မာယာပြက္ခဒိန် ( Maya calendar ) ဆိုတာ ရှေးဟောင်းမာယာ ( Mayan ) လူမျိုးတွေ အသုံးချခဲ့တဲ့ ပြက္ခဒိန်စနစ်တစ်ခုဖြစ်ပါတယ်။
ဒီနေ့ ကျနော် ရှင်းပြချင်တာက အဲဒီ မာယာလူမျိုးတွေရဲ့ သမိုင်းကြောင်းတော့မဟုတ်ပါဘူး။ အဲဒီ ပြက္ခဒိန်ကို အစွဲပြုပြီး မာယာလူမျိုးတွေရဲ့
ယုံကြည်ချက်ကနေ ပေါက်ပွားလာတဲ့ ဂမ္ဘီရဆိုင်ရာ အသုံးအနှုန်းတွေအကြောင်းကို ပြောပြချင်တာဖြစ်ပါတယ်။ ဒီလိုမှ ပြောမပြထားဘူးဆိုရင် ...
ပေးကား ပေး၏... မရ... ဆိုသလိုမျိုး လက်တွေ့အသုံးချရမယ့်ပညာတွေဟာ ဗေဒင်စွယ်စုံရဲ့ ကဏ္ဍတစ်ခုအနေနဲ့ပဲ သမိုင်းတစ်ရပ်ဖြစ်သွားနိုင်ပါတယ်။
ဒီတော့ ... အသုံးချပညာကဏ္ဍကိုပဲ သွားလိုက်ရအောင် ...
ကျနော် အောက်မှာ ပုံနှစ်ပုံ ဖော်ပြထားပါတယ်။ ပထမပုံက မာယာလူမျိုးတွေရဲ့ ပြက္ခဒိန်ရက်စွဲအရ သက်ဆိုင်ရာ အခေါ်အဝေါ်တွေပဲ ဖြစ်ပါတယ်။
ဒါတွေကို မိတ်ဆွေက ပညာရှင်တစ်ယောက်မဟုတ်လို့ နားမလည်ဘူးဆိုရင်လည်း ချန်ထားခဲ့လိုက်ပါ။ အရေးမကြီးပါဘူး။ နားလည်အောင်လေ့လာထားပြီး အသုံးချတတ်ရင်တော့
တန်ဖိုးဖြတ်မရတဲ့ ရက်စွဲတွေဖြစ်ကြောင်း မိတ်ဆွေကောင်းကောင်းကြီးသိရမှာပါ။
ဒုတိယပုံကတော့ မြန်မာစာတွေနဲ့ပဲ ရေးသားရှင်းပြထားတာမို့ မြန်မာစာအတော်အတန် ဖတ်တတ်ရင်ပဲ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့်လည်း ဒီအတိုင်းဖတ်ကြည့်ရုံနဲ့
တကယ့် လက်တွေ့ အသုံးချရမယ့် အပိုင်းတွေကိုတော့ နားလည်ချင်မှ နားလည်ပါလိမ့်မယ်။ အဲဒါကို ကျနော် ဒီနေ့ ရှင်းပြပါမယ်။
အစဉ်လိုက်ကြည့်ရအောင် ... ပထမဆုံး ... ပုံလေးပြထားပါတယ်။ အဲဒီပုံက သက်ဆိုင်ရာတွက်ချက်လိုက်တဲ့ ရက်စွဲအရ ... Tzolkin Date ကို တွက်ပြထားတာပါ။ အဲဒီပုံကလည်း Tzolkin Date ရဲ့ပုံဖြစ်ပါတယ်။
Tzolkin Date ပုံအပြည့်အစုံကို ပထမပုံထဲမှာ ပြန်လေ့လာနိုင်ပါတယ်။ အဲဒီပုံအောက်မှာ အဲဒီ ပုံနဲ့ သက်ဆိုင်တဲ့ ဖွင့်ဆိုချက်ကို ရေးထားပါတယ်။ ဥပမာပုံထဲက ... ပန်းပွင့် (သို့) နေ ဆိုတာဟာ အဲဒီရက်စွဲရဲ့ အမည်နာမဖြစ်ပါတယ်။
