ရုပ်ရှင်တွေထဲမှာ မင်းသားဖြစ်စေ... မင်းသမီးဖြစ်စေ... ဒုက္ခတွေနဲ့ ပင်လယ်တွေနေကြတဲ့ ဇာတ်ဝင်ခန်းမျိုးတွေ အများကြီးတွေ့ဖူးကြလိမ့်မယ်ထင်ပါတယ်။ ဇာတ်လမ်းရှည်ရင် ရှည်သလို ကြည့်ရတဲ့လူအဖို့ လည်း စိတ်မသက်မသာနဲ့ကို ကြည့်ရတတ်ပါတယ်။ သို့သော် ဘယ်လိုပဲဖြစ်ပါစေ... နောက်ဆုံးခန်းရောက်တော့ အားလုံးပဲ အဆင်ပြေသွားတတ်ကြပါတယ်။ ရုပ်ရှင်ဆိုတာ ဘဝမဟုတ်တော့ ရက်ပိုင်း၊ နာရီပိုင်းလောက်မှာပဲ အဆင်ပြေသွားကြရတာပေါ့။ တကယ့်လက်တွေ့ဘဝမှာတော့ ကျနော်တို့ဟာ ရုပ်ရှင်တွေထဲကထက် ပိုပြီးတောင်မှ ဒုက္ခပင်လယ်ဝေနေတတ်ကြပါတယ်။ လက်တွေ့ဘဝက ရုပ်ရှင်လို ရက်ပိုင်း၊ နာရီပိုင်းအတွင်း ပြီးသွားတာမျိုးမဟုတ်တော့ ကိုယ်ခံစားရတဲ့ ဒုက္ခကတောင် ပိုပြီးကြာနေသလို ခံစားကြရတယ်မဟုတ်လား... ဒီလိုခံစားရတဲ့အခါ... စိတ်ပျက်သူကပျက်၊ ငိုသူကငို၊ ခပ်တည်တည်နဲ့တောင့်ခံနေကြရသူတွေလည်း မနည်းတတ်ကြပါဘူး။ တကယ်တော့ ရုပ်ရှင်တွေလိုပါပဲ ကျနော်တို့ဘဝမှာ အလှည့်အပြောင်းကာလလေးတွေရှိနေတတ်ကြပါတယ်။ ရုပ်ရှင်လိုပဲ ဇာတ်လမ်းကမပြီးသေးတော့ ဒီအလှည့်အပြောင်းဆိုတာမျိုးကို ဘယ်လိုလုပ်သတိပြုမိပါ့မလဲ... ဇာတ်လမ်းပြီးတဲ့အခါတော့... ဖားကဖား... ငါးကငါး အဖြေကွဲသွားရမှာပေါ့။
ဘဝရဲ့ အချိုးအကွေ့တွေကို ဗေဒင်ပညာနဲ့ ခန့်မှန်းလို့ရပေမယ့် ခုက ဗေဒင်ဟောနေတာမဟုတ်တော့ အကျယ်မပြောတော့ပါဘူး။ ကျနော်ခုပြောချင်တဲ့အဓိကအကြောင်းက စောစောကပြောတဲ့ ပင်လယ်ဝေနေတဲ့အကြောင်းပါ။ ဘာတွေပင်လယ်ဝေတာလဲ... ဘယ်လိုပင်လယ်ဝေတာလဲဆိုတာကို မောင်ဖြူဆိုတဲ့ လူတယောက်နဲ့ ဥပမာပေးပါရစေ... မောင်ဖြူက နာမည်သာဖြူတာ အသားကမဲတယ်။ ဂင်တိုတိုနဲ့မို့ ရုတ်တရက်ကြည့်ရင် လူကြမ်းဇာတ်လိုက်လိုပဲ... အလုပ်မှန်သမျှ လုပ်နိုင်တဲ့ ခွန်အားနဲ့ ဝီရိယမျိုးလည်းရှိတယ်။ ငွေကို ကာယအားသုံးပြီး သူကကြိုးစားရှာတယ်။ ဘာလို့လဲဆိုတော့ သူ့မှာ အတန်းပညာအားနည်းတယ်။ ကုသိုလ်အကျိုးပေးကလည်း အားနည်းတယ်။ တခုတော့ သူကံကောင်းပါတယ်။ သူရဲ့စိတ်ရင်းကောင်းပြီး အနစ်နာခံတတ်တဲ့စိတ်ကြောင့် လူချစ်လူခင်ပေါတာပါပဲ... ဒါကြောင့် သူ့အတွက် အလုပ်မရှားပါဘူး။ ဝီရိယရှိတော့ ခိုင်းကောင်းတာပေါ့လေ... ညာပြီးခိုင်းခံရလည်း သူကသိပေမယ့် မမှုပါဘူး။ သူပြောနေကျစကားက... ပေးရင် ရမှာပဲ... ကျနော်က ဘာမှမပေးနိုင်ဘူး... ကျနော်ပေးနိုင်တဲ့ ကာယအားကို ပြန်ပေးတယ်။ ဒီတော့ ကျနော်တခုခုရမှာပါပဲတဲ့... ဒါပေမယ့် မောင်ဖြူ သူ့ သူဌေးအိမ်မှာရှိတဲ့ သစ်ပင်ခုတ်ရင်း ခြေထောက်ထိသွားတယ်။ သူဌေးကလျော်ကြေးမပေးဘူး။ ဆေးတော့ကောင်းကောင်းကုပေးတယ်။ သူပျောက်ကင်းတဲ့အထိကို တာဝန်ယူပေးသလို၊ သူ့မိသားစုစားဝတ်နေရေးပါ တာဝန်ယူဖြေရှင်းပေးရှာပါတယ်။ သို့သော်လည်း... မောင်ဖြူနေကောင်းလာပေမယ့် ခြေထောက်က မူရင်းအတိုင်း ဘယ်ပြန်ဖြစ်တော့မလဲ။ ခပ်ဆာဆာလေးကျန်နေတာပေါ့... ဒါ့အပြင် သူဌေးကလည်း တသက်လုံးတော့ ဘယ်တာဝန်ယူနိုင်ပါ့မလဲဗျာ... သူကောင်းလာတော့ ဆက်မကူညီတော့ဘူးပေါ့။ မောင်ဖြူကလည်း သူအရင်လောက် အလုပ်ကြမ်းမလုပ်နိုင်ပေမယ့် လုပ်နိုင်သလောက်လုပ်ရှာပါတယ်။ ခက်တာက လူတွေက အရင်ကလောက် သူ့ကို