ဒီနေ့တော့... ဗေဒင်စွယ်စုံကို ဝယ်ယူပြီး အသုံးပြုနေကြတဲ့ ဗေဒင်ပညာရှင် ဆရာ၊ ဆရာမအတွက်ရော... ဗေဒင်ဝါသနာရှင် ညီငယ်၊ ညီမငယ်များသာမက ကျနော့် Page ကို Like and Follow လုပ်ပြီး ကျနော်တင်သမျှ တကူးတကစောင့်ဖတ်နေကြတဲ့ စာဖတ်သူတွေပါ အကျိုးရှိနိုင်မယ့် လက်တွေ့အသုံးချရမယ့် နည်းလမ်းလေးတစ်ခုကို သင်ပေးပါမယ်။
ဒီနည်းလမ်းဟာ ကိုယ့်အတွက်ပဲသုံးသုံး၊ သူများအတွက်ပဲသုံးသုံး လက်တွေ့သုံးမယ်ဆိုရင် မုချအကျိုးရှိစေမယ့်နည်းလမ်းဖြစ်ပါတယ်။ ကျနော် အောက်မှာ ပြက္ခဒိန်ရက်စွဲတစ်ခုပြထားပါတယ်။ အဲ့ဒါက ဗေဒင်စွယ်စုံ Program ထဲကနေ ရယူထားတာပါ။ အဲ့ဒီစာမျက်နှာမဝင်တတ်ရင် Menu ကနေတဆင့်
✅ ဟောစာတမ်း
✅ ဗေဒင်ဟောစာတမ်း
✅ မင်္ဂလာကိစ္စ
✅ မင်္ဂလာအခါပေးပြက္ခဒိန်
ဆိုပြီး အဆင့်ဆင့်ဝင်လိုက်ရင် ရောက်ပါတယ်။ အဲ့ဒီပြက္ခဒိန်ရဲ့ သက်ဆိုင်ရာရက်စွဲအလိုက် ကျနော် နမူနာပြထားတဲ့ ပုံထဲက အနီရောက်နဲ့ ဝိုင်းပြထားတဲ့နေရာကိုကြည့်ပြီး [ သိဒ္ဓိ ] လို့ရေးထားတဲ့ ရက်တွေကို လိုက်ရှာပါ။
ဗေဒင်စွယ်စုံ မသုံးကြတဲ့သူတွေအတွက်ကိုတော့ အဲ့ဒီ [ သိဒ္ဓိ ] ဆိုတာနဲ့ တိုက်ဆိုင်တဲ့ ရက်တွေကို 2024 December တလလုံးစာ ရွေးပေးလိုက်ပါတယ်။ အောက်ပါရက်စွဲတွေဟာ အင်္ဂလိပ်ရက်စွဲတွေဖြစ်ပြီး [ သိဒ္ဓိ ] နဲ့တိုက်ဆိုင်တဲ့ 2024 December တလလုံးရဲ့ မင်္ဂလာရက်စွဲတွေဖြစ်ပါတယ်။
✅ [ 2-7-14-21-28-30 ] ✅
အဲ့ဒီ [ သိဒ္ဓိ ] ရက်စွဲတွေဟာ မိတ်ဆွေတို့ရဲ့ အလိုဆန္ဒမှန်သမျှကို အမှန်တကယ်ပြည့်ဝလာစေဖို့ ကူညီပေးမယ့် ရက်စွဲတွေဖြစ်ပါတယ်။ အဲ့ဒီ [ သိဒ္ဓိ ] နဲ့တိုက်ဆိုင်တဲ့ နေ့ရက်တွေမှာ အောက်ပါအစီရင်ကို မဖြစ်မနေ လုပ်ပေးပါ။
✅ မနက်ပိုင်း ( သင့်ရာအချိန် ) မှာ ရေမိုးချိုးပါ။ ရေမချိုးချင်ရင် ရေပတ်ဝတ်တိုက်ပါ။ ပြီးရင် အဝတ်သန့်သန့်ဝတ်ပါ။ ဒါက ကိုယ်ခန္ဓာသန့်ရှင်းဖို့ပါ။
