အကြွေးအတွက် သောကရောက်နေလို့ဆိုပြီး ခဏခဏ ညည်းညူနေသံတွေကြားနေရတယ်။ တချို့ ကျနော့်ဆီဗေဒင်မေးဖို့တောင် ဥာဏ်ပူဇော်ခ မတတ်နိုင်ကြလို့ ယတြာတွေလည်း မတောင်းရဲကြဘူး... ကျနော်က ဗေဒင်ကိုသာ ကျေးဇူးရှိသူမှအပ အခမဲ့မဟောတာပါ။ ယတြာတွေတော့ အခမဲ့ပေးပါတယ်။ လာတောင်းသူတွေကိုလည်း အချိန်ယူပြီးကို စာပြန်ပေးပါတယ်။ ဒါပေမယ့် တယောက်နဲ့အများကလည်းဖြစ်.... ကျနော်ကိုယ်တိုင်ကလည်း မအားလပ်တာကများဆိုတော့ စာပြန်ရတာလက်မလည်ဘူးပေါ့ဗျာ... ဒါကို တချို့က နားလည်ပေးတတ်ကြပြီး တချို့ကလည်း မဆီမဆိုင် ဘလော့ပစ်ကြတာလည်းရှိပါတယ်။ လူ့သဘာဝအကြောင်း ကောင်းကောင်းလေ့လာပြီးသားမို့ ဒါကလည်း အပြစ်တော့ မဟုတ်ပါဘူး။ ကျနော်ဘက်ကအခြေအနေကို သူတို့မှနားမလည်တာပဲ... ကျနော်နားလည်ပါတယ်။
အခုပြောချင်တာက အဲ့ဒီအကြွေးအကြောင်းပါပဲ... အကြွေးဆိုတာ အကြောင်းအမျိုးမျိုးနဲ့ တင်တတ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ပညာအရ အကြွေးတင်တိုင်း ဖြေရှင်းပေးလို့တော့ မရဘူးဗျ။ နားမလည်မှာစိုးလို့ နည်းနည်းအကျယ်ချဲ့ရှင်းပြမယ်။
✅ ငွေအခက်အခဲတခုကြောင့် ငွေချေးမိတယ်။ အတိုးတွေကတက်၊ အလုပ်ကအဆင်မပြေ... ကြာတော့ နစ်သထက်နစ်လာတယ်ဆိုတဲ့အကြွေးမျိုးက ခင်ဗျားတို့အပြစ်မဟုတ်ဘူး။ ဒါကို ကျနော်တို့ ဖြေရှင်းပေးနိုင်တယ်။
✅ ငွေအခက်အခဲတခုကြောင့် ငွေချေးမိတယ်။ အလုပ်ကလည်းအဆင်မပြေ၊ အတိုးတွေကတက်လာတော့ ပိုပြီးနစ်လာတယ်။ ဒါပေမယ့် ခင်ဗျားက ငွေကြေးကို စနစ်တကျမသုံးတတ်ဘူး။ ငွေဝင်နည်းနေချိန်မှာ စနစ်တကျသုံးစွဲဖို့တောင်သတိမရဘူး။ ရှိသလို အကုန်သုံးချင်ရုံမက ဟိုဟာဒီဟာတွေကလည်းဝယ်ချင်သေးတယ်။ ဝယ်သမျှကလည်း လိုအပ်တာကနည်းနည်း၊ မလိုအပ်တာကများများဖြစ်နေမယ်။ ပိုဆိုးတာက ငွေအဆင်မပြေမှန်းသိသိကြီးနဲ့မှ စိတ်အလိုလိုက်ပြီး ကိုယ်ဝယ်ချင်တာကို ချေးငှားပြီးတောင်ဝယ်လိုက်သေးတယ်ဆိုရင် ခင်ဗျားတင်တဲ့အကြွေးက ခင်ဗျားကြောင့်ပဲ... ကျနော်တို့ပညာနဲ့ ဘယ်လိုမှကယ်လို့မရဘူး။ တကယ်လို့ ခင်ဗျားဘက်က ပြင်ဆင်မယ်ဆိုရင်တော့ ကယ်လို့ရကောင်းရနိုင်ပါတယ်။