ခေါ်မခိုင်းကြတော့ဘူးဗျ။ သူ့ခြေထောက်ထော့နဲ့၊ ထော့နဲ့လေးနဲ့ လုပ်နေရတာကိုပဲ... မကြည့်ရက်လို့လား... ဒါမှမဟုတ် သူတို့ရဲ့အလုပ်မတွင်ကျယ်မှာစိုးလို့လားဆိုတာတော့ သူတို့ပဲ သိကြမှာပါ။ ကြာလာတော့ မောင်ဖြူစားဝတ်နေရေးခက်ခဲလာတယ်။ ကုန်စျေးနှုန်းနဲ့ ရတဲ့ငွေမကာမိတော့ သူစိတ်ပျက်လာတယ်။ သူ့သူငယ်ချင်းတယောက်က ထိုင်းသွားပြီးအလုပ်လုပ်မလို့ လိုက်မလားခေါ်တော့ မောင်ဖြူမငြင်းဘူး... ဖြစ်ချင်ရာဖြစ်... လိုက်မယ်ကွာဆိုပြီး လိုက်သွားတယ်။ အဲ့ဒီမှာမောင်ဖြူစပြီး ပင်လယ်ဝေတော့တာပါပဲ... ခေါ်သွားတဲ့သူငယ်ချင်းက ဟိုရောက်တော့ သူ့ကိုကူညီမယ့်သူမရှိလို့ မောင်ဖြူကိုပါ မကူညီနိုင်ဖြစ်သွားတယ်။ ပြဿနာက ကြားက လိမ်သူတယောက်ကြောင့် ခုလိုဖြစ်သွားတာ... ပြန်ဖို့ကလည်း လမ်းစရိတ်တောင်မရှိ... ဖြစ်သလိုပြန်ဖို့ကျပြန်တော့ ဘာမှမထူးတဲ့အခြေအနေမို့ မောင်ဖြူ အခက်တွေ့ရပြီ။ ကံက ညံ့လွန်းတယ်တော့ မဆိုနိုင်သေးဘူး... မြန်မာတစ်ယောက်နဲ့တွေ့ပြီး သူကရင်ဖွင့်တော့ ဟိုကလည်း သနားပြီး... သူနေတဲ့နေရာမှာ ခဏတဖြုတ်တော့ နေလို့ရအောင် သူပြောပေးမယ်ဆိုပြီးခေါ်သွားတယ်။ မောင်ဖြူတို့နှစ်ယောက်လည်း ဖြစ်လိုရာဖြစ်ပါစေတော့ဆိုပြီးလိုက်သွားတာပေါ့။ ဟိုရောက်တော့ ခေါ်လာသူက သူ့အိမ်ရှင်ကို အကျိုးအကြောင်းပြောပြတယ်။ ဟိုကလည်း ပြန်ပြောတယ်။ ထိုင်းလိုဆိုတော့ သူတို့လည်း သိပ်နားမလည်ဘူး... စွန့်စားပြီးသာ ထွက်လာကြတာ သူတို့က ဘာမှဟုတ်တာမဟုတ်ဘူးရယ်... ခဏကြာတော့ အဆင်ပြေသွားပုံပဲ... ခေါ်လာသူက ငါ့ညီတို့ရေ... ခဏတော့ သည်းခံပြီးနေကြကွာ... အလုပ်လေးဘာလေးအဆင်ပြေလာမှ ကျန်တာစီစဥ်ပေါ့... ဆိုပြီး... နားနေရမယ့် အခန်းလေးကိုလိုက်ပြတယ်။ အခန်းက ကျဥ်းတယ်။ အထဲမှာ နည်းနည်းမှောင်တယ်။ တခြားသူတွေလည်း အတူနေကြဟန်ရှိတယ်။ လူမတွေ့ပေမယ့် ပစ္စည်းတချို့ ရှိနေတာကြောင့် တခြားသူတွေပါရှိနေကြောင်းမောင်ဖြူခန့်မှန်းမိတယ်။ ဘာပဲဖြစ်ဖြစ် ခဏတော့ သူရင်ပေါ့သွားတာပေါ့ ကျောခင်းစရာလေးတော့ ရှိသေးတယ်လေ။ ညနေပိုင်းရောက်တော့ လူတချို့ပြန်လာတယ်။ မောင်ဖြူတို့နဲ့ အတူတူနေကြမယ့်သူတွေပေါ့... သူတို့ အလုပ်သိမ်းပြီးပြန်လာတာ... သူတို့ကို ခေါ်လာသူက အားလုံးနဲ့ မိတ်ဆက်ပေးတယ်။ အားလုံးက ဖော်ဖော်ရွေရွေပါပဲ... ညရောက်တော့ ခေါ်လာသူက မနက်ဖြန် အစ်ကိုက အလုပ်တခုသွားလျှောက်ရမှာ ငါ့ညီတို့လည်း လိုက်ခဲ့လို့ရတယ်။ အလုပ်ကနည်းနည်းပင်ပန်းမယ်။ ခဏတော့ သည်းခံကြပေါ့ကွာ... နောက်တော့ နေသားကျပြီး အဆင်ပြေသွားမှာပါလို့ အားပေးတယ်။ မောင်ဖြူတို့သူငယ်ချင်းနှစ်ယောက်က အပင်ပန်းခံနိုင်တော့ မမှုပါဘူး။ ဒါနဲ့ ညအိပ်ရာကို အတွေးကိုယ်စီနဲ့ ဝင်ကြတော့တာပေါ့... မေ့ခနဲ အိပ်ပျော်မယ်ကြံကာမှ... ငါ့ညီ... ငါ့ညီ... ထ... ထ... အနောက်ဘက်မှာ လူတယောက်စောင့်နေလိမ့်မယ် သူနဲ့ ခဏမြန်မြန်လိုက်သွားကြ... ဆိုပြီး ပြာယိပြာယာပြောလာတော့ မောင်ဖြူတို့ သူငယ်ချင်းနှစ်ယောက် ဝရုန်းသုဥ်းကားနဲ့ အပြေးတပိုင်းထွက်ရတာပေါ့.. နောက်ဘက်မှာစောင့်နေတဲ့သူက သူတို့အခန်းဖော်တယောက်ပါပဲ... စောင့်နေတဲ့သူက လေသံနဲ့... လာ... လာ... ဒီဘက်ဆိုပြီး ခပ်လှမ်းလှမ်းက