ပြီးတော့ အဲဒီအောက်မှာ ... ( စိတ်ကူးယဉ်ဆန်တတ်ပြီး အချစ်ရေးကို တန်ဖိုးထားတတ်တယ်။ စိတ်ကူးယဉ်ဆန်လွန်းတဲ့အတွက် ဘ၀မှာ အောင်မြင်မှု နောက်ကျတတ်တယ်။ အတွေးအခေါ်အားကောင်းပြီး အဲဒီအတွေးကို လက်တွေ့အသုံးမချနိုင်တတ်ဘူး။ ) လို့ အကျဉ်းချုပ်ဖွင့်ဆိုထားတာဟာ
အဲဒီရက်စွဲနဲ့ယှဉ်ပြီး မွေးလာသူတွေမှာ ရှိလာတတ်တဲ့ ဘ၀ကံကြမ္မာဟောချက်ဖြစ်ပါတယ်။ ဒီအထိဟာ အရေးမကြီးသေးပါဘူး။ အဲဒီအောက်မှာမှ အရေးကြီးတဲ့ အချက် ( ၁၀ ) ချက်ကို ကျနော် အောက်ပါအတိုင်း ရေးပြထားပါတယ်။
✅ မူလအမည် ... Ahaw/Jun Ajpub
✅ ထူးခြားချက် ... စိတ်ကူးဉာဏ်ရှိမှု
✅ အားသာချက် ... ဖော်ရွေခြင်း၊ ဆက်ဆံရေးကောင်းခြင်း၊ စိတ်ကူးစိတ်သန်းကောင်းခြင်း
✅ အားနည်းချက် ... လက်တွေ့မကျခြင်း၊ ဂနာမငြိမ်ခြင်း၊ သိမ်သိမ်မွေ့မွေ့မရှိခြင်း
✅ စိုးမိုးအရပ် ... တောင်
✅ အရောင် ... အဝါ
✅ ကျောက်မျက် ... Rose Quartz
✅ ဆောင်ရန် ... Imix (မိကျောင်း)
✅ ရှောင်ရန် ... Ok (ခွေး)
✅ အလုပ်အကိုင် ... ဂီတပညာရှင်၊ အားကစားသမား၊ နိုင်ငံရေးသမား၊ ဦးစီးခေါင်းဆောင်
ဒီ ( ၁၀ ) ချက်ဟာ အင်မတန်မှကို အရေးကြီးပါတယ်။ တကယ့်ကိုလည်း အရေးပါပါတယ်။ ပြီးတော့ လက်တွေ့အသုံးချတတ်မယ်ဆိုရင်လည်း အဲဒီလူတစ်ယောက်ရဲ့ဘ၀ကို ထူးထူးခြားခြားပြောင်းလဲသွားစေတတ်ပါတယ်။ ဒီတော့ အဲဒီ ( ၁၀ ) ချက်အကြောင်းကို တချက်ခြင်းစီ ရှင်းပြပေးပါမယ်။
✅ မူလအမည် ... Ahaw/Jun Ajpub
===================================
ဒါက အဲဒီရက်စွဲနဲ့ သက်ဆိုင်တဲ့ မူလအမည်ဖြစ်ပါတယ်။ ဒီအမည်ကို အသုံးပြုပြီး ရှေးဟောင်းမာယာတွေဟာ သူတို့ရဲ့ ယုံကြည်မှုအရ ဂမ္ဘီရအစီရင်တွေကို အသုံးပြုကြလေ့ရှိပါတယ်။ ဒီအချက်ရဲ့ အသုံးချနည်းကိုတော့ ဒီမှာ ကျနော်ပြောပြဖို့ခက်ပါတယ်။ ဒါကြောင့် ဒီအချက်ကိုတော့ ကျော်လိုက်ပါ။ အရေးကြီးတယ်လို့ပဲ ယာယီမှတ်ထားပါဦး။
✅ ထူးခြားချက် ... စိတ်ကူးဉာဏ်ရှိမှု
===================================
ဒါက မူလမွေးသက္ကရာဇ်နဲ့ တွက်ချက်လို့ ရခဲ့တာမျိုးဆိုရင် အဲဒီလူရဲ့ တကယ့်အရေးပါတဲ့ ထူးခြားချက်တစ်ခုလို့ဆိုပါတယ်။ ဥပမာဗျာ ... ခုတွက်ချက်ထားတာက ( 28/11/2024 ) ရက်စွဲကို အခြေခံပြီးတွက်ချက်ထားတာဆိုတော့ ... ဒီရက်မှာမွေးတဲ့ ကလေးပဲ ဆိုကြပါစို့ ...
