အိမ်ထောင်ဖက်တစ်ယောက်ရဲ့ သစ္စာတရားကို လှုပ်ခတ်သွားစေတာဟာ စိတ်ခံစားချက်သက်သက်ကြောင့် မဟုတ်ဘဲ... မိတ်ဆွေတို့ အိပ်စက်တဲ့အခန်းရဲ့ စွမ်းအင်စီးဆင်းမှု ကမောက်ကမဖြစ်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

လူအများစုဟာ အိမ်ထောင်ရေး အဆင်မပြေဖြစ်လာရင်၊ ဒါမှမဟုတ် သစ္စာဖောက်ဖျက်ခံရမှာကို စိုးရိမ်လာရင် မေတ္တာညှို့ဓာတ်ယတြာတွေ၊ အဆောင်ပစ္စည်းတွေနဲ့ အတင်းအကျပ် ထိန်းချုပ်ဖို့ ကြိုးစားတတ်ကြပါတယ်။ ဒါပေမယ့် စစ်မှန်တဲ့ အရှေ့တိုင်း Feng Shui ပညာရပ်မှာတော့ အိမ်ထောင်ရေးဆိုတာ အဆောင်တွေနဲ့ ချည်နှောင်ရတာ မဟုတ်ပါဘူး။ မိတ်ဆွေတို့ နေ့စဉ် ရှင်သန်နေထိုင်တဲ့ ပတ်ဝန်းကျင်က မသိစိတ် (Subconscious Mind) အပေါ် လွှမ်းမိုးနေတဲ့ ချီ (Qi) စွမ်းအင်ကို မှန်ကန်စွာ ချိန်ညှိပေးရတာမျိုး ဖြစ်ပါတယ်။ အိမ်ထောင်ရေး တည်ငြိမ်ပြီးအိမ်ထောင်ဘက်က ကိုယ့်အပေါ် အမြဲတမ်း စိတ်ရောကိုယ်ပါ သစ္စာရှိစေဖို့ နေရာထိုင်ခင်း စွမ်းအင်နယ်ပယ်ကို အောက်ပါအချက်တွေနဲ့ ပြန်လည်ဆန်းစစ်နိုင်ပါတယ်။


အိပ်ခန်းထဲက ရေ နဲ့ မှန်

အိပ်ရာကို တိုက်ရိုက်ထင်ဟပ်နေတဲ့ မှန်ကြီးတွေ၊ ရေလှောင်ကန်တွေ၊ ဒါမှမဟုတ် ရေစီးနေတဲ့ အလှဆင်ပစ္စည်းတွေဟာ အိပ်ခန်းထဲမှာ အဆင်မပြေပါဘူး။ မှန်ရဲ့ ရောင်ပြန်ဟပ်နိုင်စွမ်းနဲ့ ရေဓာတ် (Water Element) ရဲ့ အမြဲလှုပ်ရှားနေတဲ့ သဘာဝကြောင့် စွမ်းအင်ကို မငြိမ်မသက် ဖြစ်စေပြီး အိမ်ထောင်ဖက်နှစ်ဦးအကြားမှာ "တတိယလူ"၊ ဒါမှမဟုတ် ပြင်ပစိတ်ဝင်စားမှုကို မသိစိတ်ကနေ ဆွဲဆောင်စေတဲ့ သဘောရှိပါတယ်။ အိပ်ရာကို မျက်နှာမူနေတဲ့ မှန်ရှိနေရင် အဝတ်နဲ့ အုပ်ထားတာမျိုး၊ နေရာရွှေ့ပေးလိုက်တာမျိုးတွေ ပြုလုပ်သင့်ပါတယ်။