ချောင်တခုခေါ်သွားတယ်။ သူတို့လည်း ဘုမသိ၊ ဘမသိနဲ့လိုက်သွားရတာပေါ့... တကယ်က သူတို့ ပုန်းနေရတာ... သူတို့နေရာ ပုလိပ်လာလို့... ထုံးစံအရ ပြေးပုန်းရတာ... တော်တော်ကြာမှ အခန်းဘက်က ဓာတ်မီးလေး သုံးချက် ဖွင့်ပိတ်ပြတယ်... ဒီတော့မှ အားလုံးအခန်းစီပြန်ရတာပေါ့... ဒီတော့မှ သူတို့ကို ခေါ်လာသူက ရှင်းပြတယ်။ ဒီအခန်းမှာ မြန်မာလုပ်သားတွေတရားမဝင်နေထိုင်တာတွေ့ရင်ဖြစ်စေ... သူတို့ရတဲ့စာရင်းနဲ့ မကိုက်ညီရင်ဖြစ်စေ အရမ်းရစ်တတ်ကြပြီး ပြဿနာရှာတတ်ကြတယ်တဲ့... ငါ့ညီတို့က လူသစ်တွေဆိုတော့ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ရစ်မှာမို့ ခဏပုန်းခိုင်းရတာပါတဲ့... တခြားသူတွေက ကိစ္စမရှိပေမယ့် အခန်းဖော်တယောက်နဲ့ မောင်ဖြူတို့ သူငယ်ချင်းနှစ်ယောက်ကတော့ ကျီးလန့်စာစားပါပဲ... မနက်အလုပ်ရောက်တော့ ခေါ်လာသူက အလုပ်လျှောက်ဖို့ ခေါ်သွားတယ်။ ဟိုမှာက ဆောက်လုပ်ရေးပုံစံမျိုးပဲ... သူဌေးလား... မန်နေဂျာလား မသိရတဲ့သူနဲ့ ခေါ်လာသူက စကားတွေပြောကြတယ်။ အလုပ်ပေးမယ့်သူက မောင်ဖြူတို့ကို အထင်သေးသလိုအကြည့်နဲ့ကြည့်နေတယ်။ အထူးသဖြင့် မောင်ဖြူကိုပေါ့... ခဏကြာတော့ ခေါ်လာသူက မျက်နှာမသာမယာနဲ့ ... သူတို့က လူနှစ်ယောက်ပဲလိုတယ်ပြောတယ်။ အစ်ကိုနဲ့ ဟိုညီက အခုအလုပ်စဝင်လို့ရပြီ... ညီအတွက်တော့ စိတ်မကောင်းပါဘူး... ခုတော့ အိမ်ပြန်တော့ညီ... ညနေ အစ်ကိုပြန်လာမှ တခုခုစီစဥ်ကြတာပေါ့... ဆိုပြီး မောင်ဖြူ့ကိုပြန်ခိုင်းတယ်။ မောင်ဖြူ့သူငယ်ချင်းက ဘာပဲဖြစ်ဖြစ်ကွာ... နှစ်ယောက်လုံး အလုပ်မရှိတာထက်စာရင် ငါရတော့ တော်သေးတာပေါ့... အားမငယ်ပါနဲ့ကွာ... ငါအဆင်ပြေရင် မင်းကို ငါကူမှာပါ... လို့အားပေးရှာတယ်။ မောင်ဖြူတခါမှ အားမငယ်ဖူးပေမယ့် ဒီတခါ တော်တော် အားငယ်သလိုဖြစ်သွားတယ်။ ခေါင်းငိုက်စိုက်ချပြီး အခန်းပြန်လာတယ်။ အခန်းဖော်တွေအားလုံး လုပ်ငန်းခွင်ဝင်ကြချိန်ဆိုတော့ မောင်ဖြူတယောက်ထဲပေါ့... အခန်းကလည်းကျဥ်း၊ လူ့သဘာဝအရ တယောက်ထဲကလည်းဖြစ်ပြန်ဆိုတော့ တောင်တွေး၊ မြောက်တွေးနဲ့ စိတ်တွေပါ ကျဥ်းကျပ်လာတယ်။ ဒါပေမယ့် ညကအဖြစ်အပျက်ကလည်း ရှိထားတော့ သူတယောက်ထဲအပြင်ကိုလည်းမထွက်ရဲ... ဘာလုပ်ရမှန်းလည်းမသိနဲ့ သူပင်လယ်ဝေနေတယ်။ မနက်ဖြန်ပေါင်းများစွာကို အရင်ကတွေးခဲ့ဖူးပေမယ့် ခုလောက်ထိ အတွေးမများခဲ့ဖူးဘူး... သူ့ဘဝမှာ... ဆွေမရှိမျိုးမရှိ၊ ဘာသာစကားကမသိနဲ့ အတွေးချာချာလည်နေတာပေါ့...စိတ်တွေညစ်နေတဲ့ကြားထဲ... ဝမ်းကဟာလာတယ်။ အုပ်ဆောင်းဖွင့်ကြည့်တော့ စားပြီးသားအကြွင်းအကျန်တချို့တွေ့တယ်။ ယောကျ်ားလေးတွေချည်းနေတာဆိုတော့ ဖြစ်သလိုစားနေကြဟန်တူတယ်... ဘာမှမယ်မယ်ရရမရှိဘူး... အကြွင်းအကျန်တွေကလည်း သိုးနေလို့ စားမရဘူး... စားစရာတွေ့ရင်တောင် သူများဟာဆိုတော့ ခွင့်မတောင်းပဲ စားရမှာလည်း သူမရဲပါဘူး။ သူအရမ်းဆာနေပြီ။ အူတွေလိပ်ကုန်ပြီလားတောင်ထင်ရတယ်။ ခပ်ညစ်ညစ်အိုးလေးထဲက ရေဖင်ကပ်လေးကို ခြစ်သောက်ပြီး သူကြမ်းပြင်ပေါ်လှဲချလိုက်တယ်။ အိပ်ပျော်သွားရင် ဆာလောင်တာကို သူမသိလောက်တော့ဘူးလို့တွေးမိလို့ အိပ်ဖို့ကြိုးစားကြည့်တာ... ဒါပေမယ့် အပူများနေတော့ အိပ်မရဘူးပေါ့... ပူကလည်း ပူတာကိုး... ဆာလောင်မှုကို သည်းခံရင်းနဲ့ ညနေရောက်သွားတယ်။ အားလုံး အသီးသီးပြန်လာကြတယ်။ မောင်ဖြူ့သူငယ်ချင်းက မောင်ဖြူ့အတွက် ခေါက်ဆွဲကြော်လေးဝယ်လာတယ်။ မောင်ဖြူ့ရဲ့ ဆာလောင်မှုအကြောင်းသိသွားတော့ ခေါ်လာတဲ့အစ်ကိုရော၊ အခန်းဖော်တွေရော စိတ်မကောင်းဖြစ်ကုန်ကြတယ်။ ခေါ်လာတဲ့အစ်ကိုက အစ်ကို လိုသွားတာပါညီ... ညီဆီမှာဖုန်းကလည်းမရှိသေးတော့ အစ်ကိုလည်း ဘာမှမပြောပြနိုင်သလို... မနက်က အလုပ်ဇောကပ်ပြီး စားရေးသောက်ရေးစီစဥ်ပေးဖို့ မေ့သွားတယ်။ အစ်ကိုတို့ဆီမှာက အားလုံး ချွေချွေတာတာပဲစားကြတယ်။ ခေါက်ဆွဲခြောက်ထုတ်တွေတော့ အမြဲရှိတယ်... အလုပ်သွား၊ အလုပ်ပြန်နဲ့ အချိန်ကုန်ရတာများတော့ ဘယ်သူမှလည်း ထမင်းမချက်နိုင်ကြဘူး... လာလာ... အစ်ကိုပြထားမယ်။ နောက်ဆို ဒီသံသေတ္တာကို ဖွင့်ကြည့် ... ဒါက အစ်ကို့သေတ္တာပဲ... ခွင့်တောင်းနေစရာမလိုဘူး... အစ်ကို့မှာလည်း ဘာမှပိုင်ဆိုင်မှုကြီးကြီးမားမားမရှိဘူး... ဒီအထဲကခေါက်ဆွဲခြောက်ထုပ်တွေ ကြိုက်သလောက်ယူစားနော်... လို့ပြောတယ်။ ကျန်အခန်းဖော်တွေကလည်း စိတ်မကောင်းတော့ သူတို့ဝယ်စုထားတာလေးတွေကို အသီးသီးပြကြသလို... သူ့ရဲ့စည်းစောင့်မှုအပေါ်မှာလည်း ချီးကျူးကြတယ်။ မောင်ဖြူနဲ့သူငယ်ချင်းလည်း ခေါက်ဆွဲကြော်လေးဝေစားကြတယ်။ မောင်ဖြူကတော့ အငမ်းမရပေါ့... တကယ်က မောင်ဖြူ့သူငယ်ချင်းက အလုပ်ဝင်ဝင်ချင်းငွေမရသေးဘူး... ခေါ်လာတဲ့အစ်ကိုရဲ့ကျေးဇူးနဲ့ နေ့တွက်ခလေးရလာတာ... တကယ်က လုပ်အားခက တပတ်တခါမှရှင်းရတာ... ဒီလိုပဲ အသနားခံကြရတာပေါ့... မောင့်ဖြူသူငယ်ချင်းက တမင်စားစေချင်လို့သာ သူဝယ်လာတာ... ခေါက်ဆွဲကြော်က အမြဲစားနိုင်ဖို့မသေချာတာကို သူသိပါတယ်။ စားပြီးတော့... ခေါ်လာတဲ့အစ်ကိုက... ခေါလေးရေ... မင်းအလုပ်မှာလူမလိုဘူးလားကွာ... ဒီနေ့ မောင်ဖြူက အလုပ်မရခဲ့ဘူး... ညီတို့ထဲက အလုပ်မှာ လူလိုရင် သူ့ကိုခေါ်ကြပါကွာ... အစ်ကိုလည်း အသိတွေဆီစာပို့ထားပါတယ်။ ကိုယ့်ညီကိုတွေပဲ... ကူညီနိုင်သလောက်ကူညီကြပါကွာလို့ ဆော်သြရှာတယ်။ အားလုံးကလည်း လူမလိုသေးလို့ လိုရင်ပြောမယ်ဆိုတာလောက်နဲ့ပဲ... အဲ့ဒီစကား တခန်းရပ်သွားတယ်။ ခေါ်လာတဲ့အစ်ကိုက ပြောရဦးမယ်ကွ... ဒီမှာနေရင် ဖုန်းလေးတစ်လုံးတော့ရှိမှကွ... ငါ့ညီတို့နှစ်ယောက်လုံးက ဖုန်းတွေမရှိကြဘူး... မောင်တင်လေးက အစ်ကိုနဲ့အလုပ်တူနေတော့ ခဏတော့ အရေးမကြီးသေးဘူး... သူလိုရင် အစ်ကို့ဖုန်းနဲ့ဆက်လို့ရတယ်။ ငါ့ညီမောင်ဖြူက အိမ်မှာနေရဦးမှာဆိုတော့ ဖုန်းလေးတော့ရှိထားမှကွ... ရော့... ဒါက အစ်ကို ဒီရောက်စက ကိုင်ခဲ့တဲ့ဖုန်း... နည်းနည်းစုတ်နေပေမယ့် ဖုန်းပြောဖို့တော့ အဆင်ပြေပါသေးတယ်။ နောက်ဝယ်နိုင်တော့ အသစ်ကိုင်ပေါ့ကွာ... လောလောဆယ် အစ်ကိုလည်း အသစ်ဝယ်မပေးနိုင်သေးဘူး။ ဒါပေမယ့် ဖုန်းကဒ်လောက်တော့ အစ်ကိုလုပ်ပေးနိုင်ပါသေးတယ်။ မနက်အလုပ်သွားရင် လိုက်ခဲ့ အစ်ကို တခါထဲ ဝယ်ပေးမယ်။ ဟုတ်ပြီလားဆိုပြီး Nokia ဖုန်းစုတ်လေးတစ်လုံးထုတ်ပေးတယ်။ ဒီညတော့ အနှောင့်အယှက်မရှိကောင်းကောင်းအိပ်နိုင်ခဲ့ပါတယ်။ မနက် ခေါ်လာတဲ့အစ်ကိုက