ဒီနေ့ခေတ်မှာ လူမှုရေး၊ စီးပွားရေး၊ အချစ်ရေး စတဲ့ ကိစ္စအမျိုးမျိုးကြောင့် တယောက်နဲ့တယောက် မနာလိုဝန်တိုစိတ်တွေ၊ ရန်ငြိုးရန်စတွေ များလာကြပါတယ်။ ဒီလိုစိတ်တွေကနေတဆင့် တချို့က အောက်လမ်းပညာ၊ စုန်းကဝေအတတ်တွေကိုသုံးပြီး တဖက်လူကို ဒုက္ခပေးဖို့ ကြိုးစားတတ်ကြပါတယ်။ အနောက်တိုင်းဂမ္ဘီရလောကမှာလည်း ဒီလို အောက်လမ်းနည်းတွေနဲ့ တိုက်ခိုက်တာကို 'Psychic Attack' လို့ ခေါ်ကြပြီး ဒါကို ကာကွယ်ဖို့အတွက် ထိရောက်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ အဲ့ဒီထဲက လွယ်လွယ်ကူကူလိုက်လုပ်နိုင်မယ့် နည်းတစ်ခုကို မျှဝေပေးပါမယ်။

အောက်လမ်းပညာရဲ့ တိုက်ခိုက်မှုကို ခံနေရပြီဆိုရင် အိပ်မက်ဆိုးတွေ မကြာခဏမက်တာ၊ အကြောင်းရင်းမရှိဘဲ ခန္ဓာကိုယ် တနေရာရာက နာကျင်တာ၊ စိတ်ဓာတ်ကျတာ၊ ကံဇာတာတွေ ညံ့လာတာ စတဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။ ဒီလိုတွေဖြစ်လာပြီဆိုတာနဲ့ အနက်ရောင်ကျောက်လေးတစ်လုံးကို ရအောင်ရှာလိုက်ပါ။ ကျောက်နက်ဆိုတဲ့နေရာမှာ မဟူရာကျောက်မျိုးလည်းရသလို၊ လမ်းဘေးကရတဲ့ အနက်ရောင်ကျောက်ခဲလေးနဲ့လုပ်လည်း ရပါတယ်။ 

တကယ့်ပညာရပ် လမ်းညွှန်မှာတော့... 

Black Tourmaline, Obsidian 

ဆိုတဲ့ ကျောက်မျိုးတွေသုံးသင့်တယ်လို့ အကြံပေးထားပါတယ်။ ကျောက်အတွက်တော့ စိတ်မပူပါနဲ့... ကျောက်စရစ်ခဲအနက်ရောင်လေးနဲ့တင်... ပညာသည်လာပြီးတောင်းပန်ရတဲ့ထိဖြစ်အောင် ကျနော်လက်တွေ့စမ်းဖူးပါတယ်။ ဒါကြောင့် အနက်ရောင်ကျောက်သာဖြစ်ပါစေ... စိတ်ချလက်ချလုပ်နိုင်ပါတယ်။ 

လုပ်ဆောင်ပုံ

✅ ကျောက်ကို ဆားရေနဲ့ ဆေးကြောပါ။ ပြီးရင် ရေခြောက်အောင်ပြန်သုတ်ပါ။ 

✅ ပြီးရင် အမွှေးတိုင် ၉ တိုင်ထွန်းပြီး အငွေ့တွေကြားမှာ ကျောက်ကို ၃ မိနစ်ခန့်ထားပါ။ (အနောက်တိုင်းမှာတော့ Sage ဆိုတဲ့ အပင်တစ်မျိုးကို မီးရှို့ပြီး လုပ်ဆောင်ကြလေ့ရှိပါတယ်။) 