✅ ဘုရားစင်ရှေ့မှာ စာရေးစားပွဲတစ်လုံးချ၊ စားပွဲပေါ် ၂ လက်မပတ်လည် စာရွက်အဖြူလေးနဲ့အတူ အဖျားချွန်ထားတဲ့ ခဲတံအသစ်တချောင်းတင်ထားပါ။
✅ ဘုရားရှိခိုး၊ သီလခံပါ။ ဒါက စိတ်ခန္ဓာသန့်ရှင်းဖို့ပါ။
✅ ပြီးရင် စာရေးစားပွဲပေါ်က စာရွက်လေးပေါ်မှာ ခဲတံနဲ့ ကြက်ခြေခတ်ပုံကို စတင်ရေးဆွဲပါ။ ဘယ်လိုဆွဲဆွဲ၊ ဘယ်ကစပြီး ဆွဲဆွဲ အရေးမကြီးပါဘူး။ ဘာမှလည်း ရွတ်ဖတ်နေဖို့ မလိုပါဘူး။
✅ ပြီးရင် နမူနာပြထားတဲ့ ပုံထဲကအတိုင်း [ တ, ဆ, ပ, ဝ ] ဆိုတဲ့ စမလေးလုံးကို ခဲတံနဲ့ပဲ ကြက်ခြေရဲ့ နေရာအလိုက် ပီပြင်အောင်ရေးပါ။ ဒီလိုရေးတဲ့အခါ သတိပြုရမှာက အက္ခရာတိုင်းဟာ ညီညာပီပြင်ရမယ်။ ကြက်ခြေမျဥ်းတွေနဲ့ မထိစေရဘူး။ အက္ခရာတစ်လုံးရေးတိုင်း [ တောင်းဆုပြည့်ဝ ] ဆိုတဲ့ စကားလေးလုံးကိုပဲ ရွတ်ရင်းရေးရမယ်။ ( စမလေးလုံးဟာ စတုပညာသစမမျိုးနွယ်ဖြစ်ပြီး လူမိုက်စိတ်တို ဆိုတဲ့ ဓာတ်နဝင်းကနေလာပါတယ်။ အသေးစိတ်ကို အင်းသင်တန်းမှာဖြစ်စေ၊ စမသင်တန်းမှာဖြစ်စေ လေ့လာပါ။ ဒီမှာ မလိုအပ်လို့ မရှင်းပြတော့ပါဘူး။ )
✅ အားလုံး ရေးပြီးပြီဆိုရင် အဲ့ဒီစာရွက်ရဲ့ နောက်ကျောမှာ ကိုယ်အဖြစ်ချင်ဆုံး၊ ဒါမှမဟုတ် ကိုယ်အလိုလားဆုံးဆုတစ်ခုကို အလေးအနက်အာရုံပြုပြီး လိုရင်းစာသားကို ချရေးပါ။ လိုရင်းစာသားဆိုတာက ဥပမာ... ကိုယ်က ငွေဝင်ချင်တာမျိုးဆိုရင် ငွေကြေးလာဘ်လာဘတွေ သိသာထင်ရှားအောင် အမြောက်အများဝင်လာပါစေလို့ အလေးအနက်ဆုတောင်းပြီးတာနဲ့ [ ငွေကြေး ] လို့ရေးလိုက်ရုံပါပဲ။ ဒါမှမဟုတ် အိမ်အမြန်ဆုံး ရောင်းထွက်ချင်တာမျိုးဆိုရင်လည်း စျေးကောင်းကောင်းနဲ့အမြန်ဆုံးရောင်းထွက်ပါစေလို့ ဆုတောင်းပြီးတာနဲ့ [ အိမ် ] လို့ချရေးလိုက်ပေါ့။ လိုရင်း Keyword လေးတွေကို ရေးရသလိုပေါ့ဗျာ။ ဘာကိစ္စနေနေ ရေးလို့ရတယ်နော်။ ကြိုက်တာရေးပါ။ ဒါပေမယ့် ဆန္ဒအများကြီးရှိနေရင်လည်း တစ်ခုကိုပဲ ဦးစားပေးရမယ်။