သူ့ကတိအတိုင်း ဖုန်းကဒ်လေးဝယ်ထည့်ပေးတယ်။ ထုံးစံတိုင်း အားလုံးကအလုပ်သွား... သူကအိမ်မှာတယောက်ထဲပေါ့... ဒီလိုနဲ့ သုံးပတ်ကြာသွားတယ်။ သူက သူများလုပ်စားထိုင်စားနေရတဲ့အနေအထားပေါ့... သူက ကြားထဲမှာ သူလုပ်နိုင်တာလေးတွေတော့ ကူညီလုပ်ပေးပါတယ်။ ဥပမာ... ပင်ပင်ပန်းပန်းပြန်လာသူတိုင်းကို ခေါက်ဆွဲပြုတ်ပေးတာမျိုး၊ ကော်ဖီဖျော်ပေးတာမျိုး၊ ပန်းကန်ဆေးပေးတာမျိုး၊ အိမ်သန့်ရှင်းရေးလုပ်တာမျိုးတွေပေါ့... အားလုံးက မလုပ်ပေးဖို့ပြောပေမယ့် သူကတားမရတော့ အားလုံးကလည်း ဘာမှမပြောကြတော့ပါဘူး။ သူ့ရဲ့ အနေတတ်မှုကြောင့် အားလုံးကလည်း ချစ်ကြသလို... လိုအပ်သလိုလည်း ကူညီကြပါတယ်။ ဒါပေမယ့် အလုပ်မရှိ၊ ဝင်ငွေမရှိနဲ့ သူများရဲ့ ပင်ပင်ပန်းပန်းလုပ်စာတွေထိုင်စားနေရတော့ အားလုံးကဘာမှမပြောပေမယ့် သူကတော့ သိမ်ငယ်နေတတ်ပါပြီ။ အနေကြာလာလို့ နေရပ်ရဲ့သဘောတရားတချို့လည်း သူသဘောပေါက်လာပါပြီ... ခက်တာက သူ့မှာအလုပ်လုပ်ချင်ပြီး အလုပ်ကရှိမနေတာပဲ... ကြားထဲ အဆက်အသွယ်တချို့နဲ့ အလုပ်လျှောက်ပေမယ့် သူ့အလှည့်ဆို ခေါင်းတွေချည်းခါခါပြနေတော့ ကြာတော့ အလုပ်လျှောက်ရမှာကိုပါ ရှက်သလိုလိုဖြစ်လာပါတယ်။ အမှန်တော့ သူစိတ်ကျရောဂါစပြီးရနေတာကို သူကိုယ်တိုင်မသိတာပါပဲ... တည... အခန်းဖော်တယောက်က မောင်ဖြူရေ... မင်းဟာက ကံညံ့လွန်းနေတာမျိုးထင်တယ်။ ဗေဒင်လေးဘာလေးမေးပြီး ယတြာချေကြည့်ပါလား... လို့အကြံပေးတော့ မောင်ဖြူ့သူငယ်ချင်းက အဲ့ဒါတော့ သူလုပ်မှာမဟုတ်ဘူးဗျ။ သူက ငယ်ငယ်ကတည်းက အဲ့ဒါမျိုးတွေအယုံအကြည်ရှိတာမဟုတ်ဘူး။ ယုံလို့မေးချင်တာတောင်မှ လောလောဆယ်အခြေအနေအရ စားစရိတ်၊ နေစရိတ်နဲ့တင် မလောက်ငှတာ ဗေဒင်ဆရာကို ငွေဘယ်ပေးနိုင်မှာလဲ... ပြီးတော့ ဗေဒင်ဆရာဆိုတာကလည်း လိမ်တာတွေများပါတယ်ဗျာ... ပြောလိုက်ရင် ဘာကူညီရမလဲဆိုပြီး တောင်းလိုက်ရင်လည်း မနည်းဘူးဗျ... သူတို့က ငွေရချင်လို့ လုပ်နေပါတယ်ဆိုမှ ကျနော့်သူငယ်ချင်းကငွေမပေးနိုင်ဘူးလေ... ငွေမပေးနိုင်မှတော့ ဘယ်သူက ဟောမှာလဲ ဆိုပြီး ထပြောတယ်။ အကြံပေးတဲ့လူက... ဒီလိုတော့လည်း မဟုတ်သေးပါဘူးဗျာ... လက်ချောင်းကလေးတွေတောင် အတိုအရှည်မညီသေးတာ... ဗေဒင်ဆရာဆိုတာကလည်း တူချင်မှတူမှာပါ။ ကျနော့် Facebook ထဲကဆရာတစ်ယောက်ဆို တခြားဗေဒင်ဆရာနဲ့မတူဘူးလို့ ခန့်မှန်းမိတယ်ဗျ။ ကျနော်တော့ မမေးဘူးပါဘူး။ သူတင်ထားတဲ့စာတွေဖတ်ကြည့်ရတာနဲ့တင် ခပ်ပြတ်ပြတ်၊ ခပ်တင်းတင်းသမားလို့ထင်မိတယ်ဗျ။ သူ့ကြည့်ရတာတော့ မင်းပြောသလောက်တော့ ဆိုးမယ်မထင်ပါဘူး။... ဒီအခါ ခေါ်လာတဲ့အစ်ကိုက... ဟုတ်တော့ဟုတ်တယ်မောင်ဖြူ... တကယ်တော့ အစ်ကိုလည်း အယုံအကြည်မရှိပါဘူး။ ဒါပေမယ့် တချို့အရာတွေတော့ မယုံလို့မရတာတွေရှိတယ်ကွ။ ဆရာကောင်းကောင်းတယောက်လောက်နဲ့ ကံလေးဘာလေးစစ်၊ ယတြာလေးဘာလေးချေကြည့်ပါလား... ငွေအတွက်တော့ ဒီလိုပဲ... အားလုံးစုကူကြတာပေါ့ကွာ... လို့ပြောလာတယ်။ မောင်ဖြူက အမှန်အတိုင်းပြောရရင်တော့ ကျနော်မမေးချင်ဘူး။ ဒါပေမယ့် ကျနော့်အဖြစ်က ရေနစ်နေသလိုပဲ... လောလောဆယ်တော့ ကောက်ရိုးမျှင်ဆိုလည်း ရသလောက်ဆွဲရမှာပဲ... ဒါပေမယ့် ကျနော်က