ဒီကလေးဟာ ထူးခြားချက်အနေနဲ့ ( စိတ်ကူးဉာဏ်ရှိမှု ) လို့ အတိုချုပ်ရေးပြထားပါတယ်။ ခပ်လွယ်လွယ်ပြောရရင်တော့ ဒီကလေးဟာ စိတ်ကူးအားကောင်းပြီး ဉာဏ်အလွန်ကောင်းလိမ့်မယ်လို့ ပြောချင်တာမျိုးပါ။ ဒါများဗျာ။ ဘာအရေးကြီးလို့လဲလို့ မထင်စေချင်ပါဘူး။ တကယ့်ကို အရေးကြီးပါတယ်။
ဘာလို့လဲဆိုတော့ ... ဒီအချက်ဟာ ကလေးရဲ့ ဘ၀ကို မုချ အကြီးအကျယ်ပြောင်းလဲသွားစေနိုင်တဲ့ လျှို့ဝှက်ချက်တစ်ခုဖြစ်နေလို့ပါ။ ဥပမာ ... ဒီရက်မှာ တိုက်ဆိုင်ပြီးမွေးလာတဲ့ခလေးကို တခြားအလုပ်တွေဘာတွေ ခိုင်းနေတာထက် သူ့စိတ်ကူးရှိသလောက် ချဲ့ထွင်နိုင်မယ့်အလုပ်၊ သူ့ဉာဏ်စွမ်းရှိသလောက် လုပ်ဆောင်နိုင်မယ့်အလုပ်တွေ ခိုင်းကြည့်ပါ။
တချက်ထဲနဲ့ သူဌေးဖြစ်သွားတတ်ပါတယ်။ ဒါဟာ အဲဒီကလေးရဲ့ အရေးပါတဲ့ ထူးခြားချက်တစ်ခုဖြစ်ပါတယ်။
✅ အားသာချက် ... ဖော်ရွေခြင်း၊ ဆက်ဆံရေးကောင်းခြင်း၊ စိတ်ကူးစိတ်သန်းကောင်းခြင်း
================================================================================
ဒါကလည်း ထူးခြားချက်နဲ့ သိပ်မကွာပါဘူး။ မွေးသက္ကရာဇ်နဲ့တွက်ချက်လို့ ရလာတာမျိုးဆိုရင် အဲဒီကလေးရဲ့ အားသာချက်လို့တောင်ပြောရမှာပါ။ ဒီလိုကလေးကို ဒီအားသာချက်တွေနဲ့အညီ နေထိုင်ခိုင်းမယ်ဆိုရင် ကလေးရဲ့ဘ၀ဟာ သူများတွေထက်ကို လွယ်ကူ ချောမွေ့နေစေတတ်ပါတယ်။ ဥပမာဗျာ ...
အခုဥပမာမှာဆိုရင် ... အားသာချက်ကို ( ဖော်ရွေခြင်း၊ ဆက်ဆံရေးကောင်းခြင်း၊ စိတ်ကူးစိတ်သန်းကောင်းခြင်း ) လို့ရေးပြထားတယ်မဟုတ်လား။ ဒါက လိုရင်းဖြစ်အောင် ကျနော် အကျဉ်းချုပ်ပြထားတာပါ။ ဒီလိုကလေးမျိုးကို မိဘတွေက ငါခိုင်းတာပဲလုပ်၊ ငါပြောတဲ့အတိုင်းနေဆိုပြီး မလွှမ်းမိုးသင့်ပါဘူး။
လွှမ်းမိုးထားမယ်ဆိုရင် ကလေးဟာ အားသာချက်တွေပျောက်ကွယ်ပြီး ဘ၀ဟာ ခက်ခဲပင်ပန်းသွားစေပါတယ်။ သူ့ရဲ့စိတ်ကူးစိတ်သန်း၊ ဝါသနာ၊ ဖြစ်ချင်တာတွေကိုသာ ဦးစားပေးလိုက်ပါ။ အဲဒီကလေး သူများထက်ကို ထူးချွန်သွားပါလိမ့်မယ်။
✅ အားနည်းချက် ... လက်တွေ့မကျခြင်း၊ ဂနာမငြိမ်ခြင်း၊ သိမ်သိမ်မွေ့မွေ့မရှိခြင်း
=====================================================================
