Chaos Magick အကြောင်းကို ပြောပြရမယ်ဆိုရင် နည်းနည်းပေရှည်နိုင်ပါတယ်။ ဒါပေမယ့် ကျနော် ဒီနေရာမှာတော့ မကျဥ်းမကျယ်လေးဖွင့်ဆိုပေးပါတယ်။ Chaos အကြောင်းမပြောခင်... Traditional Magick နဲ့ Chaos Magick ဟာ ဘာတွေအဓိက ကွာခြားနေသလဲဆိုတာကို အရင်ပြောပြချင်ပါတယ်။ 

Traditional Magick နဲ့ Chaos Magick ရဲ့ကွာခြားမှုဟာ များစွာရှိပေမယ့် အနှစ်ချုပ်လိုက်ရင် လေးမျိုးပဲရှိပါတယ်။

✅ စည်းမျဥ်း/မူဘောင်

✅ ယုံကြည်ချက်

✅ ရည်ရွယ်ချက်

✅ နည်းစနစ်

ဆိုတဲ့လေးချက်ပါ။ 


✅ စည်းမျဥ်း/မူဘောင်

Traditional Magick ဟာ ရှေးဟောင်း အဖွဲ့အစည်းဆိုင်ရာ စနစ်တွေ (ဥပမာ... Kabbalah, Hermeticism, Wicca) ရဲ့ တင်းကျပ်တဲ့ စည်းမျဉ်းတွေ၊ ဘာသာရေး အယူအဆတွေနဲ့ ထုံးတမ်းစဉ်လာ တွေကို လိုက်နာရတယ်။

Chaos Magick ဟာ စည်းမျဉ်းတွေကို ချိုးဖျက်ပြီး ကိုယ်ပိုင်နည်းစနစ် နဲ့ စမ်းသပ်မှုတွေကို အလေးပေးတယ်။ လက်တွေ့ရလဒ် ကိုသာ အဓိကထားတယ်။


✅ ယုံကြည်ချက်

Traditional Magick ဟာ ရွေးချယ်ထားတဲ့ စနစ် (ဥပမာ... Tarot၊ ဂြိုဟ်တွေရဲ့ အစွမ်း) ကို မြဲမြံစွာ ယုံကြည်တယ်။

Chaos Magick ဟာ ယုံကြည်ချက်ကို စိတ်အာရုံ စုစည်းဖို့အတွက် ယာယီ ကိရိယာ တစ်ခုအဖြစ် မြင်တယ်။ လိုအပ်ရင် ယုံကြည်ချက်ကို ပြောင်းလဲတယ်။


✅ ရည်ရွယ်ချက်

Traditional Magick ဟာ စကြဝဠာဆိုင်ရာ နားလည်မှုကို ရှာဖွေတာမျိုး၊ ဘုရားသခင် (သို့) နတ်ဘုရားတွေနဲ့ ဆက်သွယ်တာမျိုးကို အဓိကထားတယ်။

Chaos Magick ဟာ တကယ့် လက်တွေ့ဘဝ မှာ ရည်ရွယ်ချက်/ဆန္ဒတွေကို အကောင်အထည်ဖော်ခြင်းဆိုတဲ့ (Manifestation) ကို အဓိကထားတယ်။


✅ နည်းစနစ်

Traditional Magick ဟာ ရှည်လျားပြီး စနစ်တကျရှိတဲ့ ရိုးရာ ထုံးတမ်းစဉ်လာ (Rituals) တွေကို အသုံးပြုတယ်။ Chaos Magick ဟာ ရိုးရှင်းပြီး လျင်မြန်တဲ့ နည်းလမ်းတွေ (ဥပမာ... Sigil ဖန်တီးတာမျိုး၊ Gnosis State ရအောင် လုပ်တာမျိုး) ကို အသုံးပြုတယ်။

ဒီတော့ Chaos Magick ဆိုတာက နည်းနည်းစိတ်ဝင်စားဖို့ မကောင်းဘူးလား? 

Chaos ဆိုတဲ့ စကားလုံးဟာ အင်္ဂလိပ်စကားလုံးလို့ ထင်ရပေမယ့် သူ့ရဲ့မူရင်းဟာ ရှေးဟောင်းဂရိ (Ancient Greek) စကားလုံး Χαος (Khaos) ကနေလာပါတယ်။ Chaos ကို အင်္ဂလိပ်အဘိဓာန်ထဲမှာ (ပရမ်းပတာ၊ ကစဥ့်ကရဲ၊ ဖရိုဖရဲ) လို့ဖွင့်ဆိုထားတော့ ဒီအ​ကြောင်းကို ကျကျနန မလေ့လာဖူးတဲ့ လူတချို့ဟာ "ပရမ်းပတာမှော်ပညာ" လို့ ကင်ပွန်းတပ်လိုက်ကြပါတယ်။ မြန်မာနားနဲ့ဆိုရင် တော်တော့်ကို အဆင်မပြေတဲ့စကားလုံးပါ။ တကယ်က...  Chaos ဆိုတာ ဂရိစကားနဲ့ဆိုရင် ဗလာ (Empty)၊ ကွာဟမှု၊ ကွက်လပ်၊ ခြားနားချက် (Gap) လို့ အဓိပ္ပါယ်ရပါတယ်။ Greek Mythology အရ KHAOS (Chaos) ဟာ ဖန်ဆင်းမှုရဲ့ အရုဏ်ဦးမှာ ပေါ်ထွန်းလာတဲ့ မူလနတ်ဘုရား (Protogenoi) တွေထဲကမှ ပထမဆုံး ဖြစ်ပါတယ်။ သူ့နောက်မှာမှ Gaia, Tartaros, Eros ဆိုတာတွေက ပေါ်ပေါက်လာတယ်လို့ ဆိုပါတယ်။ ဒီနေရာမှာသတိပြုရမှာက KHAOS ဟာ နတ်ဘုရားလို့ဆိုထားပေမယ့် Zeus တို့လိုမျိုးတော့မဟုတ်ပါဘူး။ တင်စားမှုတမျိုးသာဖြစ်ပါတယ်။ ဥပမာ... Zeus ကို လူသားပုံစံမျိုးပုံဖော်ပြတာမျိုးမဟုတ်ပဲ...  ဗလာဖြစ်နေတဲ့ ဖြစ်တည်မှုတစ်ခုရဲ့ကနဦးအစကို ဆိုချင်တာပါ။ ဒါပေမယ့် ယနေ့ခေတ်အနုပညာရှင်တချို့ကတော့ လူသားပုံတွေအစားသွင်းပြီး စိတ်ကူးယဥ်ရေးဆွဲနေကြပါတယ်။ 

