို အဓိက အားပြုထားတဲ့ စနစ်တစ်ခုပါ။
✅ Hebrew Numerology
ဒီနည်းလမ်းကတော့ ဟီဘရူးအက္ခရာ ၂၂ လုံးကို အဓိက အခြေခံပြီး တွက်ရလွယ်ကူအောင် အင်္ဂလိပ်အက္ခရာတွေနဲ့ ပြန်ပြောင်းယူတတ်ကြပါတယ်။ ဂဏန်းသတ်မှတ်ပုံကလည်း ရှေ့က ဂဏန်းဗေဒင်နည်းလမ်းတွေနဲ့ မတူတော့ပါဘူး။ ဘာတွေထူးခြားသလဲဆိုတာကတော့ အင်တာနက်မှာ ကိုယ်တိုင်ရှာဖွေလေ့လာကြည့်ပါ။ အသေးစိတ်ရှင်းပြရမယ်ဆိုရင်
ဒီမှာ အရမ်း ရှည်လျားသွားပါလိမ့်မယ်။
အခုကျနော်ရှာဖွေတွေ့ရှိထားတဲ့ ဂဏန်းဗေဒင်ပညာဟာ ... အခုပြောပြထားတဲ့ ဂဏန်းဗေဒင်နည်းလမ်းတွေနဲ့ ဘာမှ မဆိုင်တော့သလို ... သူ့ရဲ့ ဂဏန်းသတ်မှတ်ပုံကလည်း တမူထူးခြားပါတယ်။ ဒါကို အောက်မှာ ကျနော် ဇယားချပြီး ရှင်းပြထားပါတယ်။ အက္ခရာနဲ့ ဂဏန်းသတ်မှတ်ပုံဟာ Linguistic Frequency ကို အခြေခံထားပါတယ်။
Linguistic Frequency ဆိုတာ ... အက္ခရာတစ်ခုချင်းစီရဲ့ အသုံးများမှု (Frequency) အပေါ် မူတည်ပြီး စွမ်းအင် (Energy) သတ်မှတ်ပေးတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ "အက္ခရာရှားပါးလေ၊ စွမ်းအင်ပြင်းလေ" (Rare is Powerful) ဆိုတဲ့ သီအိုရီပေါ်မှာ အခြေခံထားပါတယ်။ တနည်းပြောရရင် "ရှားပါးလေ၊ တန်ဖိုးရှိလေ" ဆိုတဲ့ စနစ်မျိုးပါ။
ဥပမာ ... ဇယားမှာ လေ့လာပါ။ E, T, A ဆိုတဲ့ အက္ခရာတွေဟာ အင်္ဂလိပ်စာပေမှာ အသုံးအများဆုံး အက္ခရာတွေဖြစ်ပါတယ်။ ဒါကြောင့် ဒါတွေဟာ ရှားပါးအက္ခရာမျိုးတွေ မဟုတ်ပါဘူး။ ဒါကြောင့် တန်ဖိုးအနည်းဆုံးဖြစ်တဲ့ 1 ဂဏန်းအုပ်စုထဲမှာ သူတို့ကို ထည့်ထားပါတယ်။ ... ဒီလိုနဲ့ အရှားပါးဆုံး အုပ်စုဖြစ်တဲ့ 9 ဂဏန်းကို ကြည့်လိုက်မယ်ဆိုရင် ...