အားသာချက်ရှိသလို အားနည်းချက်လည်းရှိတာပေါ့။ ဒါကိုလည်း ကောင်းကောင်းသိထားရပါမယ်။ အဲဒီကလေးရဲ့ အားနည်းချက်တွေကို ကြိုတင်သိထားမယ်ဆိုရင် မိဘတွေအနေနဲ့ ပြုပြင်သင့်တာပြုပြင်ပေးနိုင်တယ်။ ကြိုတင်သိသင့်တာ သိထားနိုင်ပါတယ်။ ဒီကလေးဟာ ဒီရက်မျိုးနဲ့တိုက်ဆိုင်ပြီးမွေးတာမျိုးဆိုရင်
လက်တွေ့သမားမဟုတ်ပါဘူး။ တနည်းအားဖြင့် သူဟာ ကာယသမားမဟုတ်ပါဘူး။ သူ့ကိုသွားပြီး ကာယဗလမောင်လုပ်ပါလားတို့၊ ပြေးခုန်ပစ်ဝင်ပြိုင်ပါလားလို့တွေ ပြောလို့ မရတော့ပါဘူး။ သူဟာ ဉာဏသမားဖြစ်ပါတယ်။ သူ့ဉာဏ်ရည်ကို ပံ့ပိုးပေးတတ်ရင် ကလေးဟာ ဘ၀မှာ မုချအောင်မြင်စေပါတယ်။ ကလေးအတွက်
စိတ်ကူး၊ ဉာဏ်တွေကို အသုံးချရတဲ့ အလုပ်တွေကမှ အဲဒီကလေးရဲ့ ဘ၀ရောင်ခြည်ဖြစ်စေပါတယ်။ ဒါကို ချိန်ညှိတတ်ဖို့လိုပါတယ်။
✅ စိုးမိုးအရပ် ... တောင်
========================
ဒီအချက်ကတော့ မာယာလူမျိုးတွေက မွေးသက္ကရာဇ်လိုအရာမျိုးတွေနဲ့ မသုံးတတ်ပါဘူး။ လက်ရှိရောက်နေဆဲ ကောဇာသက္ကရာဇ်တွေအရသာ အသုံးချတတ်တာများပါတယ်။ သူတို့ရဲ့ ယုံကြည်မှုအရ ဒီစိုးမိုးအရပ်တွေဟာ ဆုတောင်းပြည့်တဲ့ အရပ်တွေလို့ ဆိုထားပါတယ်။
ဥပမာဗျာ ... 28/11/2024 နေ့အတွက် တွက်ချက်မှုရလဒ်မှာ စိုးမိုးအရပ်ကို ( တောင် ) လို့ ပြထားတယ်မဟုတ်လား။ တကယ်လို့သာ ခင်ဗျား စမ်းကြည့်ချင်သပဆို ... တောင်အရပ်ကို ချက်ခြင်းရှာပြီး လိုရာဆုတစ်ခုကို အမြန်ဆုံးတောင်းကြည့်စေချင်တယ်ဗျာ။ အဲဒီဆုအမှန်တကယ်ကို ပြည့်၀လာပါလိမ့်မယ်။
အဲဒီလို ဆုတောင်းပြည့်၀တာ ဘာကြောင့်လဲလို့ ကျနော့်ကိုတော့ မမေးပါနဲ့။ ကျနော်လည်း ရှင်းမပြတတ်ပါဘူး။ သေချာတာကတော့ အဲဒီဆုတောင်း ပြည့်ကို ပြည့်၀လိမ့်မယ်ဗျာ။ စမ်းကြည့်ပါ။ ဒီနေရာမှာ ကျနော်သိပ္ပံနည်းကျ စဉ်းစားလေ့ရှိတဲ့ အတွေးတစ်ခုရှိတယ်ဗျ။ ဘာလို့ ဆုတောင်းပြည့်၀တာလဲတော့ ကျနော်မပြောတတ်ဘူး။
ကျနော်တွေးနေတာက ဆုတောင်းတိုင်း တကယ်ပဲ ပြည့်၀မှာလားဆိုတဲ့ မေးခွန်းပဲ။ ဆုတောင်းတိုင်းပြည့်၀မယ်လို့လည်း မယုံကြည်ဘူးဗျ။ ဒါပေမယ့် ဒီပညာကို လေ့လာရင်း ကျနော် နည်းနည်းစဉ်းစားမိသွားတဲ့ အချက်တစ်ခုရှိတယ်။ ဆုတောင်းတိုင်းမပြည့်၀ဘူးဆိုရင် ... ကျနော်တို့ရဲ့ ဗုဒ္ဓဘုရားရှင် ဘုရားဆုကို ဘာလို့ ပန်ခဲ့ရတာလဲ?