မေးရင် ဘယ်သူ့ကိုမေးရမှာလဲ... တခါမေးရင် ဘယ်လောက်ပေးရမှာလဲ... ဆိုတော့ စောစောကအခန်းဖော်က ဒီ Facebook ထဲက ဆရာနဲ့ဆက်သွယ်ကြည့်ပါလား... သူကတော့ ရက်ချိန်းကြိုယူရတယ်ပြောတယ်။ တခါမှမမေးဖူးပေမယ့် ကျနော့်စိတ်ထဲတော့ သူ့ကိုယုံကြည်တယ်။ သူကူညီရင်တော့ တခုခုတော့ ထူးမှာပဲ... ဆိုတော့ မောင်ဖြူက... လိုင်းပေါ်ကမေးရမှာလား... ငွေကကြိုပေးရမှာလား... ပေးပြီးမှ မဟောပေးရင် ဘယ်လိုလုပ်မလဲ... ပြီးတော့ သူကရက်ချိန်းကြိုယူရတယ်ဆိုတော့ ကျနော်ကခုမေးချင်တာလေ... အကြာကြီးစောင့်ရမယ်ဆို ဘယ်ဖြစ်မလဲ... တခြားဆရာတယောက်ယောက်ရှာကြည့်ပေးပါလားလို့ပြန်ပြောတယ်။ အခန်းဖော်က... အဲ့ဒီဆရာက သူ့နာမည်တော့ သိပ်တန်ဖိုးထားတယ်။ ပြီးတော့ သူက သြဇီက... သူလုပ်နေတဲ့ လုပ်ရပ်တွေကြည့်တာနဲ့တင် သူ့အတွက် မဖြစ်စလောက်ငွေလေးနဲ့ သူအကြာကြီးစောင့်ထိန်းလာတဲ့နာမည်တော့ အပျက်ခံမယ်မထင်ပါဘူး... သူ့စကားလုံးတွေက တိကျမှုရှိလို့ သူနဲ့မေးစေချင်တာ... ရက်ချိန်းကြိုယူရတယ်ဆိုတာကလည်း သူမအားလို့ဖြစ်မှာပါ။ အကျိုးအကြောင်းပြောပြပြီး အကူအညီတောင်းရင်တော့ အကြာကြီးစောင့်ခိုင်းမယ်မထင်ပါဘူး... စိတ်ကူးမလွဲစမ်းပါနဲ့မောင်ဖြူရယ်... မေးမှာသာ မေးကြည့်စမ်းပါ... ယုတ်စွအဆုံးကွာ... သူလိမ်သွားရင်တောင် အဲ့ဒီအတွက် ကုန်ထားတဲ့ငွေ ငါပြန်လျော်မယ်... ငါ့တာဝန်သာထား... ဟုတ်ပြီလား... ဆိုတော့ မောင်ဖြူစိတ်လျော့လိုက်တယ်... အခန်းဖော်က Facebook သုံးလို့ရတဲ့ဖုန်းဆိုတော့ သူကလည်း ဆရာနဲ့ချိတ်ဆက်ပေးတယ်... အားလုံး စုပြီး ဥာဏ်ပူဇော်ခပေးပြီးကြောင်း အကြောင်းကြားလိုက်တာနဲ့ ဆရာဘက်က ၂၄ နာရီတောင်မကြာဘူး... ပြန်ဆက်သွယ်လာပြီး မနက်ဖြန် မနက် ထိုင်းစံတော်ချိန် ၈ နာရီလောက်အားမလားမေးတော့ မောင်ဖြူက အားပေမယ့် သူ့ဖုန်းက Viber သုံးမရတော့ အခန်းဖော်တွေပြန်လာတဲ့အချိန်လောက်အားမယ်ပြောလိုက်တယ်။ ဆရာဘက်က အဲ့ဒီအချိန်တော့ သူအဆင်မပြေကြောင်းပြောတော့ မောင်ဖြူက သူ့အခက်အခဲကို ရှင်းပြရတော့တာပေါ့ ဒီတော့ ဆရာက မောင်ဖြူဆီက ည ၁၀ နာရီလောက်ဆိုရင်ရောဆိုပြီး စာပြန်လာတယ်။ အခန်းဖော်တွေက မနက်အလုပ်သွားဖို့ စောစောအိပ်ကြတာမို့ ငြင်းချင်ပေမယ့် အခန်းဖော်အားလုံးက ကိစ္စမရှိဘူးဆိုတာနဲ့ လက်ခံလိုက်တယ်။ အချိန်တိတိကျကျပဲ... ဆရာဆီက ဖုန်းဝင်လာတယ်။ ဖုန်းကိုင်လိုက်တော့ ဆရာက နှုတ်ဆက်ပြီး မောင်ဖြူကြိုပေးထားတဲ့ မွေးသက္ကရာဇ်တွေအရ လက်ရှိအချိန်ဟာ အလုပ်ပျက်၊ အကိုင်ပျက်အချိန်မို့ အစစအရာရာ အဆင်မပြေကြောင်းတွေကနေစပြီး အညံ့တွေဟောခံရတော့ မောင်ဖြူစိတ်ပိုညစ်သွားတယ်။ ကံမကောင်းဘူးထင်လို့မေးကာမှ မကောင်းတာတွေချည်းဟောနေလို့ စိတ်ဓာတ်တွေပါပိုကျလာပြီး စကားပါ ပြောချင်စိတ်ကုန်နေလို့ ဟုတ်ကဲ့ချည်း ထိုင်လုပ်နေလိုက်တယ်။ မိနစ်နှစ်ဆယ်လောက် ဟောချင်တာဟောပြီးမှ ကဲ... ဘာသိချင်သေးလဲဆိုတော့ မောင်ဖြူကျွဲမြီးနည်းနည်းတိုသွားတယ်။ နဂိုကမှ အယုံအကြည်မရှိရတဲ့အထဲ... အထင်ပါမကြီးချင်တော့ဘူး... စိတ်ကို ထိန်းပြီး... ကျနော်ဘာမှမမေးချင်ပါဘူး။ မေးလည်း မမေးတတ်ပါဘူး... ကျနော်ခု ထိုင်းရောက်နေတယ်... ဒါပေမယ့် စပြီးရောက်ကတည်းက