ကရဝေးရွက်ကို ဟင်းခတ်အမွှေးအကြိုင်အဖြစ်ပဲ သိနေတာဆိုရင်တော့ ဒီနည်းလမ်းကို ဆက်လက်ဖတ်ရှုပေးဖို့ လိုအပ်နိုင်ပါတယ်။ တကယ်တော့ "ကရဝေးရွက် ဆုတောင်းနည်း" (Bay Leaf Manifestation Spell) ဆိုတာဟာ ရှေးအခါကတည်းက အောင်မြင်မှု၊ ကာကွယ်မှုနဲ့ စိတ်စွမ်းအားတွေအတွက် အသုံးပြုခဲ့ကြပြီး ထိရောက်တဲ့ စိတ်ပိုင်းဆိုင်ရာ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။


🌿 အခု ကျနော် ခပ်လွယ်လွယ်နဲ့ ထိရောက်တဲ့ နည်းလမ်းတစ်ခုကို တဆင့်ခြင်းပြောပြပေးပါမယ်။ ဒီရိုးရှင်းတဲ့ နည်းလမ်းဟာ မိတ်ဆွေတို့ရဲ့ ရည်မှန်းချက်တွေကို စိတ်ထဲမှာ ပိုမိုခိုင်မာလာစေဖို့ ကူညီပေးနိုင်ပါတယ်။

အထူးသဖြင့် ....


✅ စီးပွားလာဘ်လာဘ တိုးတက်စေဖို့

✅ အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ ရရှိစေဖို့

✅ ကျန်းမာရေး ကောင်းမွန်စေဖို့

✅ မကောင်းတဲ့ စွမ်းအင်တွေနဲ့ အဟန့်အတားတွေကို ဖယ်ရှားနိုင်စေဖို့အတွက် အသုံးပြုနိုင်ပါတယ်။


📝 ပြုလုပ်ပုံ

၁။ အနှောင့်အယှက်မရှိတဲ့ ငြိမ်သက်တဲ့နေရာမှာ ထိုင်ပြီး အသက်ရှူသွင်း၊ ရှူထုတ် လုပ်ကာ စိတ်ကို စုစည်းပါ။ 


၂။ ကရဝေးရွက် အခြောက်တစ်ရွက်ပေါ်မှာ ခဲတံနဲ့ မိတ်ဆွေရဲ့ လိုအင်ဆန္ဒကို တိုတိုနဲ့ လိုရင်း ချရေးပါ။ "ဖြစ်ချင်တယ်" လို့ မရေးဘဲ "ဖြစ်နေပြီ" ဆိုတဲ့ ပုံစံမျိုး (ဥပမာ ... "စီးပွားတက်ပြီ"၊ "ငွေဝင်ပြီ") လို့ ရေးသားပါ။


၃။ အရွက်ကို လက်နှစ်ဖက်ကြားမှာ အုပ်ထားပြီး ကိုယ့်ဆန္ဒတွေ တကယ်ဖြစ်လာတဲ့အခါ ခံစားရမယ့် ပျော်ရွှင်မှုကို အာရုံထဲမှာ ပြတ်ပြတ်ထင်ထင် ဖြစ်လာအောင် မြင်ယောင်ပေးပါ။


၄။ ဆုတောင်းလို့ ကျေနပ်ပြီဆိုရင် အရွက်ကို ညှပ်တစ်ခုခု (လက်မပူစေဖို့) နဲ့ ကိုင်ပြီး မီးရှို့ပါ။ ထွက်လာတဲ့ မီးခိုးတွေက ကိုယ့်ရဲ့ ဆန္ဒတွေကို စကြဝဠာထဲထိ သယ်ဆောင်သွားတယ်လို့ မှတ်ယူပါ။


၅။ ကျန်ရှိနေတဲ့ ပြာတွေကို လေထဲ လွှင့်ပစ်တာဖြစ်ဖြစ်၊ အပင်ခြေမှာ မြှုပ်တာဖြစ်ဖြစ်၊ ရေနဲ့ မျှောချတာဖြစ်ဖြစ် လုပ်နိုင်ပါတယ်။


၆။ "ပြီးပြည့်စုံပါပြီ" သို့မဟုတ် "ကျေးဇူးတင်ပါတယ်" လို့ ပြောပြီး ဖြစ်လာလိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်အပြည့်နဲ့ စိတ်ကို လွှတ်ချလိုက်ပါ။


အစီရင်က ဒါလေးပါပဲ... ဘာဂါထာတွေ၊ ညာဂါထာတွေ လုံးဝ မလိုပါဘူး။ ဒီအစီရင်ကို လပြည့်တွေမှာ လုပ်ဆောင်သင့်တယ်လို့ဆိုထားပေမယ့် ကျနော့်ကိုယ်တွေ့အရ လဆန်းရက်တွေမှာလုပ်ရင်လည်း အကျိုးထူးပါတယ်။ အချိန်ကတော့ တိတိကျကျမလိုအပ်ပါဘူး။ ဒါပေမယ့် အစီရင်ရဲ့ သဘာဝအရ စိတ်ငြိမ်စေဖို့ အနှောင့်အယှက်ကင်းချိန်၊ ကိုယ်တိုင် အေးအေးဆေးဆေးဖြစ်နေချိန်တွေမှာ လုပ်ပေးသင့်ပါတယ်။ တကယ်လို့ ညကြီးသန်းခေါင်လုပ်မိလို့ ပြာကို အပြင်ထွက်မစွန့်ရဲရင် စုပြီးသိမ်းထားလိုက်ပါ။ မနက်မှစွန့်လည်း နောက်မကျသေးပါဘူး။ (တခါထဲ အပြီးစွန့်နိုင်ရင်တော့ သာပြီးကောင်းပါတယ်။) 


⚠️ သတိပေးချက်

မီးကိုအသုံးပြုရတာဖြစ်လို့ မီးမလောင်နိုင်တဲ့ ကြွေခွက် ဒါမှမဟုတ် သံခွက်ကို အောက်က ခံပြီး မီးရှို့ပါ။ မီးဘေးအန္တရာယ် မဖြစ်လည်း သတိရှိဖို့လိုပါတယ်။ ကရဝေးရွက် တစ်ရွက်လုံး ပြာကျတဲ့အထိတော့ မီးရှို့ဖို့ လိုပါတယ်။


ကဲ... အားလုံးဆန္ဒပြည့်ဝပြီဗျာ...