ဆုတောင်းမပြည့်၀ဘူး။ ပြည့်၀တယ်ဆိုတာကလည်း အကျိုးနဲ့အကြောင်း ချိတ်ဆက်မှုတခုတော့ ရှိနိုင်တယ်ဗျ။ ကျနော်တို့ ဆုတွေသာတောင်းနေတာ အဲဒီဆုပြည့်၀ဖို့အတွက် ဘယ်နေ့က ဆုတောင်းပြည့်စေတာလဲ၊ ဘယ်အချိန်ကဆုတောင်းရင်ပြည့်၀စေတာလဲ၊ ဘယ်လိုဆုတောင်းမှပြည့်၀တာလဲ၊ ဘယ်ဆုတောင်းရင် အမြန်ဆုံးပြည့်၀နိုင်မလဲဆိုတာမျိုးတွေစဉ်းစားပြီးရော ဆုတောင်းလေ့ရှိခဲ့ကြရဲ့လား။
ဘူမသိ၊ ကိုးမသိနဲ့ ထင်သလို လျှောက်တောင်းနေတဲ့ ဆုကတော့ ပြည့်၀မှာ မဟုတ်ဘူးဗျို့။ ဘုရားရှင်က ဘုရားဆုပန်ပြီး ဘုရားဖြစ်သွားတယ်ဆိုတာ အခြေအနေနဲ့ အချိန်အခါတွေကလည်း ညီညွှတ်နေလို့ဗျ။ ပြန်စဉ်းစားကြည့်လေဗျာ။ ဘုရားရှင်က တွေ့တဲ့နေရာမှာ တွေ့တဲ့ပုဂ္ဂိုလ်တိုင်းရှေ့လိုက်ပြီး ဆုတောင်းနေတာမျိုးမဟုတ်ဘူးဗျ။
ဒါ့အပြင် အချောင်သမားစိတ်သက်သက်နဲ့ ဆုကို တောင်းယူနေတာမျိုးလည်းမဟုတ်ဘူးနော်။ ဒီနေရာမှာတင် ဆုတောင်းတစ်ခုဟာ တကယ်ပဲ ပြည့်၀မှာလား၊ မပြည့်၀ဘူးလားဆိုတာက သိသာနေပြီ။ တကယ်တော့ ဆုတောင်းပြည့်အောင် ဆုတောင်းနည်းဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီအကြောင်းကို ကျနော် အကျယ်ရေးပြသင့်တာဗျ။ ခုဟာက လမ်းကြုံရှင်းပြနေရတာဆိုတော့ ဒီထက် ထပ်ချဲ့နေရင် ရေးပြချင်တာနဲ့ တခြားစီဖြစ်ကုန်လိမ့်မယ်။ ဒီတော့ အနှစ်ပြန်ချုပ်ရရင် ...