ဒီတော့ Chaos ရဲ့ အဓိပ္ပါယ်ကို အောက်ပါအတိုင်း ယူဆနိုင်ပါတယ်။

✅ ပုံစံမဲ့မှော်ပညာ (Formless Magick)

✅ ဗလာဟင်းလင်းမှော်ပညာ (Void Magick)

✅ အာဒိကပ္ပ(မူလအစ၊ ကမ္ဘာဦးအစ၊ မူလအစ) မှော်ပညာ (Primordial Magick)

Chaos Magick မှာ အဓိကအယူအဆက...

Belief as a Tool (ယုံကြည်ချက်ဟာ အဓိက ကိရိယာ) ဖြစ်ပါတယ်။ ဆိုလိုတာက Chaos Magician တွေဟာ သူတို့ရဲ့ ရည်ရွယ်ချက်ကို အထောက်အကူပြုမယ့် ဘယ်လို ယုံကြည်ချက်စနစ်ကိုမဆို ယာယီ လက်ခံပြီး အသုံးပြုနိုင်တယ်ဆိုတဲ့သဘောပါ။ ဥပမာ... တခါတလေမှာ ဂရိနတ်ဘုရားတွေကို ယုံကြည်ပြီး၊ နောက်တစ်ကြိမ်မှာ ဗုဒ္ဓကို ယုံချင်လည်း ယုံနေမှာပါ။ ဒါဟာ သူတို့ရဲ့ ယုံကြည်ချက်အပေါ် အဓိကအခြေခံထားတဲ့ လွတ်လပ်သောယုံကြည်မှု (Free Belief) ဖြစ်ပါတယ်။ 

ဒါ့အပြင် သူတို့ရဲ့ ထူးဆန်းတဲ့ဆောင်ပုဒ်တစ်ခုဖြစ်တဲ့...

✅ Nothing is True; Everything is Permitted. ✅

✅ (ဘယ်အရာမှ အမှန်မဟုတ်၊ အရာရာကို ခွင့်ပြုထားတယ်။) ✅

 ဆိုတဲ့ဆောင်ပုဒ်ဟာ ဘောင်ခတ်ထားတဲ့ယုံကြည်မှုတွေ (ဥပမာ... ဘာသာရေးတွေ၊ သမိုင်းအထောက်အထားစည်းမျဥ်းတွေ) ကို အားမကိုးပဲ သူတို့ရဲ့ရည်ရွယ်ချက်အောင်မြင်ဖို့အတွက် အသင့်တော်ဆုံးအရာကို ရွေးချယ်ခွင့်ရှိတယ်လို့ ဆိုလိုရာရောက်ပါတယ်။ တနည်းပြောရရင် သူတို့လက်ခံပုံက ရှင်းပါတယ်။ "အဲ့ဒါ အလုပ်ဖြစ်ရင်၊ အလုပ်ဖြစ်တာပဲ" (If it works, it works.) ဆိုတဲ့ အယူအဆပါ။ သူတို့က ရှေးရိုးစဥ်လာတွေ၊ ထုံးတမ်းဆိုတာတွေကို ဂရုမစိုက်ပါဘူး။ ယုံကြည်ရင် လက်ခံလိုက်တယ်။ မယုံကြည်ရင် လက်မခံဘူး။ 

✅ "လုပ်ကြည့်၊ ရလဒ်ကြည့်၊ လိုအပ်ရင်ပြောင်းလဲ" ✅

✅ (Try it, see if it works, change if it doesn't.) ✅

ဒါဟာ Chaos တွေရဲ့စနစ်ပါ။ ဒီလောက်ဆိုရင် Traditional Magick နဲ့ Chaos Magick ဘာကွာခြားသလဲဆိုတာ ဗဟုသုတရလောက်ပြီထင်ပါတယ်။ 

SOM (Secret of Magick) သင်တန်းမှာ ကျန်နေတဲ့အပိုင်းတွေကို ထပ်မံဖြည့်စွက်ရှင်းပြပါဦးမယ်။