အိမ်ထောင်ရေးထောင့်ကို မြေဓာတ်နဲ့ကာ

Feng Shui ရဲ့ Bagua မြေပုံအရ အနောက်တောင်အရပ်ဟာ အိမ်ထောင်ရေး၊ အချစ်ရေးနဲ့ မိသားစုရဲ့ တည်ငြိမ်မှုကို ကိုယ်စားပြုတဲ့ မြေဓာတ် (Earth Element) အရပ်ဖြစ်ပါတယ်။ အဲ့ဒီအရပ်ထောင့်မှာ မီးဖိုခန်း၊ အမှိုက်ပုံး၊ ဒါမှမဟုတ် ပစ္စည်းအဟောင်းတွေ စုပုံမနေသင့်ပါဘူး။ ဒီထောင့်မှာ Rose Quartz ဖြစ်စေ၊ အဝါရောင် ကျောက်တစ်မျိုးမျိုးဖြစ်စေ၊ မြေထည်ပစ္စည်းတစ်ခုခုဖြစ်စေ၊ နွေးထွေးတဲ့ မီးရောင်ဖျော့ဖျော့ဖြစ်စေ ထားပေးခြင်းက အိမ်ထောင်ရေးရဲ့ အခြေခံအုတ်မြစ်ကို ခိုင်ခံ့စေပါတယ်။


အိပ်ရာရဲ့ ဟန်ချက်

အိပ်ရာရဲ့ တစ်ဖက်ခြမ်းက နံရံနဲ့ ကပ်နေပြီး နောက်တစ်ဖက်က လွတ်နေတာမျိုးဟာ မသိစိတ်ထဲမှာ မညီမျှမှုကို ဖြစ်စေပါတယ်။ အိပ်ရာခေါင်းရင်းဟာ ခိုင်မာတဲ့ နံရံဖြစ်ရပါမယ်။ ဘယ်ဘက်နဲ့ ညာဘက် နှစ်ဖက်စလုံးမှာ နေရာလွတ်ညီတူရှိပြီး စားပွဲငယ်လေးတွေ စုံတွဲလိုက် ရှိနေတာက ဇနီးမောင်နှံနှစ်ဦးကြား တန်းတူညီမျှလေးစားမှုနဲ့ အပြန်အလှန် သစ္စာရှိမှုကို ဖြစ်ထွန်းစေပါတယ်။


ပန်းအိုးအလွတ် နဲ့ သစ်ပင်ခြောက်

အိပ်ခန်းထဲမှာ ရေမပါတဲ့ ပန်းအိုးအလွတ်တွေ ၊ ခြောက်သွေ့နေတဲ့ အလှဆင်အပင်တွေ ထားရှိခြင်းဟာ "လစ်ဟာမှု" နဲ့ "အထီးကျန်မှု" စွမ်းအင်ကို ထုတ်လွှတ်ပါတယ်။ ဒါဟာ အိမ်ထောင်ဖက်တစ်ဦးဦးကို ပြင်ပမှာ စိတ်ကျေနပ်မှုတွေ ရှာဖွေချင်လာအောင် တွန်းပို့တတ်ပါတယ်။


စိတ်ပညာအရ လူတစ်ယောက်ရဲ့ အတွင်းစိတ်ခံစားချက်ဟာ ကိုယ်တိုင် အချိန်အများဆုံး အနားယူတတ်တဲ့ အိပ်ခန်းပတ်ဝန်းကျင်ရဲ့ စွမ်းအင်အတိုင်း ပုံသွင်းခံရလေ့ ရှိပါတယ်။ အိပ်ခန်းက မညီမညာဖြစ်ပြီး ဖရိုဖရဲ စွမ်းအင်တွေ ပြည့်နှက်နေရင် အိမ်ထောင်ရေး ၊ ဆက်ဆံရေးမှာလည်း မလုံခြုံမှု၊ သံသယနဲ့ လှည့်စားမှုတွေ အလွယ်တကူ ဝင်ရောက်လာနိုင်ပါတယ်။


မိတ်ဆွေတို့ရဲ့ အိမ်ထောင်ရေးကို ပြင်ပကနေ အတင်းအကျပ် ထိန်းချုပ်ဖို့ ကြိုးစားနေမယ့်အစား... အိမ်ထောင်ဘက် အိမ်ပြန်ရောက်တာနဲ့ လုံခြုံအေးချမ်းမှုကို အလိုလို ခံစားရစေမယ့် စွမ်းအင်ဝန်းကျင်တစ်ခုကို အရင် ဖန်တီးပေးထားပြီးပြီလား?