ကျနော်တို့ ဆုတောင်းရမယ့်နေ့၊ ဆုတောင်းအမှန်တကယ်ပြည့်နိုင်တဲ့နေ့ဆိုတာတွေကို မသိသေးဘူးဆိုရင်တောင်မှ အခုနည်းလမ်းအရ ဆုတောင်းအမှန်တကယ်ပြည့်၀စေတဲ့ အရပ်ကို မျက်နှာမူပြီး ဆုတောင်းကြည့်စမ်းပါဗျာ။ အမှန်တကယ်ပြည့်၀ပါတယ်။ လက်တွေ့စမ်းပြီးမှ ခိုင်ခိုင်မာမာပြောနေတာပါ။ ဒီနေရာမှာ ခင်ဗျားက မယုံကြည်လို့ လိုက်မလုပ်နိုင်ဘူးဆိုရင် ကျနော်နားလည်ပေးပါတယ်။
ဒါပေမယ့် ကျနော်တိုက်တွန်းချင်တာက ဒီလိုလုပ်လိုက်လို့ ခင်ဗျားမှာ ဘာများကုန်ကျသွားမလဲဗျာ။ ပြောတဲ့အတိုင်းသာ စမ်းကြည့်လိုက်စမ်းပါ။ အဲ ... အချောင်ရချင်တဲ့ အချောင်သမားစိတ်ဓာတ်နဲ့တော့ သွားမလုပ်နဲ့နော် ... ခင်ဗျားရဲ့ အမှန်တကယ်ကြုံတွေ့နေရတဲ့ အခက်အခဲ၊ အနှောင့်အယှက်၊ အကျပ်အတည်းသာဖြစ်ပါစေ ... ခင်ဗျားဘာသာ ဘယ်လောက် ဒုက္ခရောက်နေပါစေ ... အဲဒါသာ အမှန်ဆိုရင် ဆုတောင်းလိုက်ပေတော့ဗျို့ ...
✅ အရောင် ... အဝါ
======================
ဒါကလည်း နှစ်မျိုးအသုံးချနိုင်တယ်ဗျ။ မွေးသက္ကရာဇ်နဲ့တွက်ရင် အဲဒါ အကျိုးပေးအရောင်လို့ ခေါ်တယ်။ တနည်းပြောရရင် ခင်ဗျားဘ၀ကို ချမ်းသာသွားအောင်၊ အောင်မြင်သွားအောင် လုပ်ပေးမယ့် အရောင်ပဲ။ မယုံမရှိလေနဲ့။ တကယ်လို့ ကောဇာသက္ကရာဇ်ကို အသုံးပြုပြီးတွက်ချက်ခဲ့တာမျိုးဆိုရင် အဲဒီနေ့အတွက် လာဘ်ကောင်းတဲ့အရောင်လို့ နားလည်ထားရမယ်။ တခြားကတော့ ဉာဏ်ရှိသလိုသုံးပေါ့ဗျာ။ အနှစ်ချုပ်မှတ်ထားဖို့ကတော့ ခင်ဗျားဟာ အဲဒီအရောင်ကို မထိလိုက်နဲ့ ထိလိုက်တာနဲ့ ရွှေဖြစ်ပြီလို့သာ မှတ်လိုက်ပေတော့ ...
✅ ကျောက်မျက် ... Rose Quartz
==============================
ဒါကလည်း အရောင်အသုံးချပုံမှာ ရှင်းပြခဲ့တာနဲ့ တူတူပဲ။ အဆောင်အဖြစ် ဆောင်တတ်ရင် ခင်ဗျားရဲ့ဘ၀ကို မုချ မြှင့်တင်ပေးလိုက်မယ်။ တခုတော့ ရှိတယ်။ ဒီကျောက်မျက်ရဲ့ ပင်ကိုယ်စွမ်းအင်အရပဲ မြှင့်တင်ပေးတာမျိုးပါ။ ကံအားလုံးကို မြှင့်တင်ပေးနိုင်တာမျိုးတော့ မဟုတ်ပါဘူး။ ဥပမာ ...