ဒါက ခင်ဗျားတို့ နားလည်လွယ်အောင် နည်းနည်းချဲ့ကားရှင်းပြလိုက်တာ... တကယ်က အများကြီးပြောဖို့ ကျန်သေးတယ်။ ကျနော်ဗေဒင်ဟောတယ်ဆိုတာက ခင်ဗျားတို့ရဲ့ဇာတာမှာပါနေတဲ့ ခင်ဗျားတို့ရဲ့ ဥာဥ်စရိုက်၊ အားနည်းချက်၊ အားသာချက်တွေကိုပါစစ်ဆေးရတာမျိုးပါ။ ခင်ဗျားဇာတာသိရမှ ခင်ဗျားဘယ်လိုလူဆိုတာ ကျနော်သိရမယ်။ ဒါမှ ခင်ဗျားအားနည်းချက်ကို ပြုပြင်ပြီး ကူညီလမ်းပြပေးနိုင်မှာပေါ့... ခုကျနော် ဥပမာပြထားတဲ့ အကြွေးတင်နည်းနှစ်မျိုးအနက်... ပထမတမျိုးကတော့ ချွင်းချက်ထားလို့ရပါတယ်။ မမျှော်လင့်ပဲ လောကဓံက ဖန်တီးလိုက်တာဆိုတော့ ကျနော်ယတြာတွေဘာတွေပေးရင် ကံကောင်းတိုက်ဆိုင်ပြီး အဆင်ပြေချင်ပြေနိုင်ပါသေးတယ်။ ဒုတိယအကြွေးတင်နည်းမျိုးကတော့ ဒီအတိုင်း ကျနော်က ယတြာပေးလိုက်ရုံနဲ့တော့ အဆင်မပြေတော့ဘူးဗျ။ ဒီလိုလူမျိုးတွေအတွက် သေသေချာချာတွက်ချက်ပြီး အားနည်းချက်ကို ပြင်ချင်လာအောင် ပြောပြရမယ်။ တကယ်လိုက်နာမှ သူနဲ့တကယ်သက်ဆိုင်မယ့် ယတြာမျိူးပေးမှ ရလိမ့်မယ်။
ခု ကျနော် လူတိုင်းအလွယ်တကူလုပ်နိုင်မယ့် မမျှော်လင့်တဲ့ ကံတခုကြောင့် အကြွေးတင်သွားရတဲ့ သူတွေ ထွက်ပေါက်ရစေဖို့ ယတြာကောင်းတခုပြောပြပါမယ်။ မပေးခင် တခါထဲပြောပြထားရဦးမယ်။ ကျနော်ပေးမယ့်ယတြာတွေကို မလုပ်ချင်ရင် အစကတည်းက မလုပ်ပါနဲ့... လုပ်ရင်ခိုက်မှာလားတွေ၊ လုပ်တာမှားလို့ခိုက်မှာလားတွေကို ကျနော်မဖြေချင်ပါဘူး။ ကျနော့်နာမည်သုတဆန်းပါ။ သုတဆန်းကပေးတဲ့ ယတြာတိုင်းဟာ လူသားတိုင်းအတွက် အန္တရာယ်မရှိအောင် သေချာစဥ်းစား စီစဥ်ပြီးမှသာ တင်ပေးတတ်ပါတယ်။ ကျနော်တင်ပေးသမျှဟာ ခိုက်လေ့မရှိပါဘူး။ လုပ်တဲ့သူကို ကံနဲ့တိုက်ဆိုင်ရင် အောင်မြင်စေမယ်။ မတိုက်ဆိုင်ဘူးဆိုရင် အဲ့ဒီယတြာမအောင်မြင်ဘူး။ ဒီနှစ်ချက်ပဲရှိပါတယ်။ ခိုက်လေ့မရှိပါဘူး။ တခုတော့ ချွင်းချက်ရှိပါတယ်။ ကျနော့်ပညာပဲ ကျနော်အာမခံတာပါ။ ခင်ဗျားဘာသာ တခြားသူပေးတဲ့ယတြာတွေလုပ်ထားချိန် ကျနော့်ယတြာတွေလုပ်မိလို့ ခိုက်ရင်တော့မသိပါဘူး။ ဒါကြောင့် ကျနော့်ယတြာလုပ်နေချိန် တခြားသူရဲ့ယတြာကို ခဏရပ်ထားပါ။ ဒီလိုပဲ... တခြားသူရဲ့ယတြာလုပ်နေချိန် ကျနော့် ယတြာကို မလုပ်ပါနဲ့... ဓာတ်ချင်းမတူပါဘူး။ မဟုတ်ရင် မတည့်တဲ့အစာနှစ်ခုကို တွဲပြီး စားမိသလိုဖြစ်တတ်ပါတယ်။ ဒီတော့ သုတဆန်းဆိုသူကပေးရင် ယုံကြည်လိုက်ပါ။ ခင်ဗျားတို့ခိုက်အောင်တော့ သုတဆန်းက အချိန်ကုန်ခံပြီး အပျင်းပြေရေးတင်နေမှာမဟုတ်လို့ပါပဲ။
