ကျနော်တို့ အလုပ်လုပ်ကြတယ်။ အလုပ်လုပ်တော့ လုပ်တဲ့အလုပ်ပေါ်မူတည်ပြီး လုပ်အားခတွေရလာကြတယ်။ အဲ့ဒီရလာတဲ့လုပ်အားခလေးကိုအမှီပြုပြီး စားဝတ်နေရေးတွေကိုအဆင်ပြေအောင်ဖန်တီးနေကြရတယ်။
ဒီနေရာမှာ အလုပ်လုပ်နေရင်းပဲ ရတဲ့လုပ်အားခတွေက မိသားစုအတွက် မလောက်မငှတွေဖြစ်လာလို့ ငွေကိုသူများဆီကနေ ဟိုလှည့်ဒီလှည့်လုပ်ကြရပြီး အခက်အခဲတွေကို ကြုံသလိုဖြေရှင်းနေရသူတွေလည်းရှိတယ်။
လုပ်အားခထိုက်ထိုက်တန်တန်ရပေမယ့် စားအိုးကြီးတဲ့မိသားစုကြောင့် တလ တလအလျင်မှီအောင်ကြိုးစားရုန်းကန်နေရသူတွေလည်းရှိတယ်။
လက်တဆုပ်စာလူတန်းစားလောက်ပဲ နည်းနည်းပြေလည်သလိုလိုရှိနေတတ်ကြတယ်။ ဒီလိုပြေလည်နေပြန်တော့လည်း ကျန်းမာရေးမကောင်းလို့ အလဟဿငွေကုန်ကြေးကြများနေရသူတွေ၊ တရားတဘောင်ဖြစ်လို့ ငွေကုန်ရသူတွေ၊ အိမ်ထောင်ရေးအဆင်မပြေလို့ ငွေပုံပေါ်ထိုင်နေရလည်း စိတ်မချမ်းမြေ့ရသူတွေကလည်း ဒုနဲ့ဒေးပါပဲ...
ဒီအထဲမှာ အခုစာဖတ်နေတဲ့ခင်ဗျားဟာ ဘယ်အမျိုးအစားထဲပါနေမယ်တော့ ကျနော်လည်းမသိဘူး။ ခင်ဗျားကိုယ်တိုင် ဗေဒင်လာတွက်ထားရင်တော့ ခင်ဗျားရဲ့အခက်အခဲကိုရှင်းရှင်းလင်းလင်းသိမြင်ပြီး ကူညီနိုင်ကောင်းပါရဲ့။ ဒါပေမယ့် ခင်ဗျားဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတော့ မသိတော့ ဒီမှာနည်းလမ်းတစ်ခုပြောပြခဲ့မယ်ဗျာ... ခင်ဗျားနဲ့တိုက်ဆိုင်ရင်လည်း အသုံးပြုပေါ့... မတိုက်ဆိုင်လို့ ခင်ဗျားကနေတဆင့် တခြားသူတွေကို ဝေမျှချင်လည်းဝေမျှပေါ့... ဒါတွေက ခင်ဗျားရဲ့ကိုယ်ပိုင်အရေးပါပဲ...
ကျနော်ပြောချင်တာက ဘဝမှာ အားငယ်မယ်ဆိုရင် ကြံဖန်ပြီးအားငယ်စရာတွေက အများသားဗျ။ ခင်ဗျားက ငွေမရှိလို့စိတ်ဆင်းရဲနေတယ်လို့ပြောချင်ပြောလိမ့်မယ်။ ဒါပေမယ့် ခင်ဗျားထက် ဆင်းရဲငတ်ပြတ်နေသူတွေ တပုံကြီးရှိမေတာကိုတော့ မမေ့စေချင်ပါဘူး။ ခင်ဗျားက သူတပါးရဲ့ကြီးကျယ်ခမ်းနားမှုတွေ၊ ချမ်းသာမှုတွေကိုအားကျပြီး လိုချင်တောင့်တစိတ်ဖြစ်ပြီး အားငယ်ချင်အားငယ်နေလိမ့်မယ်။ ဒါပေမယ့် သူတို့ဟာ ဂုဏ်တွေ၊ ငွေတွေသာချမ်းသာပြီး စိတ်ဆင်းရဲစရာတွေရှိနေနိုင်တာကိုတော့ မမေ့သင့်ဘူး။ ဒီနေရာမှာခင်ဗျားက ဦးနှောက်ဥာဏ်နဲတဲ့အတွေးနဲ့ ပိုက်ဆံချမ်းသာနေမှတော့ စိတ်ဆင်းရဲရဦးမှာလားဗျာ... ငွေရှိရင်စိတ်ချမ်းသာအောင် ငွေနဲ့ပဲပြောင်းလဲပစ်လိုက်လို့မရနိုင်ဘူးလားလို့ ပြောချင်ပြောလိမ့်မယ်။ ဒီစကားက မမှန်ပါဘူး။ ခင်ဗျားထင်နေသလို ငွေရှိရုံနဲ့ပြောင်းလဲပစ်လို့မရနိုင်တာတွေလောကမှာအများကြီးပါ။
✅ ခင်ဗျားမှာ ငွေမရှိလို့...