✅ ဒီအဆင့်ကတော့ ကျောက်ကို အထက်အောက်လက်ဝါးအုပ်ပုံစံမျိုး အုပ်ပြီး မိမိယုံကြည်ရာအစောင့်အရှောက်ပုဂ္ဂိုလ်ကို ပင့်ဖိတ်ရမယ့်အဆင့်ဖြစ်ပါတယ်။ အနောက်တိုင်းမှာတော့... Archangel Michael ကို ပင့်ဖိတ်လေ့ရှိပါတယ်။ မြန်မာတွေအတွက်ကတော့ ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင် စသဖြင့် မိမိချစ်ခင်ရာ၊ ယုံကြည်ရာကိုပင့်ဆောင်ပါ။ ကိုယ့်ကို ဘယ်သူကစောင့်ရှောက်နေတယ်ဆိုတာ သိထားရင်တော့ အဲ့ဒီပါရမီဆက်အစောင့်ကို ဦးစားပေးပင့်ဖိတ်ပါ။ (ကိုယ့်ကို ဘယ်သူစောင့်ရှောက်သလဲ မသိရင်တော့ ကျနော့်ဆီဗေဒင်မေးဖူးသူတွေက Viber ကနေ လာမေးထားလို့ရပါတယ်။ ဗေဒင်စွယ်စုံသုံးသူတွေက ဗေဒင်စွယ်စုံမှာလေ့လာပါ။) 

✅ အဲ့ဒီလို ပင့်ဖိတ်နေဆဲမှာ လိပ်ပြာလှတဲ့သူတွေက လက်ကို တစုံတရာ ဝင်စီးသလို ထိန်းမရလောက်အောင် တုန်ရီလာတတ်ပါတယ်။ မစိုးရိမ်ပါနဲ့။ တချို့သူတွေအတွက် လက်ဝါးနှစ်ခုထဲက ကျောက်က ရုတ်တရက်ဆိုသလို ပူလောင်လာလို့ လွှတ်ချမိတတ်ပါတယ်။ လုံးဝ အောက်ကို မကျပါစေနဲ့။ 

✅ ပင့်ဖိတ်တယ်ဆိုတာ အထူးအဆန်းတွေလုပ်နေစရာမလိုပါဘူး။ ရိုးရိုးလေးပဲ စိတ်ထဲကနေ ကိုယ့်ဆီကြွရောက်ပြီး အကူအညီပေးဖို့ အာရုံလေးလေးနက်နက်ပြုပေးနေရုံပါပဲ။  

✅ စိတ်ကျေနပ်လောက်ပြီ... ပင့်ဖိတ်မှုကို လက်ခံတယ်လို့ မိမိဘာသာယုံကြည်လာပြီဆိုမှ အောက်ပါဂါထာကိုရွတ်ပါ။ (မြန်မာဂါထာမဟုတ်တော့ ဂမ္ဘီရသံစဥ်လို့ပဲမှတ်ယူပါ။) 

 ✅ VARUN ✅ 

အနီးစပ်ဆုံးအသံထွက်အဖြစ် "ဗာရွန်" လို့ အသံထွက်နိုင်ပါတယ်။ ဒီအသံထွက်ရဲ့ ခေါက်ရေအလိုက် အစွမ်းသတ္တိကို တိုးမြှင့်နိုင်တဲ့ Pattern ပုံစံတွေရှိပါတယ်။ သင်တန်းမှာ အချိန်ရရင် အသေးစိတ်ပြောပြပါဦးမယ်။ အခုလောလောဆယ် ပုံသေမှတ်ထားဖို့ကတော့ ၂၁ ခေါက်ရွတ်ပါ။ အားလုံးပြီးရင်တော့ ဒီကျောက်ကလေးကို ကိုယ်နဲ့မကွာဆောင်ထားလိုက်ပါ။ ဒီကျောက်ရှိနေသရွေ့... "စမ်းချင်သလို စမ်း မောင်ဘဂျမ်း" လို့ စိန်ခေါ်လို့ရပါပြီဗျာ။ ဘယ်လိုနည်းလမ်းနဲ့မှ ကိုယ့်ကို လာတိုက်လို့မရသလို... အတိုက်အခိုက်တွေရှိထားရင်လည်း လျင်မြန်စွာကျေပျက်သွားပါလိမ့်မယ်။