Z နဲ့ Q ကို တွေ့နိုင်ပါတယ်။ အဲဒီ အက္ခရာမျိုးတွေဟာ အင်္ဂလိပ်စာပေမှာ အသုံးအနည်းဆုံးအက္ခရာမျိုးတွေဖြစ်ပါတယ်။ တနည်းပြောရရင်တော့ ရှားပါးအုပ်စုတွေပေါ့။ အဲဒီလို အက္ခရာတွေရဲ့ Frequency ကို တွက်ချက်နိုင်ဖို့ ... Google ဟာ 743842922321 လောက်ရှိတဲ့ Data တွေနဲ့ သုတေသနလုပ်ခဲ့ပါတယ်။ ဒါပေမယ့် သူလုပ်ခဲ့တာက စာအုပ်တွေထဲက Data တွေဖြစ်ပါတယ်။
ဗေဒင်ပညာမှာ အဲဒီရလဒ်ကို သုံးဖို့ဟာ စိတ်မချရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ... စကားပြောပုံနဲ့ စာရေးသားပုံဟာ အမြဲတမ်း ကွာခြားနေတတ်လို့ပါ။ ဥပမာ ... စာရေးတဲ့အခါ ... အတိတ်အကြောင်းတွေကို ပြောတဲ့ စကားလုံးတွေအများဆုံး သုံးနိုင်တဲ့အတွက် ... ed နဲ့အဆုံးရှိတဲ့ Word တွေကို တည်ဆောက်ရတော့မှာပါ။ ဒါဆို E ဟာ အလိုလိုနေရင်းနဲ့ကို အများဆုံးဖြစ်လာတော့မှာပါ။
ဒီတော့ ကျနော့်အနေနဲ့ ဗေဒင်ပညာမှာ တကယ်တမ်း အသုံးဝင်နိုင်မယ့် စကားပြောဆိုပုံ Data 9918149801 ကို အခြေခံပြီး သေချာပြန်တွက်ရပါတယ်။ ဒီလိုတွက်တော့မှ အခု ကျနော်ပြောပြထားတဲ့ ရလဒ်ဟာ ရလာပါတယ်။ Google ရဲ့ သုတေသနရလဒ်နဲ့ အနည်းငယ်ဆင်တူပေမယ့် အားလုံးတော့ ထပ်တူမကျပါဘူး။ ဒါကိုတော့ အထူးရှင်းမပြတော့ပါဘူး။
လောလောဆယ် ကျနော်ပြပေးထားတဲ့ ဇယားကိုကြည့်တတ်ရင်ပဲ လုံလောက်ပါပြီ။
ဒီဇယားရဲ့ အက္ခရာသတ်မှတ်ပုံဟာ အရင်က ဂဏန်းဗေဒင်မူတွေနဲ့ လုံး၀ မတူတော့တဲ့အပြင် တွက်ချက်ယူဆမှုဟာလည်း တမူထူးသွားပါတယ်။ ...
အရင်က ဂဏန်းဗေဒင်စနစ်မှာက ... နာမည်တစ်ခုကို အက္ခရာကနေ သင်္ချာဖွဲ့ပြီး ဘာဂဏန်းဆိုရင် ဘာစွမ်းအားလို့ ဟောပြောနိုင်ပေမယ့် ဒီမူမှာတော့ ... နာမည်တိုင်းရဲ့ Wavelength အပေါ်မှာအခြေခံပြီးသာ အလုပ်လုပ်ပါတယ်။ 1 ဂဏန်းရလို့ 1 ဂဏန်းအဟောကို ဟောရမယ်လို့ ဒီပညာမှာ မရှိပါဘူး။ နာမည်တစ်ခုရဲ့ Soul Power, Soul Density တွေကို Average Energy အဖြစ် သင်္ချာဖော်မြူလာတွေနဲ့
ပြောင်းလဲပြီးမှ Score တွေနဲ့ အုပ်စုဖွဲ့တွက်ချက်ပါတယ်။ ဒါကို အလွယ်ဆုံး အသုံးပြုနိုင်ဖို့ Program တစ်ခုလုပ်သွားဖို့လည်း အစီအစဉ်ရှိသလို၊ ဒီပညာကို သီးသန့် သင်ပေးနိုင်ဖို့လည်း ကြိုးစားနေပါတယ်။
မကြာခင်မှာတော့ ကျနော့်ရဲ့ ထူးဆန်းတဲ့ ဂဏန်းဗေဒင်ပညာဆိုင်ရာ အယူအဆတချို့ကိုလည်း မျှဝေပေးနိုင်ဖို့ ကြိုးစားပါဦးမယ်။ ဘယ်အတတ်ပညာမဆို ... ဟိုတစ်စ၊ ဒီတစ်စ လေ့လာတာထက် ... စနစ်တကျနဲ့ အခြေအမြစ်ကျကျ နားလည်အောင် လေ့လာထားတာကတော့ သာပြီးကောင်းပါတယ်။
ဒါကြောင့် ... အဘဆရာကြီး မင်းသိင်္ခပြောခဲ့ဖူးသလိုပေါ့ ...
ဘာမှ မလုပ်ချင်ရင် အရှင်းမလုပ်ပါနဲ့။
"ဘာပဲလုပ်လုပ် အဖြစ်ရှိအောင်လုပ်" ကြပါလို့ ပြောကြားရင်း ...

0 Comments
Post a Comment