✅ ခင်ဗျားမှာ အားကိုးမရှိလို့...
✅ ခင်ဗျားမှာ အလုပ်မရှိလို့...
✅ ခင်ဗျားကို ဖေးမပေမယ့်သူမရှိလို့ အားငယ်မနေစမ်းပါနဲ့...
ခင်ဗျားမှာ ခင်ဗျားကိုယ်တိုင်အားကိုးရမယ့် စိတ်ရှိပါတယ်။ အဲ့ဒီစိတ်ရဲ့စွမ်းပကားတွေအကြောင်း တဝကြီးပြောပြချင်စမ်းပါဘိ... ဒါပေမယ့် ကျနော်လေရှည်နေရင် ကျနော်ပေးချင်တာက နောက်ကျပေတော့မယ်။ ဒီတော့ အလွယ်ဆုံးမှတ်ထားလိုက်ဗျာ.... ခင်ဗျားကိုယ်ခင်ဗျား ကူညီရလိမ့်မယ်။ ကျနော်က ခင်ဗျားကို ဘာမှမကူညီနိုင်ဘူးနော်... ဒီလိုပဲ ခင်ဗျားရဲ့ဆွေမျိုးမိဘတွေကလည်း ကူညီချင်မှကူညီနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ခင်ဗျားကိုယ်ခင်ဗျား ကူညီနိုင်တာကတော့ 100% အသေအချာပါပဲ... ခင်ဗျားကိုယ်ခင်ဗျား ကူညီဖို့ကနည်းလမ်းမျိုးစုံရှိပါတယ်။ ကျနော်က ခင်ဗျားကိုနည်းလမ်းပေးချင်တာကြောင့် ဗေဒင်ပညာရှင်တစ်ယောက်အနေနဲ့ပဲ နည်းလမ်းတစ်ခုပြောပြပေးပါမယ်။ အဲ့ဒါကတော့ မင်္ဂလာဓာတ်ပျက်နေတာကို မင်္ဂလာဓာတ်ဆက်တဲ့နည်းပါ။ ဟာဗျာ... စကားတွေဆန်းလှချည်လား... အဲ့ဒီနည်းမျိုးတကယ်ရှိလို့လား? တကယ်ပဲလိုက်နာရင်တော့ ကျနော့်ကိုယ်ကျနော် ကူညီနိုင်မှာသေချာပြီလား? လို့တော့ မပြောပါနဲ့မိတ်ဆွေ... စကားဆန်းတယ်ဆိုတာ သုတဆန်းကပြောနေလို့ပါ... တကယ်က ဆန်းကျမ်းဗေဒင်ပညာမှာ ဒီနည်းလမ်းကရှိပြီးသားပါ။ ပမာပြရရင် အဘဆရာကြီးမင်းသိင်္ခပြောခဲ့ဖူးတာ ကြားဖူးမှာပေါ့။ မကြားဖူးလည်း ခုပြောပြမယ်ဗျာ... လာဘ်ဦးလာဘ်ဖျားရတဲ့ငွေနဲ့ ပူလောင်တဲ့ပစ္စည်း၊ ယုတ်နိမ့်တဲ့ပစ္စည်းကို အရင်မဝယ်သင့်ဘူးတဲ့... အဲ့ဒါမင်္ဂလာဓာတ်ကို ပျက်စေလို့ပါ။ ဥပမာဗျာ... ခင်ဗျားက ဒီနေ့လခထုတ်တယ်။ ဒါမှမဟုတ် ဒီနေ့ စျေးရောင်းလို့ ငွေတွေရလာတယ်ဆိုပါစို့... အဲ့ဒီငွေနဲ့ အိမ်မှာ မီးသွေးမရှိလို့ ပြေးဝယ်လိုက်ရတယ်။ အိမ်သာသုံး တစ်ရှူးမရှိလို့ဝယ်လိုက်ရတယ်ဆိုရင် ခင်ဗျားရတဲ့ငွေက မင်္ဂလာပျက်သွားပါပြီ။ ငွေကို ခင်ဗျားဘယ်လိုပဲကြိုးစားရှာစမ်းပါစေ... ခင်ဗျားကိုအဲ့ဒီငွေဆိုတဲ့အရာက အကျိုးမပြုတော့ပါဘူး။ သူအကျိုးမပြုတော့ဘူးဆိုရင် ခင်ဗျားဟာ ငွေမဝင်တာတို့၊ ငွေမမြဲတာတို့၊ ငွေဆုံးရှုံးတာတို့၊ ကြွေးတင်ကုန်တာတို့၊ ငွေရှာဖွေရခက်တာတို့ တခုမဟုတ်တခု ကြုံရလိမ့်မယ်ဗျ၊ မယုံမရှိလေနဲ့... ဒီလိုအခြေအနေမျိုးမဖြစ်အောင် အဘက မင်္ဂလာဓာတ်ဆက်နည်းကိုပြောပြခဲ့ပြီးသားဗျ။ ရလာတဲ့လာဘ်ဦးလာဘ်ဖြားထဲက အနည်းငယ်ကို ကုသိုလ်ကောင်းမှုတစ်ခုပြုဖို့အရင်ဖယ်ထားပါ။ ပြီးမှ ကျန်တာတွေကိုဝယ်ပါတဲ့လေ...