နောက်တခု... ကျနော်တင်သမျှကို လွတ်လပ်စွာ Share ပိုင်ခွင့်ရှိပါတယ်။ ကူးယူအသုံးပြုမယ်ဆိုရင် Credit တော့ပေးပါ။ အားလုံးကို ခွင့်ပြုလို့သာ Public တင်ပေးနေခြင်းဖြစ်ပါတယ်။ ကျနော်မပေးချင်တဲ့အရာဆို ခင်ဗျားတို့ မြင်လိုက်ရမှာတောင်မဟုတ်ပါဘူး။ ဒီတော့ ခွင့်မတောင်းပါနဲ့... ဆန္ဒရှိသလို လုပ်ပါ။ တခုပဲ... ပညာညွန့်ခူးစားသလိုတွေ၊ ဦး*နှောက်*ဖော*က်စားသလိုတွေတော့ မလုပ်ပါနဲ့... အဲ့ဒါမျိုးတော့ ကျနော်ခွင့်မပြုပါဘူး။ ဒါက ကျနော့်ရဲ့ သဘောထားကို ပြောပြထားတာပါ။
ကဲ... စာရှည်သွားလို့ စိတ်မကောင်းပါဘူး... လိုရင်းကိုသွားရအောင်...
✅ ကြိုးအနီလေးတချောင်းရှာပါ။ အပ်ချည်ကြိုးက အမျှင်အရမ်းသေးလွန်းတယ်။ လုံးပတ်နည်းနည်းကြီးတာလေးတော့ ရှာပါ။ ပိုးကြိုး၊ ချည်ကြိုး၊ ဖဲပြားကြိုးဘာမဆိုရတယ်။ ကြိုးလုံးဖြစ်ဖြစ်၊ ကြိုးပြားဖြစ်ဖြစ် အရေးမကြီးဘူး။ အရှည်ကလည်း အလောတော်ဆိုရပြီ။ မတိကျရင် မေးနေမှာစိုးလို့ မလိုအပ်ပေမယ့် အရှည်ကိုပါတခါထဲထည့်ပြောလိုက်မယ်။ ကြိုးအရှည်က မိမိလက်တထွာလောက်အနည်းဆုံးရှိသင့်ပြီး တတောင်ထက်မကျော်ရဘူး။ ပေတံအရ ၆ လက်မကနေ ၁၄ လက်မအတွင်းဆို သင့်တော်ပါတယ်။ အဓိက ဖြစ်သင့်တာက ကြိုးဟာ နီနေရမယ်နော်... အနီလိုပြောကာမှ ကြက်သွေးရောင်ရလားလို့ နီညိုရောင်ရလားတို့ မမေးကြနဲ့ဦး။ ဒါ့အပြင် ကြိုးအနီရှာမရလို့ ဘယ်ဟာအစားထိုးသုံးရမလဲ မမေးနဲ့... ဘယ်ဟာမှမရဘူးနော်။ တခါထဲပြောထားတာ။ တကယိလို့ ခင်ဗျားရှာမရရင် တခြားနည်းကိုလုပ်... ဒီနည်းကတော့ ဒီစနစ်အတိုင်းပဲသွား... ဒါမှသေချာပေါက်အောင်မြင်မယ်။
✅ ရလာတဲ့ ကြိုးအနီကို အထုံးသုံးထုံး ထုံးပေးရမယ်။ ဒီလောက်တော့ လုပ်တတ်မယ်ထင်လို့ အကျယ်မပြောတော့ဘူး။ အထုံးထုံးတယ်ဆိုတာ ကြိုးစကို ကွင်းလျောလုပ်ပြီး ဆွဲချည်လိုက်တဲ့သဘောပါပဲ။ ထုံးတာက သုံးထုံးဆိုတော့ တထုံးနဲ့ တထုံး အကွာအဝေး၊ အစိပ်အကျဲလေးတော့ လှအောင်ညှိပေါ့။ အရေးတော့ မကြီးပါဘူး။ အရေးကြီးတာက...