အလုပ်လည်းမရ၊ ဝင်ငွေလည်းမရှိ၊ မျှော်လင့်ချက်ပါမဲ့နေလို့ သူငယ်ချင်းတွေရဲ့ အကူအညီနဲ့ မေးကြည့်တာပါ။ ယတြာချေလို့ရရင် ချေချင်ပါတယ်လို့ ပြောလိုက်တယ်။ ဒီတော့မှ ဆရာလုပ်သူက လေသံပြောင်းသွားတယ်။ ဘာမှ မရှိတော့တာကို လက်ခံပြီလား... လို့ လေးလေးနက်နက်မေးခံရတော့ မောင်ဖြူပိုအသည်းပေါက်သွားတယ်။ စိတ်ထဲက အတော်တလွဲလုပ်တဲ့ဆရာ ယတြာတောင်းနေတာ တတ်ရင်ပေး... မတတ်ရင်မပေးနဲ့ပေါ့... ဘာတွေလာမေးနေမှန်းမသိဘူးဆိုပြီး စိတ်ခုသွားတယ်။ နှုတ်က... ဆရာဘာမေးနေတာလည်းဆိုတာ ကျနော်မသိဘူး... ကျနော်ဘာမှမရှိတော့တာတော့ အမှန်ပဲ... အလုပ်လည်းမရှိဘူး။ ငွေလည်းမရှိဘူး။ မျှော်လင့်ချက်လည်းမရှိတော့ဘူး။ အဲ့ဒါမေးတာဆိုရင်တော့ လက်ခံရမှာပေါ့... တကယ်လည်း ဘာမှကိုမှ မရှိတော့တာ... လို့ စိတ်ပေါက်ပေါက်နဲ့ပြောချလိုက်တယ်။ ဒီအချိန်မှာ ဗေဒင်ဆရာက ကောင်းပြီဗျာ... ခင်ဗျားဘက်က မရှိတာကို လက်ခံပြီဆိုမှတော့ မရှိတာပြီးရင် ရှိတာပဲ လာရတော့မပေါ့... ခင်ဗျားဇာတာက ညံ့နေတာတော့ အမှန်ပဲ... အဲ့ဒီအညံ့ကို ကောင်းသွားအောင်ပြုပြင်ဖို့က ကျနော်မှ သိကြားမင်းမဟုတ်တာပဲ... ဘယ်တတ်နိုင်လိမ့်မလဲဗျာ... ဒါပေမယ့် လူဆိုတာ ကိုယ်လုပ်တဲ့အကျိုးတော့ ကိုယ်ပြန်ရတာပဲဗျ။ ဒါသဘာဝပဲ... ခင်ဗျားက ကံညံ့နေတာမှန်ပေမယ့် ကျနော်နိမိတ်ယူကြည့်လိုက်တဲ့အခါ ကျနော်ကူညီနိုင်မယ့် သဘောရှိတယ်ဗျ။ တနည်းပြောရရင်တော့ ခင်ဗျား ကနေရတဲ့လူကြမ်းပြဇာတ် တခန်းရပ်ချိန်တန်ပြီပေါ့ဗျာ... ခင်ဗျားနားလည်အောင်ထိရှငိးပြနေရင် ကျနော့်တွေ့ဆုံချိန် ၁ နာရီနဲ့တော့ မလုံလောက်ဘူးဗျ။ ဒီတော့ လိုရင်းပြောရင်.... ဖယောင်းတိုင်အဖြူခပ်ကြီးကြီး တစ်တိုင်ဝယ်ဗျာ... အဲ့ဒီဖယောင်းတိုင်ပေါ်မှာ အပ်ချည်ကြိုးပတ်ချည်ရမယ်။ အပ်ချည်အရောင်က အနီရောင်နော်... ဘယ်နှစ်ပတ်ချည်ရမယ်ဆိုတာကအရေးမကြီးဘူး... အဆင်ပြေသလိုလုပ်... အရေးကြီးတာက ဖယောင်းတိုင်ရဲ့အစ မီးစာဘက်ကနေ ခန့်မှန်း လက်နှစ်လုံးအကွာအဝေးမှာ တချက်ချည်၊ ဒါက ပထမ အပ်ချည်အမှတ်နော်... ပြီးတော့ အဲ့ဒီကနေ လက်နှစ်လုံးထပ်ခွာ... ထပ်ချည်ပေးရင် ဒုတိယအမှတ်ရမယ်... ဒီတော့ ဖယောင်းတိုင်က အပိုင်းသုံးပိုင်းပါဝင်တဲ့ပုံစံဖြစ်ပြီပေါ့... မျက်လုံးထဲမြင်လား... မမြင်လည်း ကိစ္စမရှိဘူး... ခုဖုန်းချပြီးတာနဲ့ ခင်ဗျားရဲ့ Viber ဆီကို ပုံကြမ်းရေးပြီးပို့ထားမယ်။ ခုတော့ နားလည်သလောက် နားထောင်ဦး.... အဲ့ဒီ ဖယောင်းတိုင် သုံးပိုင်းရဲ့ ပထမအပိုင်းမှာ ဖယောင်းသားကို ခဲတံနဲ့ထွင်းပြီး [ ပု ] လို့ရေး၊ ဒုတိယပိုင်းမှာ [ ဒိ ] .. နောက်ဆုံး တတိယပိုင်းမှာ [ အာ ] လို့ရေး... ပုံကြမ်းထဲကြည့်လိုက်ရင် ပိုသဘောပေါက်မှာပါ။ ဒီဖယောင်းတိုင်ကို မနက်ဖြန် မနက် ၈ နာရီကစပြီး ထွန်းပေတော့ဗျာ.... ထွန်းဆိုတာ ပထမရက်အတွက် ပထမအပ်ချည်အရစ်ကိုမီးလာထိတဲ့အထိထွန်းရမယ်။ ထိရင်တော့ မီးကိုငြိမ်းထား... နောက်တနေ့ ဒီလိုအချိန်ပဲ... အဲ့ဒီဖယောင်းတိုင်ကို ဆက်ထွန်း... ဒုတိယအပ်ချည်ထိချိန်ရပ်။ နောက်တနေ့ရောက်တော့ တတိယရက်ဖြစ်နေပြီ... ကျန်နေတဲ့ဖယောင်းတိုင်ကို အကုန်သာထွန်းလိုက်ပေတော့... မီးထွန်းထားချိန်တော့ ခင်ဗျားလိုချင်တာကို ဆုတောင်းပေါ့... အစီရင် စလုပ်ပြီးတာနဲ့ ၁ ပတ်အတွင်း အလုပ်ရပြီး ငွေကြေးကိစ္စပါ ပြေလည်သွားပါလိမ့်မယ်ဗျာ.... ဆိုပြီးဆရာက အရှည်ကြီးရှင်းပြနေတော့ မောင်ဖြူစာရွတ်တရွတ်နဲ့ အသဲအသန်လိုက်မှတ်ရတော့တာပေါ့။ လိုက်မှတ်ရင်း မောင်ဖြူ ဆရာကို နည်းနည်းအထင်ကြီးသွားတယ်။ ပြောဆိုပုံလည်း စနစ်ကျပြီး... တိကျမှုရှိနေတာကိုလညိး သတိထားမိသွားတယ်။ နောက်နေ့ မောင်ဖြူ ဖယောင်းတိုင်တစ်တိုင်နဲ့ အပ်ချည်အနီဝယ်လိုက်တယ်။ ဆရာပြောသလိုပဲ တိတိကျကျလုပ်လိုက်တယ်... ပထမရက် ဘာမှမထူးဘူး... ဒုတိယရက် မထူးသေးဘူး။ တတိယရက် ဒီအတိုင်းကဒီအတိုင်းပဲ... စတုတ္ထရက်... အလုပ်သွားလျှောက်တာတောင်ရမလာတော့ မောင်ဖြူအားငယ်လာပြန်တယ်။ ဒါပေမယ့် ဆရာက ၁ ပတ်အတွင်းလို့ဆိုထားတော့... မျှော်လင့်ချက်ရှိသေးတာပေါ့.... ပဥ္စမရက်လည်း မထူးပါဘူး။ လူစုံတဲ့ ညရောက်တော့ မောင်ဖြူက ညည်းတယ်။ ကျနော်လည်း အဲ့ဒီဆရာခိုင်းငလိုလုပ်တာပဲ... ဘာမှလည်းဖြစ်မလာဘူး။ ခု ငါးရက်တောင်ရှိနေပြီ... ဒီအတိုင်းဆို နောက်နှစ်ရက်လည်း မသေချာဘူး.... မောင်ဖြူညည်းတော့ အခန်းဖော်တယောက်က သိပ်လည်း စိတ်ဓာတ်ကျမနေပါနဲ့ကွာ... ကျန်နေတဲ့ နှစ်ရက်ဆိုတာကလည်း နည်းမှမနည်းပဲ... နာရီနဲ့တွက်ရင် ၄၈ နာရီပေါ့... ကံဆိုတာ စက္ကန့်အလိုက်၊ မိနစ်အလိုက်ပြောင်းနေတာပါ။ ၄၈ နာရီဆိုတော့ နည်းမှမနည်းပဲ... အားတင်းထားစမ်းပါလို့ပြောလိုက်တယ်။ ရည်းစားနဲ့ ဖုန်းပြောပြီး ပြန်ဝင်လာတဲ့ အခန်းဖော်တယောက်ကလည်း ပြုံးစိစိလုပ်ရင်း... ကိုအံ့ကြီးရယ် ပြောမှပြောတတ်ပလေဗျာ... ၄၈ နာရီဆိုတာကမှ ကြာဦးမယ်ဗျ။ အခုပဲ... ကျနော့်သူဌေးကိုယ်တိုင်ဖုန်းဆက်တယ်။ အအေးခန်းအတွက် လူလိုနေလို့တဲ့ ရသလောက်သာခေါ်ခဲ့တဲ့ အအေးဒဏ်ခံနိုင်ဖို့တော့လိုတယ်လို့ပြောလာသဗျ။ သေချာပေါက်ကို မောင်ဖြူအလုပ်ရပြီဗျာ... လို့ဆိုနေတုန်း မီးဖိုခန်းက ထွက်လာတဲ့အခန်းဖော်ကလည်း... ဒါဆို ကျနော့်သူဌေးလူခေါ်ခိုင်းတာကျ ဘယ်သူ့ခေါ်သွားရပါ့မလဲ... တိုက်တိုက်ဆိုင်ဆိုင်ပဲ... မနက်ဖြန်ရအောင်ခေါ်ခဲ့ပြောနေတာ... ကျနော်တော့ခက်ပြီပဲ... ဆိုတော့ ခေါ်လာတဲ့အစ်ကိုက တဟားဟားရယ်ပြီး... မောင်ဖြူရယ်... အလုပ်မရှိတော့လည်း မရှိလို့... ရှိပြန်တော့လည်း ရွေးရခက်ကြီးပါလားငါ့ကောင်ရ... ဌေးဝင်းရဲ့အလုပ်က ငါးပုဇွန်ဌာန... အအေးခန်းထဲလုပ်ရပေမယ့် ဝင်ငွေကောင်းတယ်။ ကျော့မောင်ရဲ့အလုပ်က စားဖိုဆောင်... သန့်ရှင်းရေးနဲ့ ပန်းကန်လေးဘာလေးဆေး... တောက်တိုမယ်ရလေးပဲလုပ်ရတာ... အအေးခန်းအလုပ်လောက်ဝင်ငွေမကောင်းပေမယ့် တအားသက်သာတာ... တမင်ငွေပေးနေသလိုပဲ... တကယ့် မိသားစုဆန်တဲ့လုပ်ငန်းဟေ့... ဖြစ်နိုင်ရင် ငါပါလိုက်လုပ်လိုက်ချင်တာ... ဟားဟားဟား... မင်းဘာသာ အကောင်းဆုံးရွေးပေတော့ဟေ့... ဟုပြောလိုက်လေတော့သတည်း....
စာကြွင်း....မောင်ဖြူပြုလုပ်ခဲ့သော အစီရင်ပုံကြမ်းကို အောက်မှာ ပြပေးလိုက်ပါတယ်။ ဘယ်နေ့မဆို... ပြုလုပ်နိုင်ပါတယ်။ ဘုရားစင်ပေါ်တင်ထွန်းပါ။ ဘုရားစင်နေရာအခက်အခဲရှိပါက ခုံမြင့်၊ စင်မြင့်ပေါ်တင်ပြီး ဘုရားရှင်အားမှန်းဆ၍ မီးပူဇော်နိုင်ပါသည်။
0 Comments
Post a Comment