Rose Quartz ဟာ အိမ်ထောင်ရေး၊ အချစ်ရေးကို ကံကောင်းစေတယ်။ မေတ္တာစိတ်ထားကို ဖြစ်စေတယ်။ စန်းပွင့်တယ်။ ပီယကောင်းတယ်ပေါ့ဗျာ။ ဒါကို ခင်ဗျားနဲ့သက်ဆိုင်သလို ဆောင်ထားမယ်ဆိုရင် တခြားကိစ္စတော့ မသိဘူး။ ခင်ဗျားဟာ အိမ်ထောင်ကွဲမလိုဖြစ်နေရင်တောင် ဒီကျောက်မျက်နဲ့ ပြန်ချိတ်ဆက်နိုင်တယ်ဗျာ။ မယုံမရှိနဲ့ ... ကျနော် တိတ်တိတ်လေးသုံးနေတာကြာပြီ။ မသေချာသေးလို့ မပြောသေးတာပဲရှိတာ။
✅ ဆောင်ရန် ... Imix (မိကျောင်း)
===============================
ဒီမှာတော့ ဆောင်ရန်ဆိုပြီး ကျနော် တိုက်ရိုက်ပဲ ရေးထားတယ်။ ဒါကတော့ မူလတွက်ချက်မှုနဲ့ မာယာလူမျိုးတွေရဲ့ ယုံကြည်မှုအရ တခြားချိတ်ဆက်နေတဲ့ စွမ်းအင်တွေကို သိမြင်သုံးတတ်စေဖို့ပါ။ အခုဥပမာအရ ... Ahaw ဟာ Imix နဲ့ချိတ်ဆက်မှုရှိပါတယ်။
ခင်ဗျားဟာ ဒီရက်မှာမွေးတယ်ဆိုပါစို့ ... ဒီရက်ဟာ Ahaw ဖြစ်နေတဲ့အတွက် ခင်ဗျားရဲ့ အဆောင်ဟာ Imix ဖြစ်လာပါတယ်။ အဲဒီ Imix နဲ့သက်ဆိုင်မယ့် နေ့တွေကို သွားမထိမိစေနဲ့ပေါ့ဗျာ။ သွားထိမိရင် ဘာဖြစ်မှာလဲ မမေးနဲ့။ ခင်ဗျားကံတွေ အရမ်းကောင်းသွားတတ်လို့ဗျ။ ခင်ဗျားသာ
Imix နေ့မှာ ထီထိုးမယ်ဆိုရင် ထီဆုကြီးကံမပါလို့ မပေါက်သေးရင်တောင် ခင်ဗျားလိုချင်တဲ့ငွေတွေ သောက်သောက်လဲကို ဝင်လာတတ်တယ်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ Imix က ခင်ဗျားရဲ့ အလိုဆန္ဒကို သိသွားလို့ဗျ။ ပြီးတော့ အဲဒီနေ့က ခင်ဗျားရဲ့ ဆောင်ရန်နေ့ဖြစ်နေလို့ပါပဲ။
✅ ရှောင်ရန် ... Ok (ခွေး)
=======================
ဒီဟာကတော့ ရှောင်ရန်လို့ ရေးပြထားတဲ့အတိုင်းပဲ တကယ်ကို ရှောင်ရမယ့် ရက်စွဲတစ်ခုဖြစ်ပါတယ်။ ခင်ဗျားသာ ဒီနေ့ မွေးသူဆိုရင် အဲဒီ Ok ဆိုတဲ့ နေ့ရက်စွဲကို ရှောင်ရမှာပေါ့။ ဘယ်နေ့ Ok နေ့တွေဖြစ်မလဲဆိုတာက တစ်ရက်ခြင်းစီ ဗေဒင်စွယ်စုံထဲမှာ တွက်ကြည့်လို့ရတယ်။ တွေ့ပြီဆိုရင်
ဝေါင်ဝေါင်ရှေးပေတော့ဖို့ ... မဟုတ်လို့ကတော့ ခင်ဗျား နလံမထူဖြစ်သွားမယ်။ ဒီလောက်ပဲ ပြောမယ်။ ဒီရက်ကို ရှေးမာယာလူမျိုးတွေက မကောင်းတာတွေဘာတွေလုပ်ချင်ရင်တော့ အသုံးပြုတတ်ကြတယ်ဗျ။ အကျယ်ပြောလို့ရသေးတယ်။ အကျယ်ပြောရမယ်ဆိုရင် ကျနော် ပထမဆုံးရှင်းပြထားတဲ့ အချက်နဲ့ ပြန်ချိတ်ဆက်မှ ရလိမ့်မယ်။
ဒီတော့ ချန်ထားလိုက်ပါဦးမယ်။
✅ အလုပ်အကိုင် ... ဂီတပညာရှင်၊ အားကစားသမား၊ နိုင်ငံရေးသမား၊ ဦးစီးခေါင်းဆောင်
============================================================================
ဒါကတော့ မွေးသက္ကရာဇ်ကို အခြေပြုတွက်နေတာဆိုရင် ခင်ဗျားအတွက် သူဌေးမုချဖြစ်မယ့် အလုပ်တွေပေါ့ဗျာ။ တခြားအလုပ်လုပ်လို့ သူဌေးမဖြစ်ဘူးပြောတာမဟုတ်ဘူးနော်။ တခြားလူက သူဌေးဖြစ်ဖို့ နှစ်နာရီလောက် ကြိုးစားနေချိန်မှာ ခင်ဗျားအတွက်က ၅ မိနစ်လောက်နဲ့ ပြီးသွားမယ်လို့ ဆိုချင်တာဗျ။
သတိပြုစရာတစ်ခုပဲရှိတယ်။ ဒီအလုပ်အကိုင်ကို ကျနော်က စာတိုစေချင်လို့ အကျဉ်းလောက်ပြထားတာဖြစ်လို့ အကျယ်တော့ မရှင်းပြဖြစ်ဘူးဗျ။ အထက်က ပြောပြခဲ့တဲ့ ထူးခြားချက်၊ အားသာချက်မျိုးတွေနဲ့ ညှိယူတတ်ဖို့တော့လိုတယ်နော်။ ဥပမာ ...