ပထမတထုံးဆွဲထုံးချိန်မှာ... Dam ဆိုတဲ့ အသံကို ရွတ်လိုက်ရမယ်။ အသံထွက်ရွတ်ရမှာနော်... အနောက်တိုင်းဂမ္ဘီရအသံဖြစ်လို့ မူရင်းအတိုင်းရေးပြတာ... မြန်မာသံနဲ့ဆို [ ဒမ် ] လို့ အသံထွက်တယ်။
ဒုတိယတထုံးလုပ်ချိန်မှာတော့... Nam ဆိုတဲ့ အသံကိုရွတ်လိုက်ရမယ်။ အသံထွက်ရွတ်ရမှာပဲနော်... စိတ်ထဲကရွတ်တာမျိုး၊ လေသံနဲ့ရွတ်တာမျိုးမရဘူး။ ဒါက အသံစွမ်းအားကို ရယူထားရတာ... မြန်မာသံနဲ့ဆို [ နမ် ] လို့အသံထွက်တယ်။ ဒီနေရာမှာ သတိပြုရမှာက နငယ်ဟာ နှာသံနည်းနည်းပါတာမမေ့နဲ့... နှာခေါင်းထဲ လေတွေတိုးဝင်သွားသလိုမျိုးကို ရွတ်နိုင်မှရမယ်။ လေ့ကျင့်ကြည့်ပါ။
တတိယတထုံးလုပ်ရင်... Vam ဆိုတဲ့အသံကို အသံထွက်ရွတ်ရမယ်။ သူက [ ဗမ် ] ဆိုတဲ့အသံမျိုးနဲ့နီးစပ်ပေမယ့် [ ဘမ် ] ဆိုတဲ့ အသံမဟုတ်ကြောင်း သတိပြုရမယ်။ ဗန်၊ ဘန်၊ ဘမ် အသံတွေထွက်လို့မရဘူးနော်။ အင်္ဂလိပ်အက္ခရာ V အသံမျိုးကို ယူရမှာ။
အသံတွေက ၁ ခေါက်စီပဲ... အများကြီးရွတ်စရာမလိုဘူး။ အသံမှန်မှန်ထွက်တတ်ရင်ရပြီ။ အသံစွမ်းအင်အဓိကဖြစ်လို့ အသံထွက်ရွတ်ရင်ရပြီ။
✅ ဒီအဆင့်ထိရောက်လာရင် အစီရင်ကပြီးနေပြီဗျ။ အဲ့ဒီကြိုးကလေးကို ပိုက်ဆံအိတ်ကိုင်တတ်သူက ပိုက်ဆံအိပ်ထဲထည့်ထား... ပိုက်ဆံအိတ်ကိုင်ကျင့်မရှိတဲ့သူက ပန်းကန်ပြားတချပ်ထဲ ပိုက်ဆံတရွက်ထည့်၊ အပေါ်ကနေ ကြိုးလေးနဲ့ဖိပြီး ဘုရားစင်ပေါ်၊ ဒါမှမဟုတ် ဗီရို၊ စင်မြင့် တခုခုပေါ်သာတင်ထားလိုက်။ ရတယ်။
ဒါဆို ပထမအမျိုးအစားအရ အကြွေးတင်နေသူတွေဟာ တနည်းနည်းနဲ့ အကြွေးကိစ္စကိုဖြေရှင်းနိုင်လာလိမ့်မယ်။ အလုပ်မရှိရင် အလုပ်ရလာမယ်။ အလုပ်ရှိပြီး ငွေရနည်းရင် လစာတိုးတာမျိုး၊ ငွေရများတဲ့ အလုပ်သစ်ပြောင်းရတာမျိုးတွေလည်းကြုံနိုင်တယ်။ ဒီအစီရင်လုပ်ပြီးကာမှ အလုပ်ပြုတ်သွားလို့ သုတဆန်းအစီရင် ခိုက်ပြီဆိုပြီးလည်း မပြစ်မှားကြနဲ့ဦးနော်... ခင်ဗျားဆီက တပြားတချပ်မှ ကျနော်ယူထားတာမဟုတ်တဲ့အပြင် စေတနာနဲ့အချိန်ကုန်ခံရေးပေးထားတဲ့ မေတ္တာစူးနေမယ်။ အဲ့ဒီအလုပ်ပြုတ်တာ ခင်ဗျားကို အလုပ်ကောင်းဘက် တွန်းပို့မလို့ဆိုတာလည်း သတိပြုတတ်ရမယ်။ ဒါပါပဲ... ကျနော့်တာဝန်တော့ ပြီးပြီ။ လုပ်တာ၊ မလုပ်တာ ခင်ဗျားတို့ဘာသာရွေး... ဘာရွေးရွေး ခင်ဗျားအတွက်ပဲ...
0 Comments
Post a Comment