ခုလည်း ကျနော်ပြောချင်တာက အဲ့ဒီနည်းဆန်ဆန်ပါပဲ... မင်္ဂလာကိုဆက်ပေးမှ မင်္ဂလာဓာတ်ဟာ အဆက်မပြတ်ကိုယ့်ဆီမှာတည်ရှိနေပါလိမ့်မယ်။ အဲ့ဒီလိုမင်္ဂလာဓာတ်တွေများလာအောင်လုပ်တာဟာ ခင်ဗျားကိုယ်ခင်ဗျားကူညီလိုက်တာပါပဲ... မင်္ဂလာဓာတ်များနေမှတော့ ခင်ဗျားဟာ မင်္ဂလာကျက်သရေနဲ့ပြည့်စုံတဲ့လူတယောက်ဖြစ်ပြီပေါ့ဗျာ။ ဒီတော့ ခင်ဗျားဘာပဲလုပ်လုပ် အဆင်ပြေလာလိမ့်မယ်။ ကူညီချင်တဲ့သူတွေလည်းများလာလိမ့်မယ်။ စိတ်ချမ်းသာစရာတွေလည်း ဝင်လာလိမ့်မယ်။ ခုကျနော်ပြောနေတာတွေကို ဟုတ်မှဟုတ်ပါ့မလားလို့တော့ သံသယမဝင်နဲ့ဗျ။ ခင်ဗျားရဲ့အကျိုးစီးပွားအတွက်ပြောပြနေတာ... ကျနော့်အတွက် ဘာအကျိုးမှမရှိဘူး။ ဖုန်းကနေ ခုလိုအပင်ပန်းခံပြီး နားလည်အောင်ရှင်းပြနေတာလေးကိုထောက်ရင် ခင်ဗျားရဲ့သံသယကင်းသင့်ပါပြီ။ ဒီလိုရေးပြနေတာကို ကျေးဇူးမတင်ပဲနေလို့ရပါတယ်ဗျ။ ဒါပေမယ့် စော်တော့ မစော်ကားမိစေနဲ့ဦး... ခင်ဗျားဘဝပဲ ပိုပြီးနစ်မွန်းသွားလိမ့်မယ်။ ဒါကြောင့် ခင်ဗျားဟာ မင်္ဂလာလူသားတစ်ယောက်ဖြစ်စေဖို့...
✅ ဘာသာရေးအနေနဲ့ မိမိဘာသာအရ ကောင်းစွာအားထုတ်ကျင့်ကြံပါ။
ဗုဒ္ဓဘာသာဝင်တွေကတော့ မင်္ဂလသုတ်တွေဘာတွေရွတ်ရင် ပိုကောင်းတာပေါ့။
✅ ဂမ္ဘီရပညာအနေနဲ့ မနက်မိုးလင်းတိုင်း ကြည့်မှန်တချပ်ရှေ့ကို ရောက်အောင်သွားဗျ၊ ပြီးရင် ကိုယ့်ရုပ်ကိုယ်ကြည့်။ အံမယ်... ငါခန့်လှချောလှချည်လား... ကြည့်ဖို့မဟုတ်ဘူးနော်... မှန်တဲ့ကမြင်နေရတဲ့ လူဟာ မင်္ဂလာရှိတဲ့လူတယောက်အဖြစ် ရှုမြင်တတ်စေဖို့... ပြီးတော့ မှန်ပေါ်မှာ လက်ညှိုးနဲ့ ထဆင့်ထူးကို ရေးရမယ်ဗျ။ တခုခုဆို ခင်ဗျားတို့က စပ်စုချင်တတ်ကြတော့ ထဆင့်ထူးကဘာလို့ရေးရတာလဲ... ဘာအဓိပ္ပါယ်လည်းမေးနေကြဦးမလားပဲ... ဒီလိုမေးချင်တယ်ဆိုရင် ခင်ဗျားကိုခင်ဗျား အရင်မေးကြည့်ဗျာ... ခင်ဗျားဟာ သုတဆန်းရဲ့သင်တန်းသားတစ်ယောက်လား... ဒါမှမဟုတ် သုတဆန်းအပေါ်ကျေးဇူးပြုဖူးသလားလို့ပေါ့... မဟုတ်ရင်တော့ သက်ဆိုင်ရာသင်တန်းလာတက်ဗျာ... ခင်ဗျားသိချင်တာထက်ပိုတဲ့နည်းတွေအကြောင်း