✅ ဒီအဆင့်ပြီးရင် အဲ့ဒီစာရွက်ကို လိပ်ပါ။ ပြန်မပြေချင်ရင် အပ်ချည်ကြိုးအဖြူလေးနဲ့ ချည်ထားလည်း ရတယ်။ မချည်ပဲထားချင်လည်း ထားနိုင်တယ်။ အဲ့ဒီစာရွက်လိပ်ကလေးကို လက်ဝါးပေါ်တင်ပြီး စောစောက စကားလေးလုံးဖြစ်တဲ့ [ တောင်းဆုပြည့်ဝ ] ဆိုတာလေးနဲ့ အခေါက် ၁၀၀၀ ပြည့်အောင် ရွတ်မန်းပေးရမယ်။ ၁၀၀၀ ဆိုလို့ လန့်မသွားနဲ့ဦး။ ၁၀၈ လုံး ပုတီးနဲ့ဆို ၁၀ ပတ်စာပဲရှိတယ်။ ဘာမှမကြာဘူး။ ဒါပေမယ့် ၁၀၀၀ ပဲနော်။ ၁၀၈ လုံးပုတီးနဲ့ အတိအကျရေတွက်ပြီး ၁၀ ပတ်စိပ်ရင် ၁၀၈၀ ဖြစ်သွားနိုင်တယ်။
✅ ဒီအဆင့်ပြီးရင် ပြီးပါပြီ။ စာရွက်လိပ်လေးကို ကိုယ်နဲ့မကွာဆောင်ထားလိုက်ဗျ။ မိတ်ဆွေရဲ့ ဆန္ဒဟာ ဆောင်ထားပြီးကတည်းက ပြည့်ဝလာလိမ့်မယ်။ ကြန့်ကြာမယ့်ဆန္ဒမျိုးဖြစ်နေရင်တောင် ကျနော်ပြောသလိုသာ တိတိကျကျလုပ်။ မုချပြည့်ဝလိမ့်မယ်ဗျာ။ ကျနော်ပြောတာ ယုံမှလည်း လိုက်လုပ်ပါ။ မယုံရင်လည်း ဘေးထိုင်ဘုပြောတော့ မလုပ်ကြေးဗျာ။ မနက် 5 နာရီမှာ ဖုန်းပေါ်ကနေ လက်အညောင်းခံ၊ မျက်စိအပျက်ခံ၊ ဇက်ကြောအတက်ခံပြီး ကျကျနနရှင်းပြနေတာလေးတွေ၊ ပုံတွေကို အချိန်ကုန်ခံ ကျကျနန Edit ပြုပြင် စီရင်ပြီးမှ တင်ပေးရတာလေးတွေတော့ အားနာကြဦးပေါ့။
ဒီ အဆောင်ကို နောက်ထပ် [ သိဒ္ဓိ ] ရက် မရောက်မချင်း မစွန့်ရဘူးနော်။ ရောက်ရင်တော့ မီးရှို့ပြာချလိုက်ရတယ်ဗျ။ အဲ့ဒါ မီးဓာတ်နဲ့စွန့်နည်းပဲ။ နောက်ထပ် [ သိဒ္ဓိ ] ရက်မှာ နောက်ထပ်ဆန္ဒတစ်ခုကိုဖြစ်စေ၊ လက်ရှိဆန္ဒကိုပဲဖြစ်စေ အခုအတိုင်း ဆက်လက်စီရင်ပြီး ဆောင်ထားနိုင်ပါတယ်။ အထူးကတော့ စာရွက်ဟာ မျဥ်းကြောင်းမပါတဲ့ စာရွက်ဖြူဖြစ်ရမယ်။ A4 စာရွက်မျိုးသုံးကြပေါ့ဗျာ။
ကိုင်း.... ဘာလိုချင်လဲ?
အားလုံး ကြံသမျှ ဆန္ဒပြည့်ကြပါစေဗျာ....
0 Comments
Post a Comment