ဒီရက်မှာမွေးတဲ့ကလေးဟာ ထူးခြားချက်က စိတ်ကူးဉာဏ်ကောင်းတာမဟုတ်လား။ ဒီတော့ ... ဂီတပညာရှင်လို့ ရေးထားတဲ့နေရာမှာ ကာယအားအရမ်းသုံးရတဲ့ ဂီတမျိုးကို ဆိုလိုတာမဟုတ်ဘူးဗျ။ ပြီးတော့ အားကစားသမားလို့ ရေးထားတဲ့နေရာမှာ ပင်ပင်ပန်းပန်းပြေးလွှားရမယ် ကာယအားကစားပုံစံမျိုးကို ဆိုလိုတာမဟုတ်ဘူးနော်။
ဒါလေးတွေတော့ ညှိတတ်ပါစေ။ မညှိတတ်ရင်လည်း ဉာဏ်ပူဇော်ခလေးဘာလေးနဲ့ ကျကျနနလာမေးပေါ့ဗျာ။ အချိုအချောင်ရမလားတော့ မလုပ်နဲ့ဗျ။ အချောင်သမားစိတ်ဓာတ်ကို ကျနော် အမုန်းဆုံးပဲ။ ကျနော်လည်း ဒီပညာတွေကို အချောင်ရခဲ့တာမဟုတ်ဘူး။ ဘ၀တဝက်လောက်ကို ပြင်းပြင်းထန်ထန်လေ့လာသင်ယူပြီးမှ ပြန်ပြောနိုင်တာမျိုး။
ဒါကြောင့် တန်ရာတန်ဖိုးလေးနဲ့တော့ လုပ်စမ်းပါ။ မတတ်နိုင်ဘူး။ မမေးဘူးဆိုလည်း ကျနော်စိတ်မဆိုးဘူး။ ကျနော့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို လာဖြုန်းရင်တော့ တကယ်စိတ်ဆိုးမှာ သေချာတယ်။ အဲဒါကတော့ မရဘူးဗျို့။
ကဲ ... ဒီလောက်ဆိုရင်တော့ နားလည်လောက်ပြီထင်ပါတယ်။ စမ်းတဝါးဝါးဖြစ်နေမယ့်အစား လက်တွေ့တွက်ချက်ပြီး လက်တွေ့ အသုံးချကြည့်ပါဗျာ။ ဒီအတိုင်း စာဖတ်ပြီး မယုံစမ်းပါနဲ့ဦး။ တကယ်လုပ်ပြီး ဖြစ်လာမှ၊ အောင်မြင်လာမှသာ ကျေးဇူးတင်စမ်းပါ။ ပြောသာပြောရတယ်။ အဲဒီ ကျေးဇူးဆိုတဲ့ အရာတွေသာ ငွေတွေဖြစ်နေမယ်ဆိုရင် ကျနော်ဟာ အီလွန်မက်ထက် ပိုပြီးချမ်းသာနေပြီဗျ။
လက်တွေ့တွက်ချက်နိုင်ဖို့ ဗေဒင်စွယ်စုံ Program ကို သွားပါ။ အထွေထွေကနေတဆင့် မာယာပြက္ခဒိန်ကဏ္ဍမှာဝင်တွက်ပါ။ နားမလည်တာရှိရင်မေးပါ။ ဒါပါပဲ ...
0 Comments
Post a Comment