သင်ပြပါမယ်။ အခုတော့ လုပ်ဆိုရင်လုပ်လိုက်ပါ။ ခင်ဗျားအကျိုးအတွက်ပြောနေတာပါ။ ဘာဥပါဒ်မှမရှိပါဘူး။ ဒါမှနားမလည်လို့မလုပ်ချင်ဘူးဆိုရင်လည်း ခင်ဗျားသဘောပါပဲ။ အဲ့ဒီလို ထဆင့်ထူးရေးပြီးရင်တော့ မှန်ရှေ့က လှည့်ထွက်ခဲ့တော့ဗျို့... ဒီနေရာမှာ ကပ်သီးကပ်သပ်မေးမှာစိုးလို့ တခါထဲပြောခဲ့ပါမယ်။ မှန်ရှေ့ကိုသွားတဲ့အခါ မျက်နှာသစ်၊ သွားတိုက် ပြီးမှသွားပါ။ ဆံပင်စုတ်ဖွားနဲ့ အလှမပြင်ရသေးလည်း အရေးမကြီးပါဘူး။ မှန်ရှေ့ရောက်လို့ ဆံပင်ဖြီးတာမျိုး၊ အလှပြင်တာမျိုးလုပ်စရာရှိရင်အရင်လုပ်ပါ။ အဓိကမှတ်ရမှာက ထတင့်ထူးရေးပြီးရင် မှန်ကိုထက်မကြည့်မိဖို့ပါပဲ။ ထဆင့်ထူးမရေးတတ်ရင်တော့ သူငယ်တန်းကလေးကိုမေးကြည့်နိုင်ပါတယ်။
✅ စိတ်သဘောအနေနဲ့ မင်္ဂလာရှိတဲ့စိတ်ကိုမွေးပါ။ အကုသိုလ်စိတ်ကိုတတ်နိုင်သမျှနည်းအောင်လုပ်ပါ။ နောက်ဆုံးခင်ဗျားက ဘဝပေးကံအရ ကြက်ငှက်ကို သ*တ်နေရင်တောင် ငါလုပ်ချင်လို့မဟုတ် အများသူငှာအတွက် ငါ့ဘဝ၊ ငါ့မိသားစုအကျိုးငှာပြုလုပ်နေရတယ်လို့တွေးပါ။ ငရဲသွားရတာက ငရဲရောက်မယ်ဆိုတဲ့စိတ်ကြောင့်ပါ။ ကုသိုလ်ဘယ်လောက်များများ ခန္ဓာဆုံးကာနီးစိတ်ကလေးမှာ အကုသိုလ်စိတ်ကလေးတချက်ဖြစ်တာနဲ့ကို ဘုံဘဝပြောင်းသွားတတ်ပါတယ်။ ဒါကြောင့် မဖြစ်မနေအကုသိုလ်လုပ်နေရရင်တောင် ကုသိုလ်ဘက်ရောက်အောင်စိတ်ကိုပြုပြင်ပါ။ တစ်ခုရှိတာက ခင်ဗျားကိုယ်တိုင် ပျော်လို့၊ လုပ်ချင်လွန်းလို့လုပ်နေတာပါဆိုရင်တော့ ခင်ဗျားဟာ ကုသိုလ်မဖြစ်ပဲ အကုသိုလ်ဓာတ်တွေသာ ဆင့်ကဲပြန့်ပွားလာပါလိမ့်မယ်။ အကုသိုလ်အလုပ်လို့ ခံယူထားရင်တော့ ဝေးဝေးကသာ ရှောင်နိုင်အောင်ပဲကြိုးစားပေါ့ဗျာ...
ဒီသုံးချက်ဟာ ခင်ဗျားဘဝကို ကောင်းစွာကူညီပါလိမ့်မယ်။ ကျနော်က လမ်းညွှန်ပြသူပါ။ ညွှန်ပြတဲ့လမ်း လျှောက်ခြင်း၊ မလျှောက်ခြင်းဟာ ခင်ဗျားတို့အလုပ်ပါ။ နစ်မွန်းနေတဲ့ အခြေအနေကနေ ရုန်းထွက်ချင်ရင် ကျနော်ပြောတာလိုက်နာပါ။ အားလုံးပဲ... မင်္ဂလာရှိကြပါစေဗျာ...
